ရေမြောင်း မဖြတ်ရဲသည့် သားငယ်ကို သင်ကြားပေးသည့် ချစ်စရာ ဆင်သားအမိ (ရုပ်သံ)

5.1K
ကလေးငယ်တွေအတွက် ပထမဆုံးအကြိမ် ရေထဲနစ်မြုပ်တဲ့ ခံစားမှုအပေါ် သင်နဲ့အတူဖြတ်သန်းပြီး ကြုံတွေ့ရချိန်ကို မှတ်မိပါသလား။ ဒီမိခင်ဆင်မကြီးကတော့ ဒီခံစားချက်ကို သိနေပါတယ်။
ဆင်ပေါက်ကလေးဟာ မိခင်နဲ့အတူ လမ်းခရီးမှာ အုပ်စုလိုက် လှည့်လည်သွားလာချိန် တွေ့ရတဲ့ ရေမြောင်းကလေးကို မဖြတ်သန်းရဲဘဲ ရှိနေခဲ့တာပါ။
ဒီချစ်စရာအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတဲ့ အယ်လီနာဆီလီနာ အမည်ရတဲ့ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးက ရုပ်သံကင်မရာနဲ့ မှတ်တမ်းတင်ခဲ့ပြီး ယူကျု အင်တာနက်စာမျက်နှာမှတဆင့် ပြန်လည်မျှဝေခဲ့တာလို့ နယူးဇီလန်အခြေစိုက် စတပ်ဖ် (Stuff) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အုပ်စုထဲမှ ဆင်ကြီးတွေက ဘာမှတွေးတောမနေဘဲ ရေမြောင်းကလေးကို ဖြတ်ကျော်သွားခဲ့ကြပေမယ့် ဆင်ပေါက်ကလေးကတော့ သူ့ရဲ့ခြေထောက်ကို ရေစပ်ထိ ရောက်ချိန်မှာပဲ တွန့်ဆုတ်ကာ ထိတ်လန့်နေခဲ့တာပါ။
ဆင်ပေါက်ကလေးဟာ ဖြတ်ကူးဖို့ ကြိုးစားလိုက် ရေစပ်နားအထိ ရောက်လာပြီးမှ ပြန်ထွက်ပြေးလိုက်နဲ့ အချိန်ကြာမြင့်စွာ ချီတုံချတုံ ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
စိတ်ရှည်ကြင်နာတဲ့ မိခင်ဆင်မကြီးဟာ နှာမောင်းနဲ့ ပွေ့ချီချော့မြှူပြီး စမ်းချောင်းကို ဖြတ်ကူးဖို့ နည်းလမ်းပြပေမယ့် မအောင်မြင်နိုင်ဘဲ ရှိနေခဲ့တာပါ။
အုပ်စုထဲက တခြားဆင်တွေကလည်း ဆင်ပေါက်ကလေး စမ်းချောင်းကို ဖြတ်ကူးနိုင်ဖို့ ကူညီခဲ့ကြသေးတာပါ။
အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ ဆင်ကလေးဟာ တွန့်ဆုတ်စွာနဲ့ အောင်မြင်အောင် ကူးဖြတ်နိုင်ခဲ့ပေမယ့် အယ်လီနာရဲ့ ကင်မရာဟာ သူဖြတ်ကူးနေချိန်မှာ ရှုထောင့်ပြောင်းနေခဲ့လို့ မတွေ့ခဲ့ရပါဘူး။
သူတို့အုပ်စုဆီ ကင်မရာပြန်လှည့်လိုက်ချိန်မှာတော့ ဆင်ပေါက်ကလေး အပါအ၀င် အုပ်စုတစုလုံး စမ်းချောင်းကို အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။