DVB Logo
Home
မြန်မာသတင်း
နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်များ​ ဘား​အံ​ဒေသခံများ​ထံ ​ငွေ​ကောက်
DVB
·
August 17, 2011
နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်များ​ ဘား​အံ​ဒေသခံများ​ထံ ​ငွေ​ကောက်
Donate to DVB

ကရင်ပြည်နယ် ဘား​အံမြို့​နယ်အတွင်း​ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်​တွေက နယ်​မြေလုံခြုံ​ရေး​နဲ့​ ရဲဘက်​တွေအတွက်ဆိုပြီး​ ​ဒေသခံ​တွေဆီက ​ငွေ​ကြေး​ကောက်ခံ​နေပါတယ်။

နယ်ခြား​စောင့်​တပ်နယ် (၄) လက်​အောက်ခံတပ်ရင်း​တွေက ဘား​အံမြို့​နယ် တ​ကောင်ဘိုး​၊​ ပျဉ်း​မပင်ဆိပ်၊​ မီး​ဇိုင်စတဲ့​ ​ကျေး​ရွာ​တွေဆီက​နေ ​ငွေ​ကောက်ခံ​နေတာဖြစ်ပါတယ်။

ကျေး​နယ်တခုမှာ ​ကျေး​ရွာ​ပေါင်း​ ၁၀ ရွာထက်မနည်း​ရှိပြီး​ ​ကျေး​ရွာအကြီး​အ​သေး​အလိုက် တရွာကို ကျပ်​ငွေ ၅ သိန်း​က​နေ ၁၀ အထိ ပြီး​ခဲ့​တဲ့​လကစပြီး​ ​ကောက်ခံတာလို့​ ​ဒေသခံရွာသား​တဦး​က အခုလို ​ပြောပါတယ်။

“တရွာကို ၅ သိန်း​၊​ ၆ သိန်း​၊​ ၉ သိန်း​တို့​တောင်း​တယ်။ ဒီလိုမျိုး​ကောက်တာကို မ​ပေါက်ကြား​စေနဲ့​ ​ပေါက်ကြား​ရင် သတ်မယ်ဆိုပြီး​လည်း​ပြောတယ်။ ရွာသား​တွေလည်း​ ​ကြောက်ပြီး​ ​ပေး​ကြတာ​ပေါ့​။ တအိမ်ကို ၁ ​သောင်း​လောက် ​ပေး​ရတယ်။ တချို့​ရွာ​တွေလည်း​ ​ကောက်တယ်၊​ တချို့​မှာလည်း​ မ​ကောက်​သေး​ဘူး​ပြောတယ်။”

ငွေ​ကောက်ခံသူ​တွေဟာ နယ်ခြား​စောင့်​တပ်နယ် ၄ လက်​အောက်ခံ တပ်ရင်း​က ဗိုလ်တင်ဝင်း​၊​ ဗိုလ်​မောင်ချစ် နဲ့​ ဗိုလ်​သောမန ဦး​ဆောင်တဲ့​အဖွဲ့​တွေဖြစ်တယ်လို့​ ဆိုပါတယ်။

နယ်ခြား​စောင်တပ်နယ် ၄ ဟာ တပ်နယ်မှူး​ ဗိုလ်မှူး​ကြီး​ ကြာအင်း​ ဦး​ဆောင်တာဖြစ်ပြီး​ တပ်နယ် ၄ တပ်ရင်း​တွေဟာ ကရင်ပြည်နယ် ဘား​အံ နဲ့​ လှိုင်း​ဘွဲ့​ မြို့​နယ်​တွေမှာ အ​ခြေချထား​တဲ့​ တပ်ဖွဲ့​တွေဖြစ်ပါတယ်။

နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်​တွေ ဒီလို​ငွေ​ကြေး​ကောက်ခံတာ​ကြောင့်​ ​ဒေသခံ​တွေဟာ မ​ပြေလည်တဲ့​ကြား​ကပဲ ​ပေး​ဆောင်​နေရတယ်လို့​ အဲဒီ​ဒေသခံက ​ပြောပါတယ်။

“တ​ကော်ဘိုး​ကျေး​နယ်ကရွာ​တွေ ကုန်း​လမ်း​ကြီး​တို့​၊​ လက်ပံတန်း​တို့​၊​ ဆိပ်​ကျောင်း​တို့​ ရွာ​တွေကို တရွာ ၉ သိန်း​တို့​ ၊​ ၅ သိန်း​တို့​ ၆ သိန်း​တို့​ အဲလို​တောင်း​တာ။ ​ပေး​လို့​မနိုင်လည်း​ ​ပေး​နိုင်​အောင်ကြိုး​စား​ရှာ​နေရတယ်။ အဆင်မ​ပြေလည်း​ အ​ကောက်ကမ​ပေး​လို့​လည်း​ မရဘူး​။ ဒီလို​ကောက်တာကို ​ပေါက်ကြား​ရင်လည်း​ သတ်မယ်ဆိုပြီး​ သူတို့​က ခြိမ်း​ခြောက်တယ်။”

နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင်​တွေ အသုံး​စရိတ်အတွက် နိုင်ငံ​တော်က ချ​ပေး​တာရှိ​ပေမယ့်​ အဲဒီအသုံး​စရိတ်​တွေ လုံ​လောက်မှု မရှိတာ​ကြောင့်​ အခုလို ​ငွေ​ကြေး​ကောက်ခံတာဖြစ်တယ်လို့​လည်း​ နယ်ခြား​စောင့်​ တပ်နဲ့​နီး​စပ်သူတဦး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013