DVB Logo
Home
မြန်မာသတင်း
အပြုသဘော ပူးပေါင်းဆောင်ရွက်ရေး လက်တွေ့အကောင်အထည်ဖော်ဖို့လို
DVB
·
August 15, 2011
အပြုသဘော ပူးပေါင်းဆောင်ရွက်ရေး လက်တွေ့အကောင်အထည်ဖော်ဖို့လို
Donate to DVB

မြန်မာ့ဒီမိုကရေစီ​ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး​ ဦးအောင်ကြည်တို့ ဒုတိယအကြိမ်​ တွေ့​ဆုံမှုကနေ သဘောတူညီခဲ့ကြတဲ့ အပြုသဘော နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး​ ကိစ္စတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောကြား လိုက်ကြပါတယ်။

ဦးသုဝေ​၊​​ ဦးခင်မောင်ဆွေ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာ သဘောတူညီခဲ့ကြတဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့အပါအ၀င်  မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကား လာစေရေး၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး​ တိုးတက်လာစေရေးတွေ​ အတွက် အပြုသဘော ပူးပေါင်းဆောင်ရွက် သွားကြဖို့ စတဲ့ နှစ်ဖက် သဘောတူညီချက်တွေ အပေါ် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်း ပြောကြားလိုက်ကြတာ ဖြစ်ပါတယ်။

အဲ့ဒီထဲက အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။

“အစိုးရဘက်ကလည်း လိုက်လျောသင့်သလောက် လိုက်လျောမယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ခြင်း မကတော့ဘူး။ ညှိနှိုင်း ဆွေးနွေးတဲ့အဆင့်ကို ကျော်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ အဆင့်ကိုတောင် ပြောလိုက်ပြီဆိုတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှာကို၊ တွေ့ဆုံညှိနှိုင်းတဲ့ အဆင့်ကို ကျော်ပြီးတော့ ပြောလိုက်တော့ မျှော်လင့်စရာတွေတော့ ပိုပိုလာတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်မယ်ဆိုရင် ပြည်သူတွေအတွက် ကောင်းကျိုးချမ်းသာတွေက မလွှဲမသွေ ရောက်လာမှာပါ။ ပါးစပ်က ပြောနေရုံနဲ့မဟုတ်ဘဲနဲ့ လက်တွေ့ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းသဘောဆောင်တဲ့ အချက်တွေကို ကျနော်တို့ မသိရသေးဘူး။”

ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဋိပက္ခအသွင်ဆောင်နေတဲ့ အမြင်သဘောထားတွေကို ရှောင်ရှားပြီး အပြန်အလှန် ကူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ဦးတည်သွားဖို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ဆိုတဲ့ အချက်တွေကိုလည်း ဒုတိယအကြိမ် တွေ့ဆုံမှုမှာ သဘောတူညီခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံ မှုအပြီးမှာ တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ အပါအ၀င် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လည် သုံးသပ်ဖို့စတဲ့ ပူးပေါင်းဆောင် ရွက်မှုတွေကို စတင် ပြုလုပ်လာပါတယ်။

ဒီအပေါ်ကိုလည်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။

“အစိုးရအနေနဲ့တော့ ဘာမှပြောတာ မကြားသေးဘူး။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး ဆိုပါတော့၊ တနေ့က သတင်းစာ ရှင်းလင်းပွဲမှာဆိုရင် ငြိမ်းချမ်းရေးကို သူတို့လည်းလုပ်နေတယ်။ အားလုံးလည်း လုပ်ကြပါဆိုတာမျိုးကို ယေဘုယျပဲ ပြောသွားတာ။ အဲဒါကို သူတို့  နှစ်ဦးဆွေးနွေးတဲ့အခါမှာ ဘယ်လောက်ပါသလဲတော့ မသိဘူး။”

အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ကတော့ ၂၀၀၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ပြန်လည်လွတ်မြောက်ချိန်တွေကလို တွေ့ဆုံ ဆွေးနွေးမှုတွေကနေ နောက်ဆုံးမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအကြမ်းဖက်မှုနဲ့ အဆုံးသတ်ခဲ့သလို ဖြစ်ရပ်မျိုးတွေ အစိုးရသစ်အနေနဲ့  နောက်ပိုင်းမှာ လုပ်ဆောင်လာမှာကို သံသယ ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013