Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒပြ
DVB
·
April 1, 2016
အစိုးရသစ်လက်ထက် ကနဦးစမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရေနံချောင်းမြို့က ကိုထွန်းထွန်းဝင်းဆိုသူက  ဒီနေ့ မနက်ပိုင်းမှာ တကိုယ်တော် ဆန္ဒထုတ်ဖော် လိုက်ပါတယ်။ သူရဲ့တောင်းဆိုချက်တွေကတော့ နိုင်ငံရေးအကျဉ်းသားများအလုံး ချက်ချင်းလွှတ်၊ ဖမ်းဆီးခံ ကျောင်းသားများအားလုံး ချက်ချင်းလွှတ်၊ ဖမ်ဆီးခံတောင်သူလယ်သမားများ အားလုံး ချက်ချင်းလွှတ်နဲ့  ဖမ်းဆီးခံ သတင်းမီဒီယာသမားများ အားလုံး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆို ထားပါတယ်။ ရေနံချောင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ က အန်အယ်ဒီလွှတ်တော်ကိုယ် စားလှယ် ဦးတင့်လွင်ကတော့ နိုင်ငံရေးအကျဉ်း လုံးဝမရှိရေးဆိုတာ အန်အယ်ဒီရဲ့ မူဘောင်မှာ ရှိပြီးသားဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဟာ လုပ်ဆောင်ရမယ့်ကိစ္စဖြစ် တယ်လို့ ပြောပါတယ်။ “ကျနော်တို့ အဖွဲ့ချုပ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် တော်တော်များများကလည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေပဲ ဆိုတော့လေ ဒီကိစ္စက အထူးကို တင်ပြနေစရာမလိုဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့ရဲ့ ဒါလုပ်ဆောင်မယ့်ကိစ္စရပ်တွေပါ။ နိုင်ငံရေးအကျဉ်းသားတွေ အတွက်ကလေ။” အကျဉ်းဦးစီး၊  ပြည်သူ့ရဲဌာနတွေဟာ  ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိပြီး ပြည်ထဲရေးဝန်ကြီး ဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးထားတဲ့အတွက် လွတ်တော်ကိုယ်စား လှယ်တွေဖက်က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့ လုပ်ဆောင်ရမှာ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ “ပြည်ထဲရေးဝန်ကလည်း ကာကွယ်ရေးဦးစီးချုပ်က ခန့်တဲ့ဝန်ကြီးဆိုတော့ ကျနော်တို့ လုပ်ချင်တိုင်းလည်း လုပ်လို့ အလွယ်တကူဖြစ်မှာတော့ မဟုတ်ဘူး။ မဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသား မရှိရေးဆိုတာက ကျနော်တို့ရဲ့မူပါပဲ။ လုပ်ဆောင်မှာပါ”လို့ ဦးတင်လွင်က ပြောပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉၀ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၁၈ ဦးတို့ဟာ  နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန်ထားပါတယ်။ တရား ရင်ဆိုင်နေရတဲ့  တက်ကြွလှုပ်ရှားသူ  ၄၁၈ ဦးထဲတွင် ၁၃၂ ဦးဟာလည်း အကျဉ်းထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသူတွေဖြစ်တယ်လို့လည်း ဖေဖော်ဝါရီလကုန် ထုတ် အေအေပီပီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့စာရင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌရုံးကို မနေ့က ပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024