လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းသားများ ပြည့်ကျပ်နေ

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေမှာ အကျဉ်းသားတွေ များပြားပြည့်ကျပ်နေတဲ့အတွက် တိုးချဲ့ဆောက်လုပ်ဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်မှ ၁၁ ရက်ထိ ကော်မရှင်အဖွဲ့ဝင်တွေ လွိုင်ကော်အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ အကျဉ်းသားတွေနဲ့ တွေ့ဆုံမေးမြန်းပြီး သတင်းထုတ်ပြန် တောင်းဆိုလိုက်တာပါ။ အကျဉ်းသား ၄၀၉ ဦးသာ ထားရှိသင့်တဲ့ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသား ၅၁၈ ဦးထိ ရှိနေတဲ့အကြောင်း၊ လက်ထောက်ဆရာဝန်တဦး လိုအပ်နေပြီး ထောင်တွင်းချိုးရေနဲ့သုံးရေ သန့်ရှင်းမှု မရှိသလို အကျဉ်းသူတချို့ဟာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေမရှိလို့ မသင့်လျော်တဲ့ အ၀တ်စတွေ သုံးနေရတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် နေသား ၁၄ နှစ်ကျော်လွန်နေတဲ့ အကျဉ်းသား ၇ ဦးကို တွေ့ရပြီး မိသားစုတွေ ကွယ်လွန်သွားတဲ့ အကျဉ်းသားတချို့ဟာ ဆွေမျိုးတွေ ထောင်ဝင်စာလာတွေ့ဖို့ အခက်အခဲနဲ့ ကြုံနေရတယ်လို့ ကော်မရှင်က ဆိုပါတယ်။ အလားတူ လွိုင်ကော်တရားရုံး အချုပ်ခန်းမှာလည်း အချုပ်သားဦးရေ မမျှတ ကျပ်တည်းနေတာနဲ့ အချုပ်ခန်းတွင်း အချုပ်သားတွေ အပေါ့စွန့်ရာမှာ ပုံးနဲ့စွန့်ရလို့ နံစော်ကာ အမှိုက်တွေနဲ့ ရှုပ်ပွနေတဲ့အကြောင်း၊ လွိုင်ကော်မြို့မရဲအချုပ်ခန်းမှာလည်း  ကွမ်းတံတွေးတွေ၊ အမှိုက်သရိုက် တွေနဲ့ အနံ့အသက်မကောင်း ညစ်ပတ်နေတယ်လို့ ကော်မရှင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လွိုင်ကော်ဆေးရုံအချုပ်မှာတော့ ကျားမလူနာတွေ သီးသန့်ခွဲမထားဘဲ ရောနှောထားပြီး အိမ်သာနဲ့ ရေချိုးခန်း သန့်ရှင်းမှု မရှိဘူးလို့ ထောက်ပြထားပါတယ်။ ဒါကြောင့် အကျုဉ်းသားအိပ်ဆောင်တွေထောင် တိုးချဲ့ဆောက်လုပ်ဖို့၊ လက်ထောက်ဆရာဝန် တဦးခန့်အပ်ဖို့၊ တင်းကျပ်တဲ့ ထောင်ဝင်စာစည်းကမ်းတွေ ဖြေလျော့ပေးဖို့နဲ့ အချုပ်ခန်းတွေရဲ့ သန့်ရှင်းရေး ဆောင်ရွက်ပေးဖို့ စတာတွေ တိုက်တွန်းတောင်းဆိုထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up