Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်ကာချုပ်ပုံတူ ကာယကံရှင်တောင်းဆိုမှုကြောင့် ဖျက်ပေး
DVB
·
April 3, 2016
ပဲခူးရွှေမော်ဓောဘုရား အနောက်ဘက်မုခ်စောင်းတန်း ပန်းချီကား နံပါတ် ၁၆ မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်တို့ ပုံတူကို ကာယကံရှင်ရဲ့ တောင်းဆိုမှုကြောင့် ဖျက်ပေးလိုက်ရပါတယ်။ ကာယကံရှင်က ဖျက်ခိုင်းတယ်ဆိုပြီး ဧပြီ ၁ ရက်နေ့က ပဲခူးတိုင်း ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးကနေ ဘုရားဂေါပကအဖွဲ့ကို လာပြောတဲ့အတွက် ပန်ချီကားမှာပါတဲ့ ပုံတူကို ဖျက်ပေးလိုက်ရတယ်လို့ ရွှေမော်ဓော စေတီတော်မြတ်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကြည်ဝင်းက ပြောပါတယ်။ “ကာယကံရှင်က ပန်ချီကားဆွဲမယ်ဆိုရင်တော့ ကာယကံရှင်ရဲ့ ဆန္ဒ ပါသင့်တယ်ပေါ့။ သူ့ဆန္ဒမပါဘဲနဲ့ ဆွဲထားတဲ့ပန်ချီကားဖြစ်တာကြောင့် ကျနော်တို့က ဖျက်လိုက်တာပါ။” အင်တာနတ်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ရွှေမော်ဓောဘုရားနောက်ဘက်မုခ်စောင်းတန်းက ပန်ချီကားနံပါတ် ၁၆ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်တို့ပုံနဲ့ ဆင်တဲ့ပန်းချီကားကို အခုရက်ပိုင်း လာရောက်ကြည်ရှုသူတွေ များလာပါတယ်။ ရန်ကုန်မြို့ သာကေတမြို့နယ်ကနေ လာရောက်ကြည့်ရှုတဲ့ မချိုမော်ဟန်က “တကယ်များ ဟုတ်ရဲ့လား၊ ကောလာဟလလားဆိုပြီး လာကြည့်တာ ရန်ကုန်ကနေ၊ အခုလိုတွေ့တာ အရမ်းအံ့သြသွားတယ်။ ထင်တောင်မထင်ထားဘူး” လို့ ပြောပါတယ်။ အဲဒီပန်ချီကားနဲ့ ပတ်သက်ပြီး ပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်ချီဆရာ ဦးအောင်နိုင်ဦးက “အမှန်ကတော့ အဲပုံက ချိတ်ထားတာ ၂ လကျော်တောင်ရှိသွားပြီ။ ရေးတဲ့အချိန်က ဒီဇင်ဘာလလယ်ထဲမှာ ရေးတာပေါ့။ အဲဒါရေးတဲ့အချိန်မှာ ရွေးကောက်ပွဲ မကျင်းပမီကာလတုန်းက။ ကာချုပ်နဲ့ ဒေါ်စုတွေ့ထားပြီ။ ဒီစေတီတော်ကြီး စတုတ္ထအကြိမ် ငလျင်ကြောင့် ပြိုကျသွားပြီးတော့ ပြန်တည်တဲ့အခါမှာ ငှက်ပျောဖူးအစိတ်အပိုင်းပေါ်မှာ စေတီလေးတဆူ အမှတ်တရ တည်ထားခဲ့တာကို သမိုင်းကြောင်းအရ ဖော်ပြချင်လို့ ရေးလိုက်တာ။ ရေးတာကတော့ ရှုခင်းသဘောပေါ့။ ရှေ့မှာလည်း သဘာဝကျအောင် ဘုရားဖူးလာတဲ့သူတွေဘာတွေနဲ့ စိတ်ကူးနဲ့ ရေးခဲ့ရတာပေါ့။ တချို့ပုံလေးတွေက တကယ်အပြင်က လှုပ်ရှားနေတဲ့ လူတွေရဲ့ပုံလေးတွေထည့်တယ် ပိုသဘာဝကျအောင်။ အဲလိုအချိန်မှာ တွေ့ဆုံခဲ့တဲ့ သတင်းလေးက ဓာတ်ပုံလေးနဲ့ တက်လာတယ်။ ဒီပန်းချီကားထဲမှာ ထည့်ရမယ့် သဘာဝကျတဲ့ဟာနဲ့ အဲပုံလေးကလည်း အံကိုက်တယ်တစ်အချက်။ နှစ်အချက်က ဒါကလည်း ထူးခြားတဲ့ ဖြစ်ရပ်တခုအနေနဲ့ အမှတ်တရအနေနဲ့ ဂုဏ်ပြုထိုက်တယ်ပေါ့။ သူတို့ကို ဒီလိုပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ရတယ်ဆိုပြီး မှတ်တမ်းလေးသဘောဖြစ်သွားအောင်၊ ကိုယ့်ပန်းချီကားနဲ့လည်း အပ်စပ်နေတယ်ဆိုပြီး အဲပုံလေးကို ကိုယ်ကြည့်ပြီး ရေးလိုက်တာ” လို့ ပြောပါတယ်။ ဒီပန်းချီကားကို ရေးဆွဲခဲ့သူဟာ ဘုရားကြီးနဲ့ ပတ်သက်လို့ ဗုဒ္ဒဘာသာဝင်တွေကို ထိခိုက်နစ်နာစေတဲ့ဆန္ဒနဲ့ ရေးဆွဲခဲ့တာမဟုတ် ပဲခူး ရွှေမော်ဓောစေတီတော်မြတ် ဂေါပကအဖွဲ့ဝင် ဦးအေးချိုက ပြောပါတယ်။ ပဲခူးတိုင်း ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက ဒီပန်ချီကားကို ဖျက်ခိုင်းတဲ့ ကာယကံရှင်က ဘယ်သူဖြစ်တယ်ဆိုတာတော့ မပြောသွားဘူးလို့ ဂေါပကအဖွဲ့က ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်စိုးမိုး(ပဲခူး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024