၈၈ မျိုးဆက်ကျောင်းသားလူငယ်များက မြစ်ဆုံရေကာတာ ကန့်ကွက်စာ ထုတ်ပြန်
DVB
·
August 15, 2011

ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များက ဒီကနေ့ ရက်စွဲနဲ့ အစိုးရထံ ကန့်ကွက်စာတစောင် ထုတ်ပြန်ကြေညာပါတယ်။
ကြေညာချက်ထဲမှာ ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်ရေး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုချက်နဲ့အတူ ပြည်သူလူထုတရပ်လုံးကို မိမိတို့ဆန္ဒ ဖော်ထုတ်ဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
ကြေညာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့်အောင်က ခုလိုပြောပါတယ်။
“တကယ်တော့ ဧရာဝတီမြစ်ကြီးရဲ့ ရှင်သန်မှုက ကျနော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ ရှင်သန်ကြီးထွားမှုပဲ။ ဧရာဝတီမြစ်ကြီး တိမ်ကော၊ ပပျောက်သွားခြင်းက ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ ဘ၀တွေ၊ အနာဂတ်တွေ ပျက်စီးဆုံးရှုံးခြင်းပါပဲ။ ဒါကြောင့်မို့လို့ ဒီမြစ်ဆုံစီမံကိန်းတွေကြောင့် ကျနော်တို့ ပြည်သူပြည်သားတွေမှာ ဘာ အကျိုးအမြတ်တွေမှ မရတဲ့အပြင် နစ်နာဆုံးရှုံးမှုတွေသာ တသီတတန်းကြီး ခံစားရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့တွေက အကျိုးမရှိတဲ့ ဒီစီမံကိန်းကို ကိုယ့်တိုင်းသူပြည်သားတွေရဲ့ မျက်နှာကို ထောက်ပြီးတော့ ရပ်တန့်ဖို့ တောင်းဆိုနေရတာပါ။”
ဒါ့ကြောင့် မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်စေဖို့နဲ့ မိခင်ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးနှင့် လူမျိုးစုပေါင်းစုံ မှီတင်းနေထိုင်ခွင့် ရရေးအတွက် ပြည်သူလူထု တရပ်လုံးက အမျိုးသားရေး တာဝန်သိစိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ဆောင်ကြရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းနဲ့ ကိုထွန်းမြင့်အောင်တို့က ၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကိုထွန်းမြင့်အောင်က လူထုဆန္ဒ ဖော်ထုတ်ဖို့နဲ့ ပတ်သက်ပြီး ဆက်လက် ပြောပြပါတယ်။
“လူထုလှုပ်ရှားမှုဆိုတာ ပုံသဏ္ဍာန်မျိုးစုံ ရှိတယ်။ သံလွင်မြစ်ကို ရေကာတာ ပိတ်ဆို့တာကို မလုပ်ဖို့ဆိုတာကို ထိုင်းအစိုးရကို တောင်းဆိုတာမျိုး လူထုက လှုပ်ရှားတာတွေ ရှိတယ်။ အခုလို အဲဒီလို လုပ်လို့ရတဲ့အနေအထားတွေ အများကြီး ရှိတယ်။ ငြိမ်းချမ်းစွာ ကျနော်တို့ရဲ့ ဆန္ဒတွေ၊ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြသမယ်။ လက်မှတ်ထိုး လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆိုင်ရာဌာနတွေကို ကန့်ကွက်တာပဲ ဖြစ်ဖြစ်၊ ဆောင်းပါးတွေ သတင်းမီဒီယာတွေကနေ ကျယ်လောင်တဲ့ လှုပ်ရှားမှုတွေ အသံတွေကို ထုတ်ဖော်ဖို့လိုလိမ့်မယ်။ အဲဒီလောက်မှ မရပ်ရင် ပြည်သူတွေက ဒီထက်ပိုပြီးတော့ ပြည်သူ့အားကို ငြိမ်းချမ်းစွာ ပြနိုင်ဖို့ စုစည်းပြီးတော့ ကြိုးစားဖို့ လိုတယ်။”
မြစ်ဆုံ ရေကာတာဆည်ကြီးကို လုံးဝ မတည်ဆောက်သင့်ကြောင်း၊ စစ်ကိုင်း ပြတ်ရွေ့ကြောနဲ့ နီးကပ်တဲ့အတွက် ငလျင်ဘေးကျရောက်ပါက စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ တမြို့လုံး ရေမြုပ်ပျောက်ကွယ်နိုင်ကြောင်း စတဲ့ အချက်တွေကို တရုတ်အစိုးရထံ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ ပညာရှင်များက တင်သွင်းတဲ့ စာမျက်နှာ ၉၀၀ ပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
