Home ဆောင်းပါး လူ့အခြင့္အေရး တိုက္ပြဲဝင္ပုဂၢိုလ္မ်ား အပိုင်း ၎
လူ့အခွင့်အရေး တိုက်ပွဲဝင်ပုဂ္ဂိုလ်များ အပိုင်း ၎
gandhi နိုင်ငံသားအခွင့်အရေးကို ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုးအကြောင်းကို တင်ပြခဲ့ပါတယ်။ နိုင်ငံသားကောင်းတွေအနေနဲ့ အစိုးရဆိုးတွေရဲ့ အမိန့်ဥပဒေတွေကို မလိုက်နာဘဲ အာခံနိုင်တဲ့အခွင့်အရေးရှိတယ် ဆိုတာကို လက်တွေ့ရော စာပေအရေးအသားနဲ့ပါ လူသိအောင် လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးဒေးဗစ်သောရိုးရဲ့ ဩဇာကို ခံခဲ့ရသူတွေအထဲက ကမ္ဘာကျော်ပုဂ္ဂိုလ်တယောက်ကတော့ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီဟာ မတရားတဲ့အစိုးရကို ပြည်သူလူထုအနေနဲ့ စုပေါင်းဆန့်ကျင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီး ကိုလိုနီအင်္ဂလိပ်အစိုးရကို အိန္ဒိယနိုင်ငံအတွင်းမှ ထွက်ခွာအောင် လုပ်နိုင်ခဲ့ပါတယ်။ လူထုအားကို သုံးပြီး အကြမ်းမဖက်ဆန့်ကျင်တဲ့ သူ့ရဲ့နည်းလမ်းဟာ ယခုထက်တိုင် လူ့အခွင့်အရေးတိုက်ပွဲဝင်သူများကို ဆွဲဆောင်နေဆဲပါ။
မဟတ္တမဂန္ဒီကို ၁၈၆၉ ခုနှစ်မှာ ဟိန္ဒူလူမျိုး မိသားစုမှ မွေးဖွားပါတယ်။ သူ့ဖခင်က သူ့မွေးရာဇာတိကို အုပ်ချုပ်သူဖြစ်တဲ့အတွက် ဂန္ဒီအဖို့ မတောင့်မတ နေခဲ့ရတယ်လို့ ပြောရပါမယ်။ အသက် ၁၃ နှစ်အရွယ်မှာပဲ ဟိန္ဒူထုံးတမ်းစဉ်လာအတိုင်း အိမ်ထောင်ပြုခဲ့ပါတယ်။ ဒီအိမ်ထောင်နဲ့ သားလေးယောက်ရရှိခဲ့ပါတယ်။ ဂန္ဒီဟာ ပညာရေးမှာ သိပ်ပြီးမထူးချွန်လှပါဘူး။ တက္ကသိုလ်ဝင်တန်းကိုတောင် မအောင်ဘဲ ကျရှုံးခဲ့ပါသေးတယ်။ အသက် ၁၈ နှစ်ရောက်တော့ လန်ဒန်ကောလိပ်ကို ဥပဒေပညာသင်ဖို့ ရောက်သွားပါတယ်။။ ၄ နှစ်ကြာ ပညာသင်ပြီးတဲ့နောက်မှာ အိန္ဒိယကို ပြန်လာပါတယ်။ ဥပဒေပညာရှင်အဖြစ် ရပ်တည်ဖို့ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။
အသက် ၂၄ နှစ် အရွယ် ၁၈၉၃ ခုနှစ်မှာတော့ အိန္ဒိယသားပိုင် ကုမ္ပဏီတခုကနေ တနှစ်စာချုပ်နဲ့ အလုပ်လုပ်ဖို့ခေါ်တဲ့အတွက် တောင်အာဖရိကကို ရောက်သွားပါတယ်။ ဒါဟာ ဂန္ဒီအတွက်တော့ ကြီးမားတဲ့ ဘဝအလှည့်အပြောင်းပါ။ ဘာကြောင့်လည်းဆိုတော့ တောင်အာဖရိကမှာရှိတဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရရုံမက သူကိုယ်တိုင်ခံစားခဲ့ရလို့ ဖြစ်ပါတယ်။
တခါတော့ ဂန္ဒီဟာ ပထမတန်းလက်မှတ်ဝယ်ပြီး ရထားစီးပါတယ်။ တောင်အာဖရိကမှာ လူမဲတွေနဲ့ အိန္ဒိယတွေကို ပထမတန်းက စီးခွင့်မပေးပါဘူး။။ ဒါကြောင့် လက်မှတ်စစ်က သူ့ကို တတိယတန်းပြောင်းစီးဖို့ ပြောပါတယ်။ ဂန္ဒီက မပြောင်းနိုင်ဘူးလို့ ငြင်းတဲ့အခါ ရထားပေါ်ကနေ မောင်းချခံရပါတယ်။ နောက်တခါကတော့ လူဖြူကို နေရာပေးဖို့ ထိုင်ခုံက မထပေးတဲ့အတွက် အရိုက်ခံရပါသေးတယ်။ တောင်အာဖရိကမှာ လူဖြူတွေကိုသာ တည်းခိုခွင့်ပြုတဲ့ ဟိုတယ်တွေ ရှိတာကြောင့် ဟိုတယ်တွေရဲ့ ငြင်းပယ်မှုကို ဂန္ဒီဟာ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
တောင်အာဖရိကတိုက်မှာ နေထိုင်တဲ့ အိန္ဒိယသားတွေကို ခွဲခြားဆက်ဆံရာမှာ အရေးအကြီးဆုံး အချက်တခုကတော့ မဲပေးပိုင်ခွင့်မရှိတဲ့ အချက်ပါ။ ဒါကို တိုက်ပွဲဝင်ဖို့အတွက် ဂန္ဒီကြီးဟာ တနှစ်စာချုပ်ပြည့်ပေမယ့် တောင်အာဖရိကမှာပဲ ဆက်နေခဲ့ပါတယ်။ တောင်အာဖရိက မှာရှိတဲ့ အိန္ဒိယသားတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယကွန်ဂရက်အဖွဲ့ကို တည်ထောင်ပြီး မဲပေးခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ မဲပေးခွင့်ရအောင် မလုပ်နိုင်ခဲ့ပေမယ့် ကိုလိုနီအင်္ဂလိပ်အစိုးရက အိန္ဒိယသားတွေအပေါ် ခွဲခြားဆက်ဆံတာတွေ၊ မတရားပြုမူတာတွေ အိန္ဒိယသားများရဲ့ ဆင်းရဲဒုက္ခတွေကိုတော့ လူသိအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ လူဖြူအုပ်စုတစုက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ပါသေးတယ်။
၁၉၀၆ ခုနှစ်မှာ တောင်အာဖရိကမှာနေတဲ့ အိန္ဒိယသားတွေကို မှတ်ပုံတင်ဖို့ အစိုးရက အမိန့်ထုတ်ပါတယ်။ ဒါပေမယ့် မဲထည့်နိုင်တဲ့ နိုင်ငံသားအဆင့်ကိုတော့ မပေးပါဘူး။ ခွဲခြားဆက်ဆံမှုတွေ မတရားပြုမူတွေကိုလည်း မလျှော့ပါဘူး။ ဒါကြောင့် ဒါကို တုံ့ပြန်ဖို့အတွက် ဂန္ဒီဟာ ဂျိုဟန်နက်စဘတ်မှာ လူထုဆန္ဒပြပွဲကြီး တခုကို ဦးဆောင် ပြုလုပ်ပါတယ်။ ဒီဆန္ဒပြပွဲကစပြီး သူရဲ့သစ္စာဂရဟ နည်းကို ကျင့်သုံးပါတယ်။
သစ္စာဂရဟ နည်းက အကြမ်းမဖက်ဆန့်ကျင်တဲ့နည်းပါ။ သစ္စာဂရဟတရား အမှန်တရားကို အားကိုးတဲ့နည်းပါ။ ကိုယ်ဆန့်ကျင်တဲ့သူက ဘာပဲလုပ်လုပ် အကြမ်းမဖက်ဘဲ ငုံ့ခံတဲ့နည်းပါ။ တောင်အာဖရိကမှာ ရှိတဲ့ အိန္ဒိယသားတွေအနေနဲ့ ဂန္ဒီရဲ့ဦးဆောင်မှုအောက်မှာ သစ္စာဂရဟနည်းနဲ့ ခုနစ်နှစ်ကြာအောင် ကိုလိုနီအစိုးရကို အာခံခဲ့ကြပါတယ်။ ဂန္ဒီအပါအဝင် လူပေါင်းထောင်နဲ့ချီပြီး ထောင်ကျခံ၊ အရိုက်အနှက်ခံ၊ သေနတ်အပစ်ခံ အသေခံပြီး ဆန့်ကျင်ခဲ့ကြပါတယ်။
အစိုးရအနေနဲ့ ဂန္ဒီတို့အဖွဲ့ကို နှိမ်နင်းနိုင်ခဲ့ပေမယ့် သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များအတွက် အများပြည်သူရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို အကြီးအကျယ် ခံခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ဂန္ဒီနဲ့ညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါတယ်။
၁၉၁၄ ခုမှာ ဂန္ဒီဟာ အိန္ဒိယကို ပြန်လာပါတယ်။ ဒီအချိန်မှာ သူ့အသက်က ၄၅ နှစ် ရှိပါပြီ။ တောင်အာဖရိကကို ကျောခိုင်းခဲ့ပေမယ့် မတရားတဲ့ အမိန့် ဥပဒေတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ ကိုလိုနီအင်္ဂလိပ်အစိုးရကတော့ ဂန္ဒီကို အိန္ဒိယကနေ အသင့်စောင့်ကြိုနေပါတယ်။
အိန္ဒိယကို ရောက်တဲ့အခါမှာ ဂန္ဒီပထမဆုံး လုပ်ဆောင်တာကတော့ သစ္စာဂရဟ ဝတ်ကျောင်းတော်တခုကို ထူထောင်တာပါ။ အဲဒီဝတ်ကျောင်းတော်မှာ ယောကျာ်း၊ မိန်းမ ၂၅ ယောက် နေထိုင်ပါတယ်။ သူတို့ဟာ သစ္စာဂရဟတရားကို ဦးထိပ်ထားပြီး အစားအသောက်မှာ ခြိုးခြံသလို ဘာကိုမှ ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။ နောက်ပြီး အကြမ်းမဖက်တဲ့ကျင့်စဉ်ကို ကျင့်သုံးနေထိုင်ကြရပါတယ်။ သူတို့ရဲ့ ဘဝပန်းတိုင်ကတော့ အိန္ဒိယနိုင်ငံသားများအတွက် အကျိုးပြုရေးပါ။ ဂန္ဒီဟာ ဘာသာရေးနဲ့ နိုင်ငံရေး၊ လူမှုရေးကို တသားတည်းဖြစ်အောင် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ သူ့အဖို့တော့ သစ္စာတရားနဲ့ နေထိုင်ခြင်းဟာ ဘုရားသခင်နဲ့ နေထိုင်ခြင်းပါပဲ။ ဒါကြောင့် သူက သစ္စာတရားသည် ဘုရားသခင်ဖြစ်သည်ဆိုတဲ့ ဆောင်ပုဒ်ကို စွဲကိုင်ပြီး လူသားများရဲ့ လွတ်လပ်ရေးကို ရရှိအောင် ဦးဆောင်ရှေ့ရွက် ပြုခဲ့တာပါ။
အိန္ဒိယနိုင်ငံကို ပြန်ရောက်ပြီး မကြာခင်မှာပဲ တချို့ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဆိုက်ပါတယ်။ ဒီလို အငတ်ဘေး ဆိုက်နေတဲ့အချိန်မှာပဲ ကိုလိုနီ အင်္ဂလိပ်အစိုးရကလည်း အခွန်အတုတ်တွေကို တိုးမြှင့်လိုက်ပါတယ်။ ဒါဟာ တိုင်းသူပြည်သားများကို ဆင်းရဲတွင်း ချောက်ကမ်းပါးကြီး အတွင်းသို့ တွန်းချလိုက်ခြင်းပဲလို့ ဂန္ဒီက မြင်ပါတယ်။ ဒါကြောင့် အငတ်ဘေးဆိုက်တဲ့ ဒေသတွေကို သွားပြီး အစာရေစာရအောင်၊ ပညာသင်နိုင်အောင်၊ ကျန်းမာရေးစောင့်ရှောက်မှု ရအောင် အကူအညီပေးပါတယ်။ ဒါကို အင်္ဂလိပ်အစိုးရက တိုင်းပြည်မငြိမ်မသက် ဖြစ်အောင်လုပ်တယ်ဆိုပြီး သူ့ကို ဖမ်းပါတယ်။ ဒီအခါမှာ ပြည်သူလူထု သိန်းနဲ့ချီပြီး ဂန္ဒီကို လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ အစိုးရလည်း နောက်ဆုံးမှာတော့ လွှတ်ပေးလိုက်ရပါတယ်။ ဒီအချိန်ကစပြီး ဂန္ဒီကို မဟတ္တမဂန္ဒီလို့ ခေါ်ကြပါတယ်။
ဒီနောက်မှာတော့ မဟတ္တမဂန္ဒီဟာ ကိုလိုနီအစိုးရနဲ့ မပူးပေါင်းဖို့ ဟောပြောပါတယ်။ အင်္ဂလိပ်ထုတ်ကုန်တွေကို မသုံးဘဲ ကိုယ့်ဖာသာယက်လုပ်တဲ့ အထည်တွေကိုသာ ဝတ်ဖို့ စည်းရုံးလှုံ့ဆော်ပါတယ်။ သူကိုယ်တိုင်လည်း သူ့ဖာသာယက်တဲ့ အထည်ကိုသာ ဝတ်ပြပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွင်းကို အမျိုးသမီးများပါဝင်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ ဂန္ဒီဟာ အင်္ဂလိပ် အဝတ်အထည်များကို သပိတ်မှောက်ဖို့သာမက အင်္ဂလိပ်အစိုးရနဲ့ မပူးပေါင်းဖို့ အစိုးရဝန်ထမ်းများအဖြစ်က နုတ်ထွက်ကြဖို့ အင်္ဂလိပ်အစိုးရက အပ်နှင်းချီးမြှင့်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ပြန်ပေးဖို့လည်း စည်းရုံးဟောပြောပါတယ်။ ဒီလှုပ်ရှားမှုအတွက် ဂန္ဒီကြီးဟာ ထောင် ၆ နှစ် ပြစ်ဒဏ်ချမှတ်တာ ခံခဲ့ရပါတယ်။
ဂန္ဒီကြီးရဲ့ လူသိများတဲ့ လှုပ်ရှားမှုတခုကတော့ ၁၉၃၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားခွန်မပေးရေး ဆန္ဒပြချီတက်ပွဲကြီးပါ။ ဂန္ဒီကြီးနဲ့တကွ လူထောင်သောင်းများစွာဟာ ပင်လယ်ရေကနေ ကိုယ့်ဖာသာ ဆားချက်မယ်ဆိုပြီး ကီလိုမီတာ ၄၀၀ ဝေးတဲ့ ခရီးရှည်ကြီးကို ချီတက်ကြပါတယ်။ ဒီချီတက်ပွဲမှာ လူပေါင်း ၆ သောင်းကျော် အဖမ်းခံခဲ့ရပါတယ်။
မဟတ္တမဂန္ဒီဟာ နိုင်ငံသားများ လွတ်လပ်ရေးအတွက် ထောင်အကြိမ်ကြိမ် ကျခဲ့ရသလို လုပ်ကြံမှုလည်း အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဒီလိုဒုက္ခတွေကို ကြံ့ကြံ့ခံရင်း တိုက်ပွဲဝင်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်နိုင်ငံက ခွဲထွက်သွားတဲ့အတွက် ဂန္ဒီကြီး အလွန်စိတ်ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ဟိန္ဒူ- မွတ်စလင် ချစ်ကြည်ရေးအတွက် သူဟာ အားသွန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၈ ဇန်နဝါရီ ၃၀ ရက်မှာ ဝတ်ပြုဆုတောင်းဖို့ ဘုရားကျောင်းကို အသွား ဟိန္ဒူအယူသည်းသမား တယောက်ရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။
ဂန္ဒီကြီး ကွယ်လွန်သွားတဲ့အခါ ဂျဝါဟာလာနေရူးက တိုင်းပြည်ကို မိန့်ခွန်းတခု ပြောကြားပါတယ်။
“အိုး မိတ်ဆွေအပေါင်းအသင်းများနှင့် ရဲဘော်ရဲဘက်များခင်ဗျား - ကျနော်တို့ ဘဝထဲက အလင်းရောင်တော့ ကွယ်ပျောက်သွားပါပြီ။ နေရာတကာမှာ အမှောင်ထုကြီး ဖုံးလွှမ်းနေပါပြီ။ ကျနော်တို့အလွန်တရာ လေးစားကြည်ညိုရတဲ့ ခေါင်းဆောင်ကြီး ကျနော်တို့ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးဟာ အခု မရှိတော့ပါဘူး” လို့ ကြေကွဲဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။
တကယ်တော့ လွတ်လပ်စွာရှင်သန်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို အိန္ဒိယနိုင်ငံသားများ ရရှိခံစားနိုင်အောင် ကြိုးပမ်းသွားတဲ့ မဟတ္တမဂန္ဒီဟာ အိန္ဒိယနိုင်ငံတခုတည်းအတွက်သာ အလင်းရောင် ဖြစ်တာ မဟုတ်ပါဘူး။ လူသားအားလုံးအတွက် လမ်းပြရှေ့ဆောင် မီးရှူးတန်ဆောင်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးတလုံးအဖောက်ခံရလို့ အခြားမျက်လုံးတလုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးဟာ အကန်းကမ္ဘာကြီး ဖြစ်သွားမယ်လို့ ပြောခဲ့တဲ့ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက်တဲ့နည်းကို နောက်ပိုင်းမှာတော့ မာတင်လူသာကင်း တို့လို လူ့အခွင့်အရေးတိုက်ပွဲဝင်သူများက ဆက်လက်ကိုင်စွဲ ကျင့်သုံးရခြင်း ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ