ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် လှိုင်သာယာမြို့နယ်တရားရုံးမှာ ရုံးစစ်ဆေး

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၈ နဲ့ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးပြီး ဒီကနေ့ မတ်လ ၃၁ ရက်မှာ ရုံးထုတ်စစ်ဆေးပါတယ်။ ၂၀၁၄ ခုနှစ်က လှိုင်သာယာ ကျူးကျော်ရပ်ကွက်ရှိပြည်သူများကို စည်းကမ်းရှိရှိ စနစ်တကျ နေထိုင်ကြဖို့ ဟောပြောမှုနဲ့ တရားစွဲခံရတာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်မှာ လှိုင်သာယာကျူးကျော်ရပ်ကွက်သူရပ်ကွက်သား ၃၀၀ လောက်ကလာရောက်အားပေးခဲ့ပေမယ့် တရားရုံးကို ၀င်ခွင့်မရခဲ့ဘူးလို့ ဒေါ်စုစုနွေးရဲ့ခင်ပွန်း ဦးမာကီးက ပြောပါတယ်။ လက်ရှိအစိုးရသစ်လက်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ပြည်ထဲရေးဝန်ကြီး ကိုင်တွယ်တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးဦးစီးချုပ်လက်အောင်မှာ ရှိနေသေးတဲ့အတွက် ဖားတပိုင်းငါးတပိုင်း အစိုးရသာဖြစ်ပြီးအများကြီး မျော်လင့်လို့မရကြောင်း ဒေါ်စုစုနွေးရဲ့ ခင်ပွန်း၈၈ မျိုးဆက်ကျေင်းသားခေါင်း ဆောင်တဦး ဖြစ်သူ ဦးမာကီးက ဝေဖန်ပါတယ်။ “ကျနော်တို့ ပြည်သူလူထုတရပ်လုံးက တောင်ပြိုကမ်းပြို ကိုယ့်လက်သန်းလေးကို မှင် အစွန်းခံပြီးတော့ မဲထည့်ပေးလိုက်ကြတယ်။ ပြည်သူလူထုက ထောက်ခံတဲ့ ပြည်သူဘက်က ရပ်တည်မယ့် အစိုးရတက်လာပြီဆိုပြီး ၀မ်းပန်းတသာ ဖြစ်ကြတယ်။ ဒါပေမယ့် ဒါကလည်း ဖားတပိုင်း ငါးတပိုင်းအစိုးရလို့ပဲ ပြောရမယ်။ အဓိက ကျတဲ့ဌာနတွေကို စစ်တပ်က ဆက်ပြီး ကိုင်တွယ်ထားတယ်။ ဥပမာ ပြည်ထဲရေးဆိုလို့ရှိရင် မစုစုနွေးတို့ကို တရားစွဲတာတို့ ဘာတို့ အကုန်လုံးက ပြည်ထဲရေးက ကိုင်တာ။ ပြည်ထဲရေးက ကာကွယ်ရေး ဦးစီးချုပ်အောက်မှာ ရှိနေသေးတဲ့အတွက် ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီအစိုးရလို့ပဲပြောရတယ်။ အဲတော့ ဒီအစိုးရလက်ထဲမှာ အများကြီး မျှော်လင့်လို့ မရဘူးလို့ပဲမြင်တယ်။ အများကြီးမျှော်လင့်လို့ မရဘူးဆိုရင်တော့ ဒီအစိုးရပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ အနည်းနဲ့ အများကျဆင်းနေဦးမှာပဲ။” လယ်သမားအရေးလှုပ်ရှားသူ ဒေါ်စုစုနွေးဟာ လက်ရှိ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပြီး လှိုင်သာယာမြို့နယ်အပြင် ပြင်ဦးလွင်မြို့နယ်မှာလည်း ပုဒ်မ ၁၈ နဲ့ တရားစွဲဆို အမှု ရင်ဆိုင်နေရပါတယ်။

More News
Up