A d v e r t i s e m e n t With Us

လူ့​အခွင့်​အ​ရေး​ အထူး​ကိုယ်စား​လှယ် မြန်မာနိုင်ငံသွား​မည်

လာမယ့်​ ဩဂုတ် ၂၁ ရက်​နေ့ မြန်မာနိုင်ငံသွား​ရောက်မယ့်​ မြန်မာနိုင်ငံဆိုင်ရာ လူ့​အခွင့်​အ​ရေး​အထူး​ကိုယ်စား​လှယ်မစ္စတာ ကင်တား​နား​ရဲ့​ ခရီး​စဉ်ဟာ အစိုး​ရသစ်လက်ထက် ပထမဆုံး​ခွင့်​ပြုတဲ့​ ခရီး​စဉ်ဖြစ်တာ​ကြောင့်​ ​စောင့်​ကြည့်​ရမယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ (မြန်မာနိုင်ငံ) ရဲ့​ တွဲဖက်အတွင်း​ရေး​မှူး​ ကိုဘိုကြည်က ​ပြောပါတယ်။ “အစိုး​ရသစ်တက်လာ​ပေမယ့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တာ​တွေ ရပ်တန့်​သွား​တာမရှိဘဲနဲ့​ တ​နေ့​တခြား​ ပိုပြီး​တော့​ ဆိုး​လာတာ​တွေ ကျ​နော်တို့​ ​တွေ့​ရတယ်။ အဲ​တော့​ ကင်တား​နား​ရဲ့​ တာဝန်က မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေ တိုး​တက်မှုရှိမရှိကို စုံစမ်း​ဖို့​ပဲ။ သူက ဘယ်​လောက်ထိ လွတ်လွတ်လပ်လပ် စုံစမ်း​စစ်​ဆေး​ခွင့်​ ရ မရ​ပေါ့​။ အဲဒီအ​ပေါ်မှာ မူတည်ပါတယ်။” ခရီး​စဉ်အတွင်း​ အစိုး​ရအဖွဲ့​ဝင်များ​၊​ လူ့​အခွင့်​အ​ရေး​ လှုပ်ရှား​နေသူအဖွဲ့​အစည်း​များ​၊​ လူပုဂ္ဂိုလ်များ​နဲ့​ ​တွေ့​ဆုံမှာ ဖြစ်သလို မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။ ပြည်တွင်း​က ပါတီ​တွေ အ​နေနဲ့​လည်း​ မစ္စတာကင်တား​နား​လာရင် ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ပြင်ဆင်ထား​တယ်လို့​ ဒီမိုကရက်တစ်ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​သု​ဝေက ​ပြောပါတယ်။ “ကျ​နော်တို့​ကလည်း​ အစိုး​ရကို အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​၊​ လူ့​အခွင့်​အ​ရေး​တွေ ဘာ​တွေကို ဂရုစိုက်ပါတို့​၊​ ကျန်တဲ့​သူတို့​ရဲ့​ ဝန်ကြီး​ဌာန​တွေမှာလည်း​ ​ပြောင်း​လဲတာ​တွေ လုပ်​ပေး​ပါလို့​ အမြဲ​တောင်း​ဆို​နေတာ​ပေါ့​။ အစိုး​ရကို အလား​တူ တိုက်တွန်း​သလိုပဲ အ​မေရိကန်တို့​ကို ပိတ်ဆို့​မှု​တွေ ရုပ်သိမ်း​ပေး​ပါလို့​ ​ပြောမှာ​ပေါ့​။” မစ္စတာ ကင်တား​နား​ရဲ့​ ခရီး​စဉ်အတွင်း​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ​လေ့​လာမှတ်တမ်း​တင်မှာ ဖြစ်တာ​ကြောင့်​ လက်ရှိ ဦး​သိန်း​စိန်အစိုး​ရအ​နေနဲ့​ ဘယ်​လောက်ထိ ပူး​ပေါင်း​ဆောင်ရွက်မယ်ဆိုတာ​တော့​ မခန့်​မှန်း​နိုင်​သေး​ကြောင်း​ ကိုဘိုကြည်က ခုလို ​ပြောပါတယ်။ “အဓိက မြန်မာနိုင်ငံရဲ့​ အ​ခြေအ​နေ​တွေကို အဆုံး​အဖြတ်​ပေး​နိုင်သူ မဟုတ်ပါဘူး​။ သူက တိုး​တက်မှု ရှိရင် ရှိတယ်။ မရှိရင် မရှိဘူး​ဆိုတာကိုဘဲ ​ပြောခွင့်​ရှိတာပါ။ ဆို​တော့​ သူ့​အလုပ်​တွေကို ​သေ​သေချာချာ လုပ်နိုင်​အောင်လို့​ အစိုး​ရက ဘယ်​လောက်ထိ ပူး​ပေါင်း​ဆောင်ရွက်မလဲဆိုတဲ့​ အ​ပေါ်မှာ မူတည်ပါတယ်။ ကျ​နော်တို့​ အခု အ​နေအထား​အရ​တော့​ ​စောင့်​ကြည့်​ရမှာပဲ။ သူက ဘယ်လို​နေရာမျိုး​တွေ သွား​ပြီး​လေ့​လာခွင့်​ ရခဲ့​သလဲ။ အကျဉ်း​ထောင်ဆိုလည်း​ ဘယ်လိုအကျဉ်း​ထောင်မျိုး​ကို သွား​ရောက်​လေ့​လာခွင့်​ ရခဲ့​သလဲ။ ​နောက်တခုက တကယ့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ ဖြစ်​နေပါတယ်လို့​ နာမည်ထွက်​နေတဲ့​ ​နေရာ​တွေ၊​ ဥပမာ ကချင်ပြည်နယ်တို့​၊​ ရှမ်း​ပြည်နယ်တို့​၊​ ကရင်ပြည်နယ်တို့​ အဲလို​နေရာမျိုး​တွေကို လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်​ ​တွေ့​ခွင့်​ရမယ်ဆိုရင် ဒါဟာ အစိုး​ရသစ်က​နေ ပူး​ပေါင်း​ဆောင်ရွက်မှု တစုံတရာ ရှိတယ်လို့​ သတ်မှတ်လို့​ရတယ်။ အဲလိုမျိုး​မှ မဟုတ်ဘူး​ဆိုရင်​တော့​ အစိုး​ရက သူတို့​နာမည်​ကောင်း​ရဖို့​ မစ္စတာ ကင်တား​နား​ကို အခုချိန်မှ ဖိတ်လိုက်ပြီး​တော့​ ဟန်ပြသ​ဘောမျိုး​ပဲ ပူး​ပေါင်း​ဆောင်ရွက်မှု လုပ်တယ်လို့​ သတ်မှတ်ရမှာပဲ။” မစ္စတာ ကင်တား​နား​ဟာ မြန်မာနိုင်ငံကို သုံး​ကြိမ်​ရောက်ရှိခဲ့​ဖူး​ပြီး​ ​နောက်ဆုံး​သွား​ရောက်ခဲ့​သည့်​ ၂၀၁၀ ခုနှစ် ​ဖေ​ဖော်ဝါရီလ ​နောက်ပိုင်း​မှာ​တော့​ မြန်မာပြည်ဝင်ခွင့်​ဗီဇာ ငြင်း​ပယ်ခံထား​ရသူဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up