ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းမှု လွှတ်တော်တွင် အခြေအတင်ဆွေးနွေး

1.2K
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီးဌာန ၈ ခုနဲ့ ဝန်ကြီး ၈ ဦးထားရှိဖို့ကိစ္စ ဒီကနေ့ ကျင်းပတဲ့ ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
ဒီတင်ပြချက်နဲ့ပတ်သက်ပြီး လောက်ကိုင်အမတ် ဦးအောင်သန်းထွဋ် နဲ့ အရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစပ်အောင်မြတ်က ကန့်ကွက်ခဲ့ကြတဲ့အတွက် အခြေအတင်ဖြစ်ပွားခဲ့တယ်လို့ ကလောမဲဆန္ဒနယ်အမှတ် ၁ ဦးစိုးညွန့်လွင် (ခ) စိုးကြီးက ပြောပါတယ်။
“လောက်ကိုင်ယူအက်စ်ဒီပီပါတီက ဦးအောင်သန်းထွဋ်က ထပြီးတော့ကန့်ကွက်တယ်။ ဒီမိုကရေစီနည်းမဆန်ဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောတာပေါ့ဗျာ။ စောစောစီးစီးမသိရဘူး၊ ကန့်ကွက်ချိန်က အင်မတန်နည်းတယ်ပေါ့။ နောက်ပြီး အရင် ၀န်ကြီးချုပ်ဟောင်း ဦးစပ်အောင်မြတ်ကလည်း ထကန့်ကွက်တယ်။ ထကန့်ကွက်တဲ့အခါမှာ ရုံးရင်ဆန်ခတ် ဖြစ်ကုန်တာပေါ့ဗျာ။ သူ့တို့ကကန့်ကွက်ချိန်ကို ၃ ရက်လောက်တောင်းတယ်။ လွှတ်တော်ဥက္ကဋ္ဌက မပေးနိုင်ဘူး။ သူတို့က ထပ်ခါတလဲလဲ ပြောနေတော့ ကျနော်ထပြောလိုက်တယ် ကျနော်တို့ သွားနေတဲ့ လက်ရှိအစီအစဉ်က န၀မ အကြိမ်လည်းရောက်နေပြီ ဒီတိုင်းပဲသွားခဲ့တယ်။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရဖြစ်တယ်။ ၂၀၁၀ ကြံ့ခိုင်ရေးပါတီအစိုးရဖွဲ့တုန်းကလည်း ၀န်ကြီးနာမည်သာတင်သွင်းခဲ့တယ်။ ဆိုတော့ ကျနော်တို့အားလုံးက ၂၀၀၈ ဖွဲ့စည်းပုံအရ ကျနော်တို့က ကျမ်းကျိန်ထားတဲ့အတွက် ပြတ်ပြတ်သားသားဆုံးဖြတ်ပေးပါလို့ ကျနော်က တောင်းဆိုတယ်။ အဲတော့ အစည်းအဝေးက အစီအစဉ် မပြီးဆုံးခင် တစိတ်တပိုင်းနဲ့ အစည်း အဝေးရပ်နားပြီးတော့ မနက်ဖြန် ၁၀ နာရီ အစည်းအဝေး ပြန်စမယ်။”
ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းတဲ့ ပြည်နယ်ဝန်ကြီး ၈ ဦးကတော့ ဦးစိုးညွန့်လွင် (ခ) ဦးစိုးကြီး၊ ဦးစိုင်းစွံဆိုင်း၊ ဦးဆွေသိန်း။ ဦးခင်မောင်တင့်၊ ဒေါက်တာ ညီညီအောင်၊ ဦးခွန်ရဲထွေး၊ ဦးအောင်ကျော်နိုင် နဲ့ နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးအောင် တို့ဖြစ်ပါတယ်။
ဒီ ၈ ဦးထဲမှာ အန်အယ်ဒီပါတီက ၅ ယောက်၊ ကြံ့ခိုင်ရေးပါတီက ၁ ယောက်၊ အပြင်က ၁ ယောက်နဲ့ တပ်မတော်က ၁ ယောက်ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ၀န်ကြီးချုပ်အိမ်မအပ်သေးသလို ဌာနဆိုင်ရာက စာရွက်စာတန်းတွေနဲ့ ရုံးခန်းလွှဲပေးတာ မရှိသေးဘူးလို့လည်း ဦးစိုးညွန့်လွင်က ပြောပါတယ်။