Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန ၂ ခုသာ တာဝန်ယူတော့မည်
DVB
·
April 4, 2016
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိတာဝန်ယူထားတဲ့ ဝန်ကြီးဌာန လေးခုထဲက  နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီးဌာန ၂ ခုကိုသာ ဆက်လက်တာဝန်ယူတော့မှာဖြစ်ပြီး  ပညာရေးနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတွေကို လုပ်ငန်းအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကို လွှဲပေးဖို့ ရှိတယ်လို့ ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ “ဦးဖေဇင်ထွန်းဆိုတာ လက်ရှိ စွမ်းအင်မှာ အမြဲတမ်းအတွင်းဝန်လုပ်နေတဲ့ပုဂ္ဂိုလ်၊ သူက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး၊ ပညာရေးဝန်ကြီးကျတော့ ဦးမျိုးသိန်းကြီး၊ သူကတော့ ပညာရေးမှာ ညွှန်ချုပ်အထိ လုပ်ခဲ့ဖူးတယ်။” ပြည်ထောင်စုဝန်ကြီးသစ်တွေအဖြစ် တာဝန်ပေးအပ်မယ့်သူတွေဟာ အန်အယ်လ်ဒီ ပါတီဝင်တွေ မဟုတ်တဲ့အကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အစိုးရ မူဝါဒတွေကို ချမှတ်ရာမှာ အရေးကြီးတဲ့နေရာတွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက်ကိုင်တွယ်ထားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူဖို့ လွှတ်တော်က ဥပဒေတရပ်ပြဋ္ဌာန်း အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ခုလို ၀န်ကြီးဌာန ၂ ခုကို လက်လွှတ်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှာ မကြာခင် သွားရောက် မျက်စိခွဲစိတ်ကုသမှု ခံယူဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်းလည်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကပြောပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဆိုပြုတင်ပြတဲ့ ပြည်ထောင်စုဝန်ကြီးသစ်တွေရဲ့ အမည်စာရင်းကို အဆိုတင်သွင်းဖို့ ရှိနေပါတယ်။ ဧပြီလ ၄ ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်မှာ နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ခန့်အပ်တာဝန်ပေးသင့်သူတွေရဲ့ အမည်စာရင်းကို တင်ပြမယ်လို့ အစီအစဉ် လျာထားချက်မှာ ဖော်ပြထားပါတယ်။ ဒီအမည်စာရင်းနဲ့ ပတ်သက်ပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း စာရင်းပေးနိုင်ဖို့ ဖော်ပြထားပါတယ်။ လက်ရှိသမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီးကတော့ ၁၈ ဦးရှိနေတာဖြစ်ပြီး နောက်ထပ်အသစ်တွေ ထပ်မံအတည်ပြု ခန့်အပ်လိုက်ပါက ပြည်ထောင်စုဝန်ကြီး ၂၀ ဦးထိ ရှိလာမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024