A d v e r t i s e m e n t With Us

ပြည်ပအလုပ်အကိုင်​အေဂျင်စီ​ကြောင့်​ ကိုရီး​ယား​နိုင်ငံ သွား​အလုပ်လုပ်မည့်​သူများ​ နစ်နာ

အစိုး​ရ ပြည်ပအလုပ်အကိုင်​အေဂျင်စီရဲ့​ လုပ်ကိုင်ပုံမဟုတ်တာ​ကြောင့်​ ကိုရီး​ယား​နိုင်ငံမှာ အလုပ်သွား​လုပ်ဖို့​အတွက် ​အေဂျင်စီက စတင်​ခေါ်ယူကတည်း​က ပါဝင်ခဲ့​တဲ့​ ပထမအသုတ် ကိုရီး​ယား​သွား​ အလုပ်လုပ်ရမယ့်​သူ ၉၂ ဦး​ အခက်​တွေ့​ နစ်နာ​နေကြပါတယ်။ နစ်နာ​နေတဲ့​ထဲပါတဲ့​ ကိုရဲဇာမြင့်​က “ပထမအကြိမ်မှာ လက်ရှိ ကျန်​နေတဲ့​သူ​တွေ သတင်း​အချက်အလက် မပြည့်​စုံဘူး​ဆိုပြီး​ ကိုရီး​ယား​က​နေ ပြန်လာတယ်။ ပြန်လာတာကို သူတို့​က ဘာမှမပို့​ဘဲနဲ့​ ဒုတိယအကြိမ်မှာ ဖြစ်တဲ့​ဟာ​တွေကိုပဲ ဆက်လက်​ဆောင်ရွက်​နေတယ်။ ကျ​နော်တို့​ဟာ​တွေ ပြန်လာရင် အစအဆုံး​ ပြန်လုပ်​ပေး​ရမှာဆို​တော့​ သူတို့​က ဒီတိုင်း​ပဲထား​ပြီး​ အသစ်​တွေပဲ တင်​ပေး​တယ်။ ကိုရီး​ယား​တွေကလည်း​ အ​ဟောင်း​တွေ ပြန်မလာ​တော့​ဘူး​။ သူတို့​မလုပ်​တော့​ဘူး​ဆိုပြီး​ အသစ်​တွေထဲကပဲ ​ရွေး​တော့​ ကျ​နော်တို့​ ကျန်​နေတယ်” လို့​ ​ပြောပါတယ်။ အစိုး​ရ ပြည်ပအလုပ်အကိုင်​အေဂျင်စီက ကိုရီး​ယား​အလုပ်သမား​ကိစ္စ တာဝန်ယူ​ဆောင်ရွက်ခဲ့​တဲ့​နောက် ကိုရီး​ယား​မှာ အလုပ်လုပ်ဖို့​ မှတ်ပုံတင်ထား​ပြီး​သူ ၁၇၀၀ ​ကျော် ရှိပါတယ်။ အဲ့​ဒီထဲက အခုကျန်​နေသူ ၉၂ ဦး​ ကလွဲပြီး​ ကျန်တဲ့​သူ​တွေအား​လုံး​ ကိုရီး​ယား​မှာ အလုပ်လုပ်​နေကြပြီဖြစ်ပါတယ်။ ကိုရီး​ယား​ဘက်က အလုပ်ထပ်​ခေါ်တဲ့​အခါ အဲ့​ဒီ ပထမအသုတ် ၉၂ ဦး​မပါဘဲ ​နောက်အသုတ်က လူ​တွေ ကိုရီး​ယား​ ပါသွား​ခဲ့​ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ သွား​ရောက်စုံစမ်း​တဲ့​အခါ အစိုး​ရ​အေဂျင်စီက တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ​ဒေါ်ခင်နွယ်ဦး​က ကိုရီး​ယား​ဘက်က မကြိုက်လို့​ မ​ရွေး​တာဆိုပြီး​ မ​ချေမငံ ​ပြောတယ်လို့​လည်း​ ကိုရဲဇာမြင့်​က ​ပြောပါတယ်။ ဒေါ်ခင်နွယ်ဦး​ကို ဆက်သွယ်​မေး​မြန်း​ကြည့်​တော့​ ဖုန်း​လက်ခံ​ဖြေကြား​ခြင်း​ မရှိဘဲ ဖုန်း​ချသွား​ပါတယ်။ ဩဂုတ်လ ၁၄ ရက်​နေ့​ထုတ် ဗွိုင့်​စ်သတင်း​ဂျာနယ်မှာ​တော့​ ​တောင်ကိုရီး​ယား​ဘက်က သူတို့​စိတ်ကြိုက် ​ရွေး​ခေါ်တာဖြစ်ပြီး​ အစိုး​ရ​အေဂျင်စီအ​နေနဲ့​ အလုပ်ရမယ်လို့​ အ​သေအချာ အာမခံထား​ခြင်း​မရှိဘူး​လို့​ တာဝန်ရှိသူတဦး​က ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြထား​ပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ကိုရဲဇာမြင့်​က “စာချုပ်ထဲမှာ ကျ​နော်တို့​ချုပ်တုန်း​က အဲဒီအ​ကြောင်း​အချက်ကို ပါတယ်။ အဲဒါကို အကုန်လုံး​ကလည်း​ နား​လည်တယ်။ အဲလိုမျိုး​ စာချုပ်ထဲမှာပါတဲ့​ အ​ကြောင်း​အချက်​ကြောင့်​မို့​လို့​ ကျ​နော်တို့​က အ​ရွေး​မခံရတာ မဟုတ်ဘူး​။ သူတို့​ရဲ့​ ကျန်​သေး​တယ်ဆိုတဲ့​ အချက်အလက်​တွေကို မပို့​လို့​ ကျ​နော်တို့​က ကျန်ခဲ့​တာ။ လုပ်သား​လိုအပ်ချက်က ဟိုမှာ ၈၀၀၀ ​ကျော်​လောက် လိုအပ်​နေတယ်။ အဲလို ၈၀၀၀ ​ကျော်လိုအပ်တာကို ကျ​နော်တို့​ ခွဲတမ်း​ပါတဲ့​ ၉၂ ​ယောက်ကို အချက်အလက် မပြည့်​စုံလို့​ မပို့​ဘဲနဲ့​ ဟိုက​နေ ပို့​ခိုင်း​တာကို မပို့​ဘဲနဲ့​ ဒီက​နေ အသစ်​တွေပဲ ထပ်တင်​ပေး​လို့​ ကျ​နော်တို့​က ကျန်ခဲ့​တာ။” ကိုရီး​ယား​မှာ အလုပ်သွား​လုပ်ရဖို့​ လိုအပ်တဲ့​ သင်တန်း​တွေ တက်ရ၊​ စာ​မေး​ပွဲ​တွေ ​ဖြေရနဲ့​ တဦး​ကို အချိန် ကာလအ​နေနဲ့​ ၅ နှစ်​လောက်၊​ ​ငွေ​ကြေး​အ​နေနဲ့​ ကျပ်သိန်း​ ၂၀ ​လောက် ကုန်ကျထား​ကြပြီး​ ဖြစ်ပါတယ်။ ကိုရီး​ယား​မှာ အလုပ်သွား​လုပ်ဖို့​ ​ဖြေဆိုထား​တဲ့​ ကိုရီး​ယား​ဘာသာစကား​အောင် လက်မှတ် သက်တမ်း​ကလည်း​ လာမယ့်​အောက်တိုဘာလမှာ ကုန်ဆုံး​တော့​မှာဖြစ်ပါတယ်။ ဒီတလနှစ်လအတွင်း​ ကျန်​နေတဲ့​ ၉၂ ဦး​ကို ကိုရီး​ယား​က အလုပ်မ​ခေါ်​တော့​ရင် သူတို့​ရင်း​နှီး​ထား​ရတဲ့​ အချိန်နဲ့​ ​ငွေ​ကြေး​တွေလည်း​ နစ်နာ ဆုံး​ရှုံး​ကြရ​တော့​မှာ ဖြစ်ပါတယ်။ ၉၂ ဦး​ရဲ့​နစ်နာမှုကို သက်ဆိုင်ရာအလုပ်သမား​ဝန်ကြီး​နဲ့​သမ္မတထံ တင်ပြဖို့​ ​ဆောင်ရွက်​နေတယ်လို့​လည်း​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up