အန်အယ်လ်ဒီအစိုးရ သက်တမ်းအတွင်း အရေးကြီးသည့် ဥပဒေများ ပြင်မည်

1.5K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တာဝန်ယူဆောင်ရွက်မယ့် အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ အရေးကြီးတဲ့ ဥပဒေတွေကို ပြင်ဖြစ်အောင် ပြင်မယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။
နိုင်ငံအတွက် ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ဥပဒေတွေ ဖြစ်လာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ရှိသလို ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ဘက်က ပါဝင်လာအောင်လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ဒီမိုကရေစီစံနှုန်းနဲ့ညီညွတ်တဲ့ ဥပဒေဖြစ်ဖို့ရာ အန်အယ်လ်ဒီရဲ့ အဓိကတာဝန်ရှိတယ်။ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ တပ်က မပါဘူးလို့ ဘယ်သူကပြောလဲ။ တပ်က ဘယ်တော့မှ ပါမှာမဟုတ်ဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။ ကျနော်တို့ ကြိုးစားရမှာ၊ စိတ်ဓာတ်ပျော့ညံ့လို့မရဘူး။ ကျနော်ထင်တယ်၊ ဒီ ၅ နှစ်အတွင်းမှာ အရေးကြီးတဲ့ တချို့ဟာတွေ ပြင်ကို ပြင်ဖြစ်မယ်။ တပ်ကလည်း တနည်းနည်းနဲ့ လက်ခံလာလိမ့်မယ်လို့ ယုံကြည်တယ်” လို့ ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်းတဲ့ အစိုးရသစ်ဟာ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး အစိုးရတာဝန်တွေကို စတင်ထမ်းဆောင်မှာ ဖြစ်ပါတယ်။