DVB Logo
Home
မြန်မာသတင်း
လမ်း​ဘေး​ဈေး​သည်များ​ကို စည်ပင်က ဖမ်း​ပြီ
DVB
·
August 16, 2011
လမ်း​ဘေး​ဈေး​သည်များ​ကို စည်ပင်က ဖမ်း​ပြီ
Donate to DVB

ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီက လမ်း​ဘေး​ဈေး​သည်​တွေကို စတင်ဖမ်း​ဆီး​ပြီး​ ပစ္စည်း​တွေ သိမ်း​ယူ​နေတဲ့​အတွက် ​ဈေး​သည်​တွေ နစ်နာဆုံး​ရှုံး​နေရပါတယ်။

ရန်ကုန်တိုင်း​ လမ်း​မ​တော်မြို့​နယ် ဝါး​တန်း​လမ်း​မှာ ​ရောင်း​တဲ့​ လမ်း​ဘေး​ဈေး​သည် ၂၀ ဝန်း​ကျင်ကို ဒီမနက် ၆ နာရီဝန်း​ကျင်မှာ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီက လာ​ရောက်ဖမ်း​ဆီး​ပြီး​ သိမ်း​ယူသွား​တာလို့​ ​ဈေး​သည် ဦး​သိန်း​ဇော်က ​ပြောပါတယ်။

“ဝါး​တန်း​လမ်း​မှာ ဖွင့်​ထား​တဲ့​ ငါး​တန်း​တို့​၊​ ကြက်သည်တို့​ကို ဖမ်း​ထား​တာ ​တော်​တော်များ​တယ်။ ခရိုင်ရုံး​က ကား​ပြာကြီး​နဲ့​ ဖမ်း​သွား​တာ။ ​တော်​တော်ကို ဒုက္ခ​ရောက်​နေတယ်။ စာက​တော့​ ၉ ရက်​နေ့​လောက်က ကမ်း​တယ်။ လမ်း​မ​တော်က စည်ပင်ရဲတပ်ဖွဲ့​ရုံး​က ​ခေါ်​ပြောတာ။ လမ်း​မ​တော်က​တော့​ အ​ပေါ်က ညွှန်ကြား​ချက်လည်း​ မကျ​သေး​တော့​ ၃ နာရီက​နေ အကန့်​အသတ်မရှိ ​ရောင်း​လို့​ရပါတယ်။ အဲလို​ပြောပြီး​တော့​ ဒီ​နေ့​မနက်မှာ ဝါး​တန်း​လမ်း​မှာ ​ရောင်း​တဲ့​ ငါး​သည်၊​ ကြက်သည်​တွေကို ဝင်ဖမ်း​တယ်။ ဒီ​နေ့​ကြက်သည်တ​ယောက်ဆိုရင် သုံး​သိန်း​ကျော်ဖိုး​လောက် ပါသွား​တယ်။ ဒဏ်​ငွေလည်း​မရဘူး​။ ဖျက်သိမ်း​ဆိုပြီး​ ကား​အပြာကြီး​တွေနဲ့​ အကုန်တင်သွား​တာ။ ​ဈေး​သည်​တွေ အ​ယောက် ၂၀ ​လောက်ရဲ့​ ပစ္စည်း​တွေ ပါတယ်။ လာပြီး​ ဝင်ဖမ်း​တဲ့​အချိန်က မနက် ၆ နာရီ​လောက်ဆို​တော့​ ​ဈေး​မ​ရောင်း​ရ​သေး​တဲ့​ အချိန်မှာ ပစ္စည်း​တွေက အရမ်း​များ​တယ်။ အကုန်ပါကုန်တယ်။”

ဈေး​ရောင်း​သူ​တွေကို​တော့​ ဖမ်း​ဆီး​မှု မလုပ်​ပေမယ့်​ ပစ္စည်း​အား​လုံ သိမ်း​ယူသွား​တာဖြစ်ပြီး​ မိမိပစ္စည်း​တွေ လိုချင်ရင် ၅ ​သောင်း​နဲ့​ ပြန်​ရွေး​ဖို့​ ​ပြောဆိုခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

ဈေး​သည်​တွေအ​နေနဲ့​ တ​နေ့​စာ ဝင်​ငွေရရှိ​ရေး​အတွက် လုပ်​ဆောင်ရတာဖြစ်လို့​ ​ငွေ ၅ ​သောင်း​ပေး​ပြီး​ မ​ရွေး​တော့​ဘဲ အရှုံး​ခံတာ​တွေ များ​တယ်လို့​ ဆိုပါတယ်။ ဒီမနက် ဖမ်း​ဆီး​ထား​တဲ့​ ပစ္စည်း​တန်ဖိုး​က ၁၀ သိန်း​ကျော်​လောက်ရှိမယ်လို့​ အဲဒီ​ဈေး​သည်က ​ပြောပါတယ်။

ရန်ကုန်စည်ပင်သာယာ​ရေး​ကော်မတီက လမ်း​ဘေး​ဈေး​သည်​တွေ လိုက်နာရမယ့်​ စည်း​ကမ်း​ချက်နဲ့​ ကန့်​သတ်ချက်​တွေကို အခုလ ၉ ရက်​နေ့​က ထုတ်ပြန်ခဲ့​ပါတယ်။

စည်း​ကမ်း​ချက်​တွေထဲမှာ မြို့​တွင်း​ ၆ မြို့​နယ်အတွင်း​ နာမည်တပ် လမ်း​မကြီး​နဲ့​လူသွား​စင်္ကြန် ​တွေ​ပေါ်မှာ ​ဈေး​ရောင်း​ချ ခွင့်​မပြုတာ၊​ ​ဈေး​ရောင်း​သူ​တွေဟာ နိုင်ငံသား​စိစစ်​ရေး​ကတ်နဲ့​ ​ဈေး​ရောင်း​တဲ့​ မြို့​နယ်မှာ ​နေထိုင်​ကြောင်း​ ပုံစံ ၁၀ အမြဲ ယူ​ဆောင်ရမယ် စတဲ့​အချက်​တွေ ပါဝင်သလို လမ်း​မကြီး​တွေနဲ့​ လူသွား​စင်္ကြန်​တွေ​ပေါ်မှာ ​ဈေး​ရောင်း​သူ​တွေကို ဩဂုတ် ၁၂ ရက်​နေ့​ကစပြီး​ အ​ရေး​ယူ​ဆောင်ရွက်သွား​မယ်လို့​ ပါရှိပါတယ်။

စည်ပင်ကထုတ်ပြန်တဲ့​ စည်း​ကမ်း​ချက်​တွေဟာ သူတို့​နဲ့​ကိုက်ညီမှုမရှိတဲ့​အတွက် ​ဈေး​သည် ၅၀၀ ​ကျော် စု​ပေါင်း​လက်မှတ်ထိုး​ပြီး​ မ​နေ့​က သမ္မတဆီ စာ​ရေး​တောင်း​ဆိုခဲ့​ပါတယ်။

ဈေး​သည်​တွေဘက်က ​ပေး​ပို့​တဲ့​စာကို အ​ကြောင်း​မပြန်ခင်မှာ အခုလို ဖမ်း​ဆီး​မှု​တွေ ပြုလုပ်​နေတာ နဲ့​ပတ်သက်ပြီး​ ​ဈေး​သည် ဦး​သိန်း​ဇော်က အခုလို ​ပြောပါတယ်။
“ကျ​နော်တို့​က ဒီစာအ​ပေါ်မှာ ​စောင့်​မျှော်​နေတယ်။ စည်း​ကမ်း​တကျနဲ့​များ​ ​ဈေး​ရောင်း​ခွင့်​ရမလား​။ စာ​ရော အထက်ကို​ရောက်ပြီလား​။ ကျ​နော်တို့​ မသိရ​သေး​ဘူး​။ ကျ​နော်တို့​ ​စောင့်​နေတာက အမြန်ဆုံး​ ​ဖြေရှင်း​ချက်တခုခု​တော့​ လိုချင်တာ​ပေါ့​။ ​ဈေး​လုံး​ဝမ​ရောင်း​ရဘူး​ ဆိုရင်လည်း​ အလုပ်အခွင့်​အလမ်း​တခုခု​ပေး​။ ​ဈေး​က​တော့​ မ​ရောင်း​လို့​မရဘူး​။ ကျ​နော်တို့​မှာ ဘာမှမလုပ်စား​တတ်​တော့​တာ။ စည်ပင်အရာရှိ​တွေ ​ပြောသလို အလုပ်လိုချင်လာခဲ့​ဆို​ပေမယ့်​ လမ်း​ဘေး​တံမြက်စည်း​လှဲဖို့​ဆိုတာ ကျ​နော်တို့​မိသား​စုနဲ့​ အဆင်မ​ပြေနိုင်ဘူး​။ လက်ရှိအနိမ့်​ဆုံး​ဝန်ထမ်း​က တ​နေ့​မှ ၁၅၀၀ ကျပ်ပဲ။ မိသား​စုငါး​ယောက်ရဲ့​ တ​နေ့​စရိတ်က ၇၀၀၀ ​ကျော် ရှိတယ်။ ဘယ်လိုမှ အဆင်မ​ပြေနိုင်ဘူး​။ ဒီလိုမျိုး​ ​ရောင်း​လိုက်​ပြေး​လိုက်နဲ့​ဆို ကျ​နော်တို့​ ဘဝဘယ်လိုမျိုး​တွေ ဆက်ဖြစ်မလဲဆိုတာ​တော့​ မ​တွေး​ရဲ​တော့​ဘူး​။”

သူ့​အ​နေနဲ့​ ​ဈေး​ရောင်း​ချတာ အနှစ် ၂၀ ရှိပြီဖြစ်​ပေမယ့်​ ဒီလိုဖမ်း​ဆီး​မှုမျိုး​ အရင်က မကြုံခဲ့​ရဘူး​လို့​ ​ပြောပါတယ်။

ဈေး​သည်​တွေအတွက် ကိုက်ညီမယ့်​ လုပ်ငန်း​တွေကို အစိုး​ရအ​နေနဲ့​ လုပ်​ဆောင်နိုင်မှုမရှိဘဲ ဒီလို ဖမ်ဆီး​မှု ပြုလုပ်မယ်ဆိုရင် မလိုလား​အပ်တဲ့​ ရာဇဝတ်မှုမျိုး​တွေ ဖြစ်နိုင်တယ်လို့​လည်း​ ဦး​သိန်း​ဇော်က သတိ​ပေး​ပြောဆိုပါတယ်။

“ကျ​နော်တို့​ဈေး​သည်ဆိုတာ ဆိုင်​တွေမှာ အ​ကြွေး​ရှိတယ်။ ရင်း​နှီး​ထား​ရတဲ့​ အဲဒီအ​ကြွေး​တွေ အခုဆို လုံး​ဝမဆပ်နိုင်ဘူး​။ တဖက်က ကျ​နော်တို့​ကို လိမ်တယ်လို့​ ထင်တယ်။ ကျ​နော်တို့​မှာ လည်ပတ်​နေရင် ​ပေး​နိုင်တယ်။ မ​ပေး​နိုင်လို့​ တရား​စွဲတာ​တွေ ဖြစ်လာမယ်။ ​ဈေး​သည်က​ဈေး​မ​ရောင်း​ချရ​တော့​ အ​ကြွေး​တွေ ဝိုင်း​လာတယ်။ ​နောက်ဆက်တွဲအ​နေနဲ့​ ဥပ​ဒေနဲ့​ မကင်း​တဲ့​ ဒုစရိုက်မှု​တွေဖြစ်လာနိုင်တယ်။”

မ​နေ့​က ​ပေး​ပို့​တဲ့​ ​ဈေး​သည်​တွေရဲ့​စာမှာ​တော့​ နိုင်ငံ​တော်အစိုး​ရက​နေ ​ကောက်ခံ​သော သင့်​တင့်​တဲ့​ အခွန်အခ​တွေကို ​ပေး​ဆောင်ပြီး​၊​ ကတ္တရာလမ်း​မ​ပေါ်တွင် ​ရောင်း​ချခြင်း​ မပြုပါ။ ကျန်း​မာ​ရေး​နဲ့​ ညီညွတ်မှုရှိတဲ့​ စား​သောက်ကုန်​တွေကိုသာ ​ရောင်း​ချပါမည်။ စည်း​ကမ်း​ရှိစွာ၊​ ဆူညံမှု မရှိ​စေရပါ။ သန့်​ရှင်း​မှု၊​ ကျန်း​မာ​ရေး​နှင့်​ ညီညွတ်မှုရှိ မရှိ အခါအား​လျော်စွာ စစ်​ဆေး​ခြင်း​ကို လက်ခံပါမည် စသည့်​အချက်များ​ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013