မြန်မာသင်္ဘောသားများကို လက်နက်ကိုင်ပြန်ပေးဆွဲသူများက ပြန်လွှတ်ပေး
DVB
·
April 4, 2016

လက်နက်ကိုင်ပြန်ပေးသမားတွေက မြန်မာနဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေကို ပြန်လွှတ်လိုက်ပြီး မလေးရှား ၄ ဦးကို ဆက်လက်ပြန်ပေးဆွဲထားတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှား BERNAMA သတင်းမှာဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံကနေ မလေးရှားကို ပြန်မောင်းနှင်လာတဲ့ ဆွဲသင်္ဘောတစီးကို ပြီးခဲ့တဲ့ သောကြာနေ့ ညနေ ၆ နာရီကျော်လောက်က လီဂီတန်ကျွန်းအနီးပင်လယ်ပြင်မှာ ၈ ဦးပါ လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားတာလို့ မလေးရှား ဆာဘားပြည်နယ် ရဲမင်းကြီး ရာရှစ်ဟာရမ်က သတင်းမှာ ပြောပါတယ်။
သင်္ဘောပေါ်မှာ သင်္ဘောသား ၉ ဦး လိုက်ပါသွားရမှာ အင်ဒိုနီးရှားနဲ့ မြန်မာသင်္ဘောသား ၅ ဦးကိုတော့ ပြန်ပေးသမားတွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား အရေအတွက်ဘယ်လောက် ပါဝင်တယ်ဆိုတာကိုတော့ သတင်းမှာ အတိအကျ ဖော်ပြခြင်းမရှိပါဘူး။
ပြန်လွတ်မလာသေးတဲ့ မလေးရှားနိုင်ငံသား ၄ ဦးကတော့ ဆာရာဝတ်ပြည်နယ်က အသက် ၃၀ ကျော်နဲ့ အသက် ၂၀ ကျော် အမျိုးသားတွေဖြစ်ပါတယ်။
သင်္ဘောသားတွေကို အမြန်စက်လှေတစ်စင်းနဲ့ လာရောက်ဖမ်းဆီးပြန်ပေးဆွဲတဲ့ လက်နက်ကိုင် တွေဟာ ဘယ်အဖွဲ့ကလည်းဆိုတာ မသိရသေးပေမယ့် ဖိလစ်ပိုင်နိုင်ငံက အစ္စလာမ္မစ် လက်နက်ကိုင် အဗူဆာယက်ဖ်အဖွဲ့ လှုပ်ရှားနေတဲ့ ဆာဘားပြည်နယ် အရှေ့ဘက် ကမ်းရိုးတမ်း ရေပိုင်နက်ထဲမှာ အခင်းဖြစ်ပွားခဲ့တာပါ။
ပြန်ပေးဆွဲခံရတဲ့ သင်္ဘောကတော့ မလေးရှားမှာ မှတ်ပုံတင်ထားတဲ့ MV MASSIVE 6 သင်္ဘော ဖြစ်ပါတယ်။
မလေးရှား နိုင်ငံခြားရေးဌာနကတော့ ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်ရေးအတွက် ဖိလစ်ပိုင် အာဏာပိုင်တွေနဲ့ အနီးကပ်ပူးတွဲဆောင်ရွက်နေတဲ့အကြောင်းနဲ့ ဒီလို အသိမဲ့ရိုင်းစိုင်းတဲ့ အပြုအမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။