ပြည်သူ့သမ္မတ သြဇာညောင်းမည့် ကာကွယ်ရေးဦးစီးချုပ် ရွေးထုတ်နိုင်မလား

ကာလုံဟု အများက အလွယ်ခေါ်နေကြသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ လေ့လာဆန်းစစ်ကြည့်ကြပါစို့။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။ ၂၀၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း၊ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။ (က) နိုင်ငံတော်သမ္မတ (ခ) ဒုတိယသမ္မတ (ဂ) ဒုတိယသမ္မတ (ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဆ) ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး (ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး (ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး (ဋ) နယ်စပ်ရေးရာဝန်ကြီးဌာဝန်ကြီး အဖွဲ့ဝင် အားလုံး ၁၁ ဦးရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သြဇာညောင်းသူ ၆ ဦး ပါဝင်သည်။ ၎င်းတို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်အစုအဖွဲ့မှ တင်သွင်းထားသည့် ဒုတိယသမ္မတ တဦး၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့ ဖြစ်ကြပြီး ကျန်သူများမှာ နိုင်ငံတော်သမ္မတ သို့မဟုတ် ရွေးကောက်ပွဲအနိုင်ရပါတီ၏ သြဇာညောင်းသူ ၅ ဦး ဖြစ်ကြသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ တာဝန်များမှာ အခြေခံဥပဒေပုဒ်မ ၂၀၄(ခ) အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတအား ထောက်ခံချက် ပေးနိုင်သည်။ ပုဒ်မ ၂၀၆ အရ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေတွင် နိုင်ငံခြား တိုင်းပြည်တပြည်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ရန် သမ္မတကို ညှိနှိုင်း တိုင်ပင်နိုင်သည်။ ပုဒ်မ ၂၁၃(က) အရ ကျူးကျော်တိုက်ခိုက်ခံရလျှင် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ရန် သမ္မတကို ညှိနှိုင်းတိုင်ပင်နိုင်သည်။ (သို့သော်လည်း စစ်ကြေညာခြင်း၊ စစ်ပြေငြိမ်းခြင်းကိုမူ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ သမ္မတက ဆောင်ရွက်ခွင့်ရှိသည်။) ထို့ပြင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လွှဲအပ်ကြောင်း ကြေညာရန်လိုသည့် ကိစ္စရပ် အပါအဝင် အခြေခံဥပဒေ၊ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပါရှိသည့် ပုဒ်မများအရ အရေးကြီးသည့် နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်များတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် သမ္မတနှင့် ဆွေးနွေးညှိနှိုင်းရန် တာဝန်ရှိပေသည်။ ဤအဖွဲ့ကို နိုင်ငံတော်သမ္မတက ဦးဆောင်ရမည်ဟု ဆိုထားရာ ဆွေးနွေးတိုင်ပင်ရန်ကိစ္စများ ပေါ်ပေါက်လျှင် အစည်းအဝေးခေါ်နိုင်သည်။ သို့သော်လည်း ကာကွယ်ရေးဦးစီးချုပ်နှင့် ပြင်းထန်စွာ သဘောထားကွဲလွဲသည့် ပြဿနာများ ပေါ်ပေါက်၍ မဲခွဲဆုံးဖြတ်ရန်လိုအပ်လျှင် ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားက ၆ မဲ ၅ မဲဖြင့် အနိုင်ရနိုင်သည့် အနေအထားဖြစ်သည်။ ဤအချက်ကိုထောက်၍ အချို့သော လေ့လာဆန်းစစ်သူများက ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ပေးထားသော သမ္မတ၏ သဘောထားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လွှမ်းမိုးနေနိုင်သည့် အနေအထားဖြစ်သဖြင့် ဒီမိုကရေစီမကျဟု ဆိုကြသည်။ သို့ဆိုလျှင် ကာကွယ်ရေးဦးစီးချုပ်တာဝန်မှာ အလွန်အရေးပါသည့် အနေအထားတွင်ရှိပြီး ၎င်းကို တာဝန်ပေးအပ် ခန့်ထားရေးကို မည်သို့ဆုံးဖြတ်သလဲ ဆိုသည်ကို ကြည့်ကြစို့။ အခြေခံဥပဒေပုဒ်မ ၃၄၂ က နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။ ဟု ဆိုထားပါသည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို အခြားသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကဲ့သို့ သမ္မတ၏သက်တမ်းနှင့်အညီ ငါးနှစ်ဖြစ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားသဖြင့် ၎င်း၏ ဝန်ထမ်းသက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်နိုင်သည့်သဘော ဖြစ်ပါသည်။ အခြေခံဥပဒေပုဒ်မ ၂၉၁ တွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့်အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟုသာ ဆိုထားသည်။ ဆိုလိုသည်မှာ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်သားတို့၏ ပင်စင်ယူရမည့်သက်တမ်း သတ်မှတ်ချက်၊ ရာထူးအဆင့်တိုးမြှင့်ခြင်း၊ လျှော့ချခြင်း၊ ချီးမြှောက်ခြင်း၊ အပြစ်ပေး အရေးယူခြင်း စသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သီးခြား တပ်မတော်ဆိုင်ရာ ဥပဒေများအရ ဆောင်ရွက်ရမည်ဟု ဆိုထားပါသည်။ သို့ဖြစ်လျှင် အဆိုပါဥပဒေများ အသင့်ပြဋ္ဌာန်းထားပြီးဖြစ်လျှင် အဆိုပါဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သက်တမ်းပြည့် တာဝန်ထမ်းဆောင်ခွင့် ရှိပါသည်။ သို့သော်လည်း အခြားသော ဝန်ထမ်းများနည်းတူ ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို ၆၀ ထားမည်၊ မထားမည်ကို ဆုံးဖြတ်ပိုင်ခွင့်၊ ပြင်ဆင်သတ်မှတ်ပိုင်ခွင့်၊ တနည်းအားဖြင့် ဥပဒေပြုပိုင်ခွင့်ရှိသူမှာ ပြည်ထောင်စုလွှတ်တော်သာ ဖြစ်သည်ကို သတိပြုရပါမည်။ ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေအရ သတ်မှတ်သည့် သက်တမ်းပြည့်သည့်နေ့တွင် အနားယူရမည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ကာလုံ၏ ထောက်ခံချက်ဖြင့် သမ္မတက ခန့်အပ်တာဝန် ပေးနိုင်ပါသည်။ အရေးကြီးသည့်အချက်မှာ နောက်အသစ်တက်လာမည့် ကာကွယ်ရေးဦးစီးချုပ်ကိစ္စကို အဆုံးအဖြတ်ပေးမည့် ကာလုံအစည်းအဝေးကို လက်ရှိ ကာကွယ်ရေးဦးစီးချုပ် မနုတ်ထွက်ခင် ပြုလုပ်မည်လော၊ သို့တည်းမဟုတ် နုတ်ထွက်ပြီးသည့်အခါမှ ဆွေးနွေးဆုံးဖြတ်ရမည်လော ဆိုသည့် သတ်မှတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားပါချေ။ အကယ်၍ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် မနုတ်ထွက်မီ အဆိုပါကိစ္စကို ဆွေးနွေးဆုံးဖြတ်ရမည်ဟု အခြေခံဥပဒေက ပြဋ္ဌာန်းထားခဲ့လျှင် ကာလုံတွင် အများစုမဲရှိနေသော လက်ရှိကာကွယ်ရေးဦးစီးချုပ် သြဇာညောင်းသူ တယောက်ယောက်သာ ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ဆက်ခံလာနိုင်ပြီး ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်သည် အရပ်သားသမ္မတ သြဇာညောင်းသူများ ဖြစ်လာဖွယ်ရာ မရှိနိုင်ပါချေ။ သို့သော်လည်း  အခြေခံဥပဒေတွင် ထိုသို့ တိကျသည့် ပြဋ္ဌာန်းထားချက် မပါရှိခြင်းက ပြည်ထောင်စုလွှတ်တော် အနေဖြင့် ပိုမိုအသေးစိတ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကို ပြဋ္ဌာန်းခွင့်ရှိနေပြီး နိုင်ငံတော်သမ္မတက နှစ်သက်လိုလားသည့် ကာကွယ်ရေးဦးစီးချုပ်သစ်ကို ခန့်ထားရန် အခွင့်အလမ်းတရပ် ပွင့်နေသည်ကို တွေ့မြင်နိုင်ပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည့် အခြား အကြောင်းပြချက်ကောင်း တရပ်မှာ အခြေခံဥပဒေပုဒ်မ ၂၀၁ တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန်” ဟု ဆိုထားသဖြင့် အခြေခံဥပဒေတွင် ဖော်ပြမထားသော တာဝန်များ ဖြစ်ကြသည့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းတိုင်ပင်ခြင်း စသည့်တာဝန်များကို ပြည်ထောင်စုလွှတ်တော်က ပေးအပ်ရမည့် အခြေအနေများလည်း ရှိနေခြင်း ဖြစ်ပါသည်။ ထို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေ ရေးဆွဲသည့်အခါ ကာကွယ်ရေးဦးစီးချုပ်အသစ် ခန့်အပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွင်- (က) လက်ရှိ ကာကွယ်ရေးဦးစီိးချုပ်တာဝန်မှ အနားယူပြီးသည့်အခါ လစ်လပ်သွားသော ကာကွယ်ရေးဦးစီးချုပ်နေရာ ဆက်ခံရေးအတွက် သင့်တော်သည့်သူ တယောက်ယောက်ကို ခန့်အပ်တာဝန်ပေးရန် ကျန်ရှိနေသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်း၍ သမ္မတထံ ထောက်ခံအဆိုပြု  တင်ပြရမည်။ (ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအတွင်း အများစု ထောက်ခံမဲမရရှိသော ကာကွယ်ရေးဦးစီးချုပ်လောင်းကို သမ္မတက ငြင်းပယ်နိုင်သည်။ အများစုထောက်ခံမဲ ဆိုသည်မှာ ၅၀ ရာခိုင်နှုန်းကျော်သောမဲဖြစ်သဖြင့် ကာကွယ်ရေးဦးစီးချုပ်လောင်းသည် ထောက်ခံမဲ ၆ မဲရရှိသူ ဖြစ်ရမည်ဟု ဆိုလိုသည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် နုတ်ထွက်သွားပြီးဖြစ်သဖြင့် ကျန်သော အဖွဲ့ဝင်များမှာ သမ္မတအပါအဝင် ၁၀ ဦးရှိမည်ဖြစ်ပြီး သမ္မတက သြဇာညောင်းသူ ၅ ဦး၊ နုတ်ထွက်သွားသော ကာကွယ်ရေးဦးစီးချုပ်ဟောင်းက သြဇာညောင်းသူ ၅ ဦး ရှိမည်ဖြစ်သဖြင့် အညီအမျှ ဖြစ်နေပါလိမ့်မည်။ သို့ဖြစ်ရာ အများစုထောက်ခံမဲရသူ မရှိမချင်း ဆွေးနွေးညှိနှိုင်းရမည့်သဘော ဖြစ်ပါသည်။ (ထိုသို့ မတင်မကျဖြစ်နေခြင်းကို မလိုလားလျှင် အောက်ပါပြဋ္ဌာန်းချက်ကို ဖြည့်စွက်ခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။) (ဂ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်သောအခါ ပုဒ်မခွဲ (ခ) ပါအတိုင်း အများစုထောက်ခံမဲ မရရှိဘဲ ထောက်ခံသူနှင့် ကန့်ကွက်သူ အညီအမျှ ဖြစ်နေသော ကာကွယ်ရေးဦးစီးချုပ်လောင်းကို သမ္မတက အသာမဲ ထပ်မံပေးခြင်းဖြင့် ထောက်ခံ သို့မဟုတ် ကန့်ကွက်ခြင်း ပြုနိုင်သည်။ ထိုသို့သော ပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်းပြဋ္ဌာန်းနိုင်ခဲ့လျှင် အခြေခံဥပဒေကိုလည်း ဆန့်ကျင်ဖောက်ဖျက်ရာ မရောက်၊ နောင်တက်လာမည့် ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်ကို တပ်မတော်ကသာ လုံးလုံးဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အနေအထားလည်း မဟုတ်ဘဲ ကာလုံအဖွဲ့ဝင် တပ်မတော်သား ၅ ဦးသာမက သမ္မတဘက်တော်သား တယောက်ယောက်ကပါ လိုလားထောက်ခံမှ (သို့မဟုတ်) သမ္မတသြဇာညောင်းသူ ကာလုံအဖွဲ့ဝင် ၅ ဦးနှင့် တပ်မတော်သား ကာလုံအဖွဲ့ဝင် တဦးဦးတို့က လိုလားထောက်ခံမှ (သို့မဟုတ်) သမ္မတက လိုလားထောက်ခံမှသာ ကာကွယ်ရေးဦးစီးချုပ်သစ် ဖြစ်လာနိုင်ချေရှိတော့မည် ဖြစ်ပါကြောင်း ဆွေးနွေးလိုက်ရပါသည်။ ရဲထွန်း (သီပေါ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up