ဖုန်းခွန်ကို အကျိုးရှိအောင် အသုံးပြုမည်ဟု ၀န်ကြီးပြော

1.1K
ဖုန်းပြောဆိုမှု အခွန်ကို အကျိုးရှိအောင် သုံးဖို့ အစိုးရက တာဝန်ယူတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဧပြီ ၁ ရက်နေ့က စတင်ကောက်ခံနေတဲ့ ဖုန်းခေါ်ဆိုတာအတွက် ကောက်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်သူတွေအနေနဲ့ ကြည်ကြည်ဖြူဖြူ ပေးစေလိုတယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
၅ ရာခိုင်နှုန်းပဲ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် မများလောက်သလို ဒီအခွန်ကနေ ၁ လကို ကျပ်သန်း ၇ ထောင် လောက်ရနိုင်တယ်လို့ ပြောပါတယ်။
နောက်ဆိုရင် ပိုလာမယ်လို့လည်း ခန့်မှန်းပြီး ဒီငွေတွေအားလုံးကို အကျိုးရှိအောင်သုံးဖို့ အစိုးရက တာဝန်ယူပါတယ်လို့ သူက ပြောပါတယ်။
ခုဆိုရင် ဖုန်းပြောတဲ့အချိန်အလိုက် ကျသင့်တဲ့ နှုန်းထားထဲမှာ အခွန်ကျသင့်ငွေကိုပါ တွက်ချက်ကောက်ခံနေတာပါ။
ဒီလိုအခွန်ကောက်ဖို့အတွက် ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သုံးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။