DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီး ထိမှန်သဖြင့် အိမ်မီးလောင်၊ ရှမ်းရွာသား ၇ ဦး ဒဏ်ရာရ
DVB
·
August 15, 2011
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ထဲမှာ အစိုးရတပ်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ရွာသူကြီးအိမ် မီးလောင်ပြီး ကလေး ၃ ဦးအပါအ၀င် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီကျော်လောက်က မိုင်းရယ်မြို့နယ် ၀မ်ဇန့်ရွာထဲကို အဲဒီရွာအခြေစိုက် ခလရ ၃၂ ၅ တပ်က လက်နက်ကြီး အလုံး ၂၀ ကျော်ပစ်ခတ်ခဲ့တာ ကျေးရွာဥက္ကဋ္ဌ ဦးဆန်စိုင်းရဲ့ နေအိမ် မီးလောင်သွားပြီး ရွာထဲက အသက် ၆ နှစ်၊ ၁၀ နှစ် နဲ့ ၁၁ နှစ်ရွယ် ကလေး သုံးယောက်အပြင် လူကြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မိုင်းရယ်ဒေသခံတဦးက “အစိုးရတပ်က ရွာထဲကို ၀င်မလာခင် ၀မ်ဇန့်ဈေးထဲမှာ ရှမ်းစစ်သား နှစ်ဦးနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်။ အစိုးရတပ်ဘက်က ဈေးထဲက  ဒေသခံတွေကို ရှမ်းလက်နက်ကိုင်အကြောင်း သတင်းမေးနေတုန်း အရပ်ဝတ် ရှမ်းစစ်သားနှစ်ဦးက အစိုးရ တပ်သားတယောက်ကို ဓားနဲ့ခုတ်ပြီး သေနတ်လုယူ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ အစိုးရတပ်ဟာ ရွာထဲကို  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီပြောခွင့်ရ ဗိုလ်မှူးစိုင်းလကို မေးမြန်းကြည့်တဲ့အခါမှာ အစိုးရတပ်သားကို ဓားနဲ့ခုတ်ပြီး သေနတ်လုသွားသူဟာ ရှမ်းပြည်တပ်မတော်ကဖြစ်ကြောင်း ခုလို အတည်ပြုပြောကြားခဲ့ပါတယ်။

“မေးလားမြန်းလား လုပ်တယ်။ နောက်ပြီးတော့ ကျနော်တို့ ရဲဘော်တွေကလည်း သူတို့နားမှာရှိတဲ့ ရဲဘော်ကို ဓားနဲ့ခုတ်ပြီး သေနတ်တလက် ယူခဲ့တယ်။ သေလားရှင်လားတော့ မသိဘူး။ ထုံးစံအတိုင်းပေါ့။ အကုန်လုံးကို လက်နက်ကြီးနဲ့ပစ်ပြီး ရမ်းကားသွားတာက ကုလားမနိုင်၊ ရခိုင်မဲတဲ့ ပုံစံပါ။”

တိုက်ပွဲဖြစ်တိုင်း ရွာသားတွေဒုက္ခရောက်ရပြီး ဒေသထဲမှာ အစိုးရတပ်တွေ  အကုန် မဆုတ်ခွာသေးသရွေ့တော့ တိုက်ပွဲက ဖြစ်နေမှာမို့လို့ အစိုးရက တကယ်တမ်း ငြိမ်းချမ်းရေးလိုချင်ရင် စေ့စပ်ဆွေးနွေးရေးကိစ္စကို အကောင်အထည် ဖော်သင့်တယ်လို့ ပြောပါတယ်။

“တကယ်တမ်းသာ အပစ်ရပ်ပြီး တွေ့ဆုံမှု လုပ်မယ်ဆိုရင် ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီးတော့ ကြေညာချက် ထွက်တဲ့အတိုင်းပေါ့။ အဲဒါမျိုး တကယ်ဖြစ်လာရင်တော့ ၀မ်းသာရမှာပါ။ ဒါပေမယ့် အခုက စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းနေတော့ ပြည်သူလူထုပဲ အရမ်းကို ဒုက္ခရောက်နေတဲ့ အချိန်ဖြစ်နေတယ်။”

အစိုးရတပ်က ရွာထဲကိုလက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတဲ့နောက်ပိုင်း အခုလ ပြီးခဲ့တဲ့အပတ် ၁၁ ရက်နေ့နဲ့ ၁၃ ရက်နေ့က အစိုးရတပ် ခလရ ၁၁၄ ၊ ခမရ ၅၀၃ စတဲ့တပ်တွေနဲ့ ရှမ်းပြည်တပ်မတော် တပ်မဟာ ၁ တပ်ရင်း ၅၇၆ နဲ့ ၇၆၂ တပ်တွေ ကျေးသီးမြို့နယ် ပန်စဲ့ ရွာနဲ့ ၀မ့်ဖွီးရွာမှာ နောက်ထပ်တိုက်ပွဲတွေ  ဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်ဘက်က တပ်ကြပ်ကြီး တဦးနဲ့ တပ်သား တဦးကျပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီး၊ ရှမ်းတပ်ဘက်က ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။

မနေ့ကမနက် ၉ နာရီလောက်မှာ ကျေးသီးအခြေစိုက် ခလရ ၁၃၁ က ၀မ့်ဖွီးဒေသ ရှမ်းတပ်မတော်ရှိရာ တောအုပ်ဘက်ကို မှန်းပြီး လက်နက်ကြီး နောက်ထပ် အလုံး ၂၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013