ရိုးသားဖြောင့်မတ်စွာနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုမယ် – မကွေးတိုင်းဝန်ကြီးချုပ်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရတဲ့ ဒေါက်တာအောင်မိုးညိုရဲ့ နိုင်ငံရေးဘ၀ ဖြတ်သန်းမှု၊ မကွေးတိုင်းအတွင်း ပြုပြင်ပြောင်းလဲရေး၊ အဓိကစိန်ခေါ်မှုများနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာက မကွေးတိုင်းဒေသကြီးကနေပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုထဲကို စပြီးဝင်လာတာဆိုတော့ ဆရာ့ နိုင်ငံရေးဘ၀ ဖြတ်သန်းလာတဲ့ တလျှောက်လုံးမှာ ဒီ မကွေးတိုင်းဒေသကြီးနဲ့ ဘယ်လို အဆက်အစပ်ရှိခဲ့တယ် ဆိုတာလေး အရင်ပြောပြပေးပါခင်ဗျ။ "ကျနော်က မွေးတုန်းက ကိုယ့်ဇာတိ ပွင့်ဖြူမှာ မွေးတာ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ လုပ်တော့မယ်ဆိုတော့လည်း ကျနော်ပြိုင်ရမယ့်လူက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရအဖွဲ့မှာ ဒု-၀န်ကြီး ဦးကျော်ဇ ဖြစ်နေတယ်။ အဲတော့ ဦးကျော်ဇနဲ့ ပြိုင်ရမယ့်ပုဂ္ဂိုလ်ဟာ လူရိုသေ ရှင်ရိုသေ ဖြစ်ဖို့လိုတယ်ဆိုပြီးတော့ ကိုယ်စားလှယ်လောင်း လျာထားတဲ့အခါမှာ ကျနော့်ဆရာတွေ အပါအ၀င် မြို့နယ်လူကြီးတွေက ကျနော့်ကို ဆရာဝန်လည်းဖြစ်တယ်၊ ကျနော့်မိဘတွေရဲ့ အရှိန်အ၀ါက အရင်တုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူ့ရဲဘော်အဖွဲ့မှာ လုပ်ခဲ့ကြတယ်၊ နောက်တခါ နိုင်ငံရေး အပြောင်းအလဲကျတော့လည်း ဦးနုရဲ့ သန့်ရှင်းအဖွဲ့မှာ အားပေးထောက်ခံကြတဲ့လူတွေ၊ ဆင်ပသိုက်ဆာတွေအနေနဲ့ ရပ်တည်ခဲ့ကြတယ်ဆိုတော့ နိုင်ငံရေးမှာလည်း မိဘတွေက သြဇာအရှိန်အ၀ါရှိတယ်၊ အဲဒါကြောင့် ဇာတိချက်ကြွေဖြစ်တဲ့ ပွင့်ဖြူမြို့ကနေပြီးတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ မကွေးတိုင်းက ကျနော့်ဇာတိပါ။ ပွင့်ဖြူမြို့နယ်ကလည်း ကျနော့် ချက်မြှုပ်ဇာတိပါ။ ၉၀ ပြည့်နှစ်တုန်းကလည်းပါတယ်။ နောက်တခါ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်သိမ်းကလည်း ပြည်ထောင်စုအစိုးရအဖွဲ့မှာ သာသနာရေးဒု-၀န်ကြီး ဖြစ်သွားတော့ သူ့ရဲ့ လစ်လပ်တဲ့နေရာကို ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၂ တုန်းကလည်း ပါခဲ့တယ်။ အခုလည်းပဲ ၂၀၁၅ ကျတော့လည်းပဲ ကျနော်က အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ပြည်ထောင်စုအဆင့်မှာပဲ မနေကြနဲ့၊ တိုင်းနဲ့ပြည်နယ်အဆင့်တွေလည်း အရေးကြီးတဲ့အတွက် တိုင်းနဲ့ပြည်နယ်တွေကိုလည်း ပြန်ပြီးတော့ ဆင်းကြဦးဆိုတော့ ဦးမန်းဂျော်နီတို့၊ ဒေါက်တာဇော်မြင့်မောင်တို့၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ အလားတူ ဒေါက်တာမြင့်နိုင်တို့နဲ့ အလားတူ ကျနော်လည်း မကွေးတိုင်းဒေသကြီးအဆင့်ကနေ ၀င်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ပွင့်ဖြူမဲဆန္ဒနယ်မြေ အမှတ် (၁) က နေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရတာပါ။" ဟုတ်ကဲ့ဆရာ။ ဒီ မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအတွက် ဘယ်လောက်အရေးပါတဲ့ တိုင်းတတိုင်း ဖြစ်သလဲဆိုတာ ဆရာ နည်းနည်းလေး ပြောပြပေးပါဦး။ "မကွေးတိုင်းဟာ ဗြိတိသျှခေတ်တုန်းက ဘီအိုစီရဲ့ အခြေစိုက်တဲ့နေရာပေါ့။ တကယ် ရေနံထွက်ခဲ့တဲ့နေရာ။ အရင်တုန်းကလည်း မြန်မာနိုင်ငံမှာ ရေနံအထွက်ဆုံးဆိုတဲ့ ကာလတုန်းက မန်းရေနံမြေက တနေ့ကို ရေနံစည်ပေါင်း ၂ သောင်းကျော်ထွက်တယ်။ အဲဒီတုန်းက မကွေးတိုင်းမှာရှိတဲ့ မင်းဘူး၊ စကု မန်းရေနံမြေပေါ့လေ။ မန်းရေနံမြေဆို နာမည်ကြီးတာပေါ့။ အခုလည်းပဲ မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်မှာရှိတဲ့ မကွေးတိုင်းဟာ မိုးခေါင်ရေရှားရပ်ဝန်းမှာ ပါတယ်ဆိုသော်လည်းပဲ ဆည်ရေသောက်ဧရိယာတွေရှိတယ်၊ နောက်တခါ မကွေးတိုင်းမှာ ဆိုလို့ရှိရင်လည်း ဆီအိုးကြီးဆိုပြီး နာမည်ကြီးတဲ့ နှမ်းတို့၊ မြေပဲတို့ထွက်တဲ့ အဓိကတိုင်းကြီး တတိုင်းဖြစ်တယ်။ မြန်မာနိုင်ငံ အလယ်တည့်တည့်မှာလည်း ရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ဗျူဟာအရ အင်မတန်အရေးပါတဲ့ တိုင်းတတိုင်းလို့ပဲ ကျနော်ပြောချင်ပါတယ်။" ဒီမကွေးတိုင်းထဲမှာပေါ့နော် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေလေးကို နည်းနည်းခြုံပြီးတော့ သုံးသပ်ပေးပါလားခင်ဗျ။ "၂၀၁၀ တုန်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က နိုင်သွားတာပေါ့လေ။ နိုင်သွားသော်လည်းပဲ တကယ်တမ်း ပြည်သူ့အကျိုးကို ထိထိရောက်ရောက် သယ်ပိုးနိုင်တယ်၊ မသယ်ပိုးနိုင်ဘူးဆိုတာ ပြည်သူက ဆုံးဖြတ်မှာပဲလေ။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုလို့ရှိရင် ရပ်ရွာအကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွားထက် ပုဂ္ဂလိက အကျိုးစီးပွားတွေကို ပိုပြီးတော့ အလေးအနက်ထားတာတွေ တွေ့ရတယ်။ ဘာကြောင့်ပြောနိုင်လဲဆိုရင် ဥပမာတခု ကျနော်တို့ ဒီ ပြည်ထောင်စုလွှတ်တော်ရဲ့ သိန်း ၁၀၀၀ ဖွံ့ဖြိုးမှုရန်ပုံငွေဆိုတာရှိတယ်။ မြို့နယ်တိုင်း  မြို့နယ်တိုင်းကို သိန်း ၁၀၀၀ ချပေးတယ်။ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု တအုပ်စုဆိုရင် သိန်း ၅၀ ဖိုး၊ မူလတန်းကျောင်း အစုတ်ကလေးတွေပြင်တယ်၊ ကျေးရွာချင်းဆက် လမ်းလေးတွေဖောက်တယ်၊ လက်ယက်ရေတွင်းလေးတွေ တူးတယ်၊ ကျေးလက်ဆေးပေးခန်းလေးတွေ ပြင်တယ်၊ ရေလှောင်ကန်လေးတွေ လုပ်ဖို့လိုရင် လုပ်တယ်။ ဒီလိုမျိုး အနေအထားမျိုးမှာ ချပေးတဲ့အခါကျတော့ ကျနော်က ဒီ အကောင်အထည်ဖော်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန် ယူရပါတယ်။ ဥက္ကဋ္ဌတာဝန် ယူတဲ့အချိန်မှာ မြို့နယ်တာဝန်ရှိလူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မူလတန်းကျောင်းပြင်မှာလား၊ ကျေးရွာချင်းဆက်လမ်း ဖောက်မှာလား၊ ရေတွင်းတူးမှာလား၊ တိုင်ပင်ဆွေးနွေး ညှိနှိုင်းနေတဲ့အချိန်မှာ ကျနော့်ကိုယ်တွေ့ အတွေ့အကြုံအရ ပြောရရင် ယခင်အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ်တယောက်က ဒီကျေးလက်ဒေသ ရပ်ရွာမဲဆန္ဒနယ် ဖွံ့ဖြိုးရေးကို စိတ်မ၀င်စားဘဲနဲ့ သိန်း ၉၀၀၊ ၁၀၀၀ လောက်တန်တဲ့ တွဲဖက်အထက်တန်းကျောင်းရဲ့ ကျောင်းဆောင်ကြီးပြင်ဖို့ကို တွက်ချက်နေတာ၊ သူနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးနဲ့ တွက်ချက်ပြီးတော့ ဒါ ဘယ်လောက်ကျရင် ဘယ်လောက်မြတ်မယ်။ ဒီကန်ထရိုက်ကို လက်လွှတ်မခံသင့်ဘူးဆိုပြီးတော့ ကန်ထရိုက်ရဖို့ပဲ သူ စိတ်ဝင်စားနေတယ်။ မကွေးတိုင်းမှာသွားပြီး ကန်ထရိုက်ရဖို့ ကြိုးစားတယ်။ နေပြည်တော်ထိအောင် ကန်ထရိုက်ရဖို့ သွားကြိုးစားတယ်။ အဲလိုကြိုးစားတဲ့အတိုင်းပဲ ကန်ထရိုက်ရတယ်။ ရသော်လည်းပဲ သူလည်း အတိုင်အတောခံရတယ်။ ဘယ်ပစ္စည်းက ဘယ်လိုချို့ယွင်းတယ်၊ ဘာညာ အားနည်းတယ်ဆိုပြီး ရပ်ရွာရဲ့ တိုင်တာတောတာ ခံရတယ်။ ဆိုလိုချင်တာက ပြည်သူလူထုကလည်း မျက်စိပွင့်နားပွင့် ပွင့်လာတဲ့ခေတ်။ ပြည်သူအခြေပြုတဲ့ ဖွံ့ဖြိုးရေးတို့၊ ပြည်သူ အဓိကထားတဲ့ အုပ်ချုပ်ရေးတို့ဆိုတဲ့ ခေတ်မျိုးမှာ ပြည်သူက မဟုတ်တာမခံတဲ့အခါကျတော့ သိတဲ့အတိုင်းပဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ် ဘယ်လိုထွက်တယ်ဆိုတာမျိုး။ အဲလိုပြောတာနဲ့ပဲ ကိုယ့်ရဲ့ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာ ရာနှုန်းပြည့် စင်းလုံးချောလို့ ကျနော် မဆိုလိုပါဘူး။ ဒီထဲမှာ လာဘ်ပေးလာဘ်ယူ လုပ်တဲ့သူတို့၊ ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေ ပါကောင်းပါမယ်။ ပါတဲ့အတွက်ကြောင့်လည်း ပြည်သူက ဒဏ်ခတ်မှာပဲ။ ဒါတွေကို ပြောချင်တယ်။ ပြည်သူကို မျက်နှာမူတဲ့၊ တကယ်ကို ရိုးသားဖြောင့်မတ်တဲ့ အုပ်ချုပ်ပုံယန္တရား ဖော်ဆောင်ဖို့လိုတယ်။ ဒါ ရှေ့က နမူနာပြသွားပြီ။ ကျနော့် မြို့နယ်ထဲမှာလားဆိုတော့ ကျနော့်မြို့နယ်အပြင် ဒီ့ပြင်မြို့နယ်တွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ တချို့ဟာဆိုရင် ကန်ထရိုက်တွေနဲ့ပေါင်းတယ်။ လုပ်ငန်းရဖို့၊ ကိုယ်ကြီးပွားဖို့၊ စီးပွားဖြစ်ဖို့ ဒါတွေပဲ အာရုံစိုက်နေတာကို ပြည်သူက ကောင်းကောင်း သတိထားမိတယ်။ အဲဒါကို ကျနော်တို့ အဖွဲ့ချုပ်က ကောင်းကောင်း သင်ခန်းစာယူဖို့လိုမယ်လို့ ပြောချင်ပါတယ်။" အခု မကွေးတိုင်းအတွင်းမှာပေါ့နော် လတ်တလော ပြုပြင်ပြောင်းလဲမယ်ဆိုရင် ဘယ်အခြေခံကနေ စပြီးတော့ ပြောင်းလဲဖို့ လိုမလဲဆရာ။ "အဲဒါကတော့ ပြောရရင် အစိုးရပိုင်း ၀န်ထမ်းတွေ အနေနဲ့လည်း ပြုပြင်ပြောင်းလဲဖို့ လိုမှာဖြစ်သလို ပြည်သူလူထု အနေနဲ့ကလည်း ဒီမိုကရေစီတက်ပြီ၊ ဒီမိုကရေစီအစိုးရ ဒို့တင်တဲ့အစိုးရ ရပြီဆိုပြီး တဆိတ်ရှိ ဆန္ဒပြ၊ တဆိတ်ရှိ ဆန္ဒပြဆိုရင် အစိုးရလည်း ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကိုတော့ နားလည်ဖို့လိုတယ်။ ဒီမိုကရေစီရဲ့ ကျင့်ဝတ်တွေ၊ စံနှုန်းတွေကို တလွဲတချော် အသုံးမပြုဖို့ လိုတာပေါ့။ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ လုပ်ဖို့လိုတာပေါ့နော်။ အဲဒါလေး တင်ပြချင်ပါတယ်။" နောက်ပြီးတော့ အခုလို ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဆရာတို့အနေနဲ့ အဓိကစိန်ခေါ်မှုက ဘယ်အချက်တွေ ဖြစ်မလဲခင်ဗျ။ "အဓိကစိန်ခေါ်မှုကတော့ ခေါက်ရိုးကျိုးနေတဲ့ ၀န်ထမ်းတွေရဲ့ အနေအထားတွေ၊ ဒါ ကျနော့် ထင်မြင်ယူဆချက်ပေါ့နော်၊ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းကလည်း ၀န်ထမ်းတွေရဲ့ဘ၀ဟာ မပြည့်စုံဘူး၊ အင်မတန်ကို ချို့တဲ့တယ်။ ဥပမာအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့နောက်မှ လူဖြစ်တဲ့ မလေးရှားဆိုလို့ရှိရင် အစိုးရ၀န်ထမ်းမှန်သမျှ တိုက်ဝယ်ချင်သလား၊ ကားဝယ်ချင်သလား ၀ယ်လို့ရတယ်၊ အစိုးရ၀င်ငွေနဲ့၊ အစိုးရက အရစ်ကျ ဆပ်ပေးတယ်။ သူ့ရဲ့ ငွေကြေးတန်ဖိုးကလည်း ခိုင်မာတော့၊ စားသောက်ကုန်ဈေးနှုန်းတွေကလည်း အပြောင်းအလဲ ဒီလောက်မရှိဘူး။ အဲလိုအနေအထားမျိုးမှာ ကျနော်တို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် လက်အောက်က လုပ်ခဲ့ကြတဲ့ ၀န်ထမ်းတွေဟာ အင်မတန်ကို ချို့တဲ့တယ်။ ချို့တဲ့တော့ လာဘ်ပေးလာဘ်ယူတွေ မကင်းဘူး။ ဒီဝန်ထမ်းရဲ့ ချို့ယွင်းချက် အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ အုပ်ချုပ်ပုံ ယန္တရားက ဇိကုပ်ထားတာမျိုး။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတာမျိုးတွေ ဖြစ်နေတော့ကာ ၀န်ထမ်းတွေရဲ့ စားဝတ်နေရေးကလည်း ပြည့်စုံအောင် ကြိုးပမ်းရတာကလည်း တကယ့်ကို အဓိက စိန်ခေါ်မှုကြီးတရပ်ပဲ။ သို့သော်လည်းပဲ ၀န်ထမ်းတွေကို တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ပေးမယ်။ တဘက်ကလည်း ငွေကြေးဖောင်းပွမှု မရှိအောင်လည်း ဂရုစိုက်ရတာပေါ့လေ။ ဒီလိုမျိုး ခံစားခွင့်တွေ ပေးတဲ့ကြားထဲက အကျင့်ပျက်ရင်၊ ခြစားရင်၊ ဖောက်ပြန်ရင် တတ်နိုင်သမျှ အရေးယူမယ်။ ပြီးခဲ့တာတွေတော့ ပြီးပါစေတော့ ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည် ပြောထားတာ ရှိပါတယ်။ တချို့ဆိုရင်လည်းပဲ ခင်ဗျားပြောတဲ့အတိုင်း စဉ်းစားရရင် စီမံချက်တွေ၊ စီမံကိန်းတွေမှာ တလွဲချော်တာတွေ ရှိတာပေါ့နော်။ အရင်လည်း ကျနော်ပြောခဲ့ဖူးတယ်။ ကျနော်တို့ ပွင့်ဖြူအထည်ချုပ်စက်ရုံကြီးဆိုရင် အကြီးကြီးပဲနော်။ နိုင်ငံတော်စီမံကိန်းကြီးတွေထဲမှာ ပါတယ်။  တကယ်တမ်းကျတော့ ဒီအထည်ချုပ်စက်ရုံတွေက သရက်ခရိုင်ကနေ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင် ၀ါလည်းမထွက်ဘူး၊ ဒီအထည်ချုပ်စက်ရုံတွေ အားကိုးဖို့။ အထည်ချုပ်စက်ရုံတွေကလည်း ၀န်ထမ်းတွေ ပြောစကားအရဆိုရင် လစဉ်ကို သန်း ရာနဲ့ချီ အရှုံးပေါ် လည်ပတ်နေရတယ်တဲ့။ ပုဂ္ဂလိက လုပ်ငန်းရှင်ကလည်း ၀ယ်မလားဆိုတော့ မ၀ယ်လည်း မ၀ယ်ဘူးတဲ့။ ဘာဖြစ်လို့ မ၀ယ်လဲဆိုတော့ အပြည်ပြည်ဆိုင်ရာမှာ စံမီ၊ ကိုက်မီက သူ့ရဲ့အနံသည် လက်မ ၅၀ ရှိရမယ်။ လက်မ ၅၀ ရှိတာကိုပဲ အပြည်ပြည်ဆိုင်ရာမှာ ချုပ်တန်းဝင်တယ်။ သို့သော်လည်းပဲ ဒီစက်ရုံကထွက်တဲ့ ပစ္စည်းသည် လက်မ ၄၀ ပဲ ရှိတယ်တဲ့။ ပုဂ္ဂလိက လုပ်ငန်းရှင်က ဒီအထည်ချုပ်စက်ရုံကို စိတ်မ၀င်စားဘူး။" ဆရာဆိုလိုတာက ဒီစီမံကိန်းတွေကို ပြန်စိစစ်ဖို့ လိုတယ်လို့ ဆိုလိုတာပေါ့။ "အမှန်ပေါ့။ ဒါတွေဟာ နေ့စဉ်နဲ့အမျှ အရှုံးခံနေတာ၊ ပြည်သူ့ဘဏ္ဍတွေ အလေအလွင့်ဖြစ်နေတာ။ ရှေ့က လူရိုသေ ရှင်ရိုသေ၊ လူမြင်ကောင်းအောင်လုပ်တဲ့ စီမံကိန်းကြီး သဘောမျိုးပဲရှိတယ်။ နိုင်ငံက ဒီဒုက္ခတွေ ခံနေရတာ။ ဒါကတချက်၊ နောက် ကျနော်တို့ ခဏခဏပြောရတယ်၊ မီးရထားလမ်းကြီးဖောက်တယ်။ ရိုးမပတ်လမ်း၊ ဘာလမ်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော။ မင်းဘူးကနေ ပခုက္ကူအထိ ရထား တစီးမှမသွားဘူး။ အဲဒီရထားလမ်းကြီး ဘာဒုက္ခပေးလဲဆိုတော့ တောင်ကနေ မြောက်ကို ကန့်လန့်ကြီးခံနေတော့ ရေတွေကြီးတော့ အနောက်ကနေလာတဲ့ မုန်းချောင်းရေတွေက အရှေ့ကို ကောင်းကောင်း မစီးနိုင်တော့ဘူး။ ရထားလမ်းကြီးက ကန့်လန့်ခံနေတာ။ ပွင့်ဖြူမြို့ရေနစ်လို့ ကံကောင်းလို့ မသေတယ်။ ဒါ ဒုက္ခပေးတာပဲ။ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပြောလို့ သိရတာကလည်း ရထားလမ်းကိုယ်တိုင်ကိုက ပေမီ ကိုက်မီ စံမီတဲ့ သံလမ်းတွေ မဟုတ်ဘူးတဲ့။ သံလမ်းတချောင်း ဥပမာပြောရရင် ပိသာချိန် ၁၀၀၀ ရှိရမယ်ဆိုရင် ၀ယ်သွင်းတာတွေသည် ပိသာချိန် ၈၀၀ ပဲရှိတာဖြစ်လို့ သံလမ်းတွေက ကောက်ကွေးလို့။ ဒါ အကျင့်ပျက်မှု၊ လာဘ်ပေးမှု၊ လာဘ်ယူမှုနဲ့ ခြစားမှုတွေကြောင့်ဖြစ်တာ။ သွင်းတဲ့မြန်မာနိုင်ငံကို၊ ဘာမှ မသိနားမလည်လို့ နှဲဖို့လောက်ပဲ စဉ်းစားနေတာ။ ဘယ်နိုင်ငံဆိုတာတော့ ကျနော် နာမည်တပ် မပြောလိုဘူး။ အဲတော့ ဒီဒဏ် ဘယ်ူတွေ ခံရတုန်းဆိုတော့ ပြည်သူတွေခံရတာ။ ပွင့်ဖြူမြို့နယ် ကျနော့်မဲဆန္ဒနယ်မြေမှာ အထည်ချုပ်စက်ရုံကြီးတခု၊ နောက်တခါ မီးရထားသံလမ်းတခု၊ လယ်သမားတွေ လယ်တွေအသိမ်းခံရတယ်၊ စားဝတ်နေရေးတွေ ကျပ်တည်း ဒုက္ခရောက်ကြတယ်။ လျော်ကြေးရလားဆိုတော့ တပြားမှမရသေးဘူး။ ပုံတောင်ပုံညာဘက်မှာ တောင်ကြီးဖောက်ပြီးတော့ ရထားလမ်းတွေ လုပ်တယ်။ လုပ်အားတွေ ပေးကြရတယ်။ သေလို့ လူတွေ လုပ်ကြရတာ။ သို့သော်လည်း အဲဒီရထားလမ်းက ခုဆိုရင် ငါးရိုးကြီးချထားသလိုပဲ။ အဲဒီလိုဏ်ခေါင်းထဲကဟာလည်း ဘယ်သူမှလည်း မသွားဘူး။ ဒါမျိုးတွေက မလုပ်သင့်ဘူး။ ဟန်ပြလောက်လုပ်တာ။ လူမြင်ကောင်းအောင်လုပ်တာ။ ပြည်သူကတင်တဲ့၊ ပြည်သူကိုမျက်နှာမူတဲ့ အစိုးရဟာ ဒါမျိုးတွေမလုပ်ဘူးလို့ မျှော်လင့်ရတယ်။ ဒါသင်ခန်းစာတွေပဲ။ ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့်တွေ အများကြီးပဲ။ ရှေ့အဆက်ဆက်က လုပ်သွားတာတွေ။ ဒါတွေ သိတဲ့အတိုင်းပဲလေ။" နောက်ဆုံးအနေနဲ့ပေါ့ ဆရာ့ မကွေးတိုင်းဒေသကြီးအတွင်းက မဲဆန္ဒရှင် ပြည်သူလူထုကို ကျနော်တို့ ဒီဗွီဘီကနေတဆင့် ဘာများမှာချင်တာ ရှိပါသလဲခင်ဗျာ။ "ကျနော်ပြောချင်တာကတော့ ဒီဗွီဘီကလည်းပဲ တကယ့်ကို ပြည်သူ့နား၊ ပြည်သူ့မျက်စိဖြစ်အောင် ရပ်တည်ခဲ့တဲ့ အသံလွှင့်ဌာနကြီးတခု၊ ရုပ်မြင်သံကြားဌာနကြီး တခုပါနော်။ အားပေးကြဖို့၊ ထောက်ခံကြဖို့ လိုပါတယ်။ ကျနော်ပြောချင်တာက ကျနော့်မိဘ နှစ်ပေါင်း ၅၀ လောက် အမြတ်တော်ခွန်ဆောင်ခဲ့တဲ့ ခေတ်တုန်းကလည်း အမြတ်တော်ခွန် ဆောင်ခဲ့တယ်။ ၀င်ငွေခွန်ဆောင်တဲ့ ခေတ်တုန်းကလည်း ၀င်ငွေခွန်ဆောင်ခဲ့တယ်။ နှစ်ပေါင်း ၅၀ လောက်။ သို့သော်လည်းပဲ ကျနော် နိုင်ငံရေးလုပ်လာခဲ့တဲ့ တလျှောက်မှာ နိုင်ငံတော်မှာ ဆိုကြပါစို့ မကွေးတိုင်းဝန်ကြီးချုပ် တာဝန်ယူရတယ်ပဲ ဆိုဦးတော့။ ကျနော် ကတိပေးချင်တာက ကျနော့်မှာ ကိုယ်ပိုင်ပစ္စည်းရယ်လို့ မရွှေ့ပြောင်းနိုင်တဲ့ ကိုယ်ပိုင်ပစ္စည်းလည်း မရှိဘူး၊ မိဘဘိုးဘွား အမွေအနှစ်ကလွဲလို့၊ တန်ဖိုးကြီးတဲ့ စိန်ရွှေရတနာလည်း ဘာမှမပိုင်ဆိုင်ဘူး။ သို့သော်လည်းပဲ ဒီကြားထဲက ကိုယ်ကိုယ်တိုင် ကန်ထရိုက်ယူလုပ်တာတို့၊ လာဘ်ပေးလာဘ်ယူပြီးတော့ ကန်ထရိုက်ချပေးတာတို့ အဲဒါတွေ မလုပ်ဘူး။ ရိုးသားဖြောင့်မတ်စွာနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုမယ်ဆိုတာ ကျနော် ကတိပေးချင်ပါတယ်။ မကွေးတိုင်းလွှတ်တော်ကြီး အနေနဲ့လည်း အစိုးရကို တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ဖို့၊ ပြည်သူပြည်သားတွေကအစ မဟုတ်တာမမှန်တာကို ခံမနေဖို့၊ မမှန်တာရှိလည်းပြောဖို့။ ပြည်သူကိုအခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ဖို့၊ ပြည်သူကို ကိုယ်စားပြုတဲ့၊ တကယ့်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရတခု ဖော်ဆောင်ဖို့ဆိုတာသည် ပြည်သူမပါဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ အစိုးရ၀န်ထမ်းတွေကလည်း ပူးပေါင်းဆောင်ရွက်ပေးပါ။ လွှတ်တော်ကလည်း ပူးပေါင်းဆောင်ရွက်ပေးပါ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အလုပ်အကျွေးပြုပါမယ် ဆိုတာကို ဒီဗွီဘီကနေတဆင့် ပြောချင်ပါတယ်။ အများကြီးကျေးဇူးတင်ပါတယ်။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up