DVB Logo
Home
မြန်မာသတင်း
ရေမကျသေးသဖြင့် လယ်သမားများ အခက်ဖြစ်
DVB
·
August 15, 2011
ရေမကျသေးသဖြင့် လယ်သမားများ အခက်ဖြစ်
Donate to DVB

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အခုလ ၈ ရက်နေ့ကတည်းက မြစ်ရေတွေ တက်မှုကြောင့် မြို့တချို့ ရေလွှမ်းခဲ့ရာ အခု ရက်သတ္တပတ်တိုင် ရေမကျသေးတဲ့ အတွက် ရေဘေးဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးသလို လယ်သမားတွေလည်း လယ်ယာပျက်စီးမှုနဲ့ ကြုံတွေ့နေရပါတယ်။

[caption id="attachment_14199" align="alignleft" width="310" caption="ပဲခူးမြို့ ရေကြီးနေစဉ်"][/caption]

ရေကြီးမှုဖြစ်ပွားတဲ့ ပဲခူးမြို့မှာ ခုချိန်ထိ ရေမကျသေးသလို ရေဘေးဒုက္ခသည် သောင်းချီ ရေလွတ်ရာ ထွက်ပြေး ခိုလှုံနေကြရပြီး ကယ်ဆယ်ရေးစခန်း ၂၅ ခုအထိ ဖွင့်ထားရပါတယ်။

အခုလ ၉ ရက်နေ့က စပြီး ရေကြီးမှုကြောင့်  မန္တလေး-ရန်ကုန် ကားလမ်းပေါ် ရေကျော်ခဲ့ပေမယ့် ဒီနေ့ရေမရှိတော့ဘဲ မြို့တွင်းမှာတော့ ဆည်ရေဖောက်မှုတွေကြောင့် ရေမကျသေးဘူးလို့ ပဲခူးမြို့ခံ ဦးအေးမြင့်က ပြောပါတယ်။

“လမ်းမပေါ်မှာ ကျော်လာတဲ့ရေတွေတော့ ကျသွားပြီ။ ဒါပေမယ့် ရပ်ကွက်အနိမ့်ပိုင်း၊ ကျေးရွာ အနိမ့်ပိုင်းတွေမှာ ရှိတဲ့ရေတွေတော့ မကျသေးဘူး။ ဆည်ရေက ရေကြီးတဲ့အချိန်မှာတော့ မဖောက်ဘဲနဲ့၊ အခုမှ နည်းနည်းဖောက်ချတော့ ရေက ရှိနေတုန်းပဲ။ ရေဘေးဒုက္ခသည်စခန်း ၂၅ ခုလုံးမှာတော့ လူတွေနေ နေရတုန်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ အချို့ပိုင်းတော့ လုပ်နေတယ်လို့ ကြားသိရတယ်။ ကိုယ်တိုင်တော့ မတွေ့ရဘူး။ တကယ်လက်တွေ့ အမြဲတမ်း တနေ့ ၂ ကြိမ် ထမင်းထုပ်တို့၊ ဆန်တို့၊ မာမားခေါက်ဆွဲတို့၊ ဝေနေတာတော့ ပဲခူးမှာ အမြဲတမ်းပဲ၊ ဆောင်ရွက်နေတဲ့ ပရဟိတ ဦးကိတ္တိ ဆရာတော်ကိုယ်တိုင် ကူညီနေပါတယ်။ ဌာနဆိုင်ရာတွေကတော့ သူနာပြုဆရာမတို့၊ ဆေးခန်းတွေ၊ ဆေးပေးတဲ့ နေရာတွေတော့ ရေဘေး ဒုက္ခသည်စခန်းမှာ ဖွင့်ထားတာရှိတယ်။ ဖျားတာ၊ နာတာတော့ ကုပေးတယ်လို့ ယူဆရမယ်။ ဆေးတွေတော့ မတွေ့ရဘူး။ သူနာပြုဆရာမတွေပဲ တွေ့ရတယ်။”

ရေကြီးမှုကြောင့် အခုလ ၁၁ရက် နဲ့ ၁၂ ရက်နေ့တွေမှာ ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့  မီးရထားရပ်ခဲ့ရသလို အဝေးပြေးကားတချို့လည်း ရပ်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၃ ရက် နေ့မှာတော့ ရထားပြန်လည် ပြေးဆွဲနိုင်ပြီလို့ ဦးအေးမြင့်က ပြောပါတယ်။

ပဲခူးမြို့ပေါ် ရေဘေးဒုက္ခသည်တွေကို ပရဟိတဆရာတော် ဦးကိတ္တိက လိုက်လံ ကူညီဆောင်ရွက်ပေးသလို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း ရေဘေး ဒုက္ခသည်တွေကို ဆန်အိတ် တထောင်ကူညီနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပဲခူးမြို့အပြင် ပဲခူးတိုင်းထဲက မဒေါက်၊ ရွှေကျင်၊ ညောင်လေးပင်၊ တောင်ငူ စတဲ့မြို့တွေမှာလည်း ရေကြီးနေဆဲဖြစ်ပြီး ပိတ်ထားတဲ့ မူလတန်းကျောင်းတွေလည်း ပြန်မဖွင့်နိုင်သေးပါဘူး။

ဒီလို ရေကြီးမှုကြောင့်လည်း ပဲခူးတိုင်းအရှေ့ခြမ်း ပဲခူး၊ က၀၊ သနပ်ပင်၊ ဝေါ၊ ရွှေကျင် နဲ့ ညောင် လေးပင်မြို့နယ်တွေက လယ်မြေတွေ ရေနစ်ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုက်ပျိုးမှုရဲ့ သုံးပုံနှစ်ပုံလောက် ပျက်စီးနိုင်တယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

ပဲခူးတိုင်း က၀မြို့နယ်က လယ်သမားတဦး ကတော့  သူ့စပါးပျက်စီးရပုံနဲ့ အခက်အခဲကို ခုလို ရှင်းပြပါတယ်။

“ကျမတို့ဆီမှာ ရေတွေဖွေးပြီး စပါးတွေ နစ်ပြီးသေကုန်ပြီ။ စပါးပင်တွေ မမြင်ရတော့ဘူး။ ၁၀ ဧကလောက်ရှိတယ်။ လုပ်ပြီး မပေါ်လာသေးဘူး။ စပါးတွေကတော့ ပျက်စီးဖို့ များတယ်။ အထွက်နှုန်းတွေလည်း ထွက်မှာ မဟုတ်တော့ဘူး။ တကွင်းလုံးပဲ၊ လယ်တွေကတော့ ဧကတော်တော်များများပဲ။ တဦးကို ၁၀ ဧက၊ ၂၀ ဧက၊ ၂၅ ဧကတို့ အကုန်မြုပ်တာပဲ။ ကျမတို့တော့ စပါးတွေ ပျက်စီးတော့ ချိန်ပြီးတော့ လုပ်ကြည့်ရမှာပေါ့။ ဖြစ်မဖြစ်တော့ မသိသေးဘူး။ ရေတွေက တိုးတုန်းပဲ။”

ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ တက်မှုကြောင့် အခုလ ၃ ရက်နေ့ကစပြီး ဒုတိယအကြိမ် ရေကြီးမှုဖြစ်ပွားပြီး မြို့တွင်း နေရာတော်တော်များများ ရေနစ်မြုပ်ခဲ့ပါတယ်။

ခုချိန်ထိလည်း ရေပြန်မကျသေးတဲ့အတွက် ရေဘေးဒုက္ခသည်တွေက ဘုန်းကြီးကျောင်းတွေ၊ ကျောင်းနဲ့ ဓမ္မာရုံတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်ထားရပြီး ရေဘေးဒုက္ခသည် ၂၀၀၀ ကျော် နေထိုင်ကြပါတယ်။

ရေဘေး ဒုက္ခသည်တွေကို ဒေသခံလူမှု အဖွဲ့ အစည်းတွေ နဲ့အာဏာပိုင်တွေက အစားအသောက်တွေ ကူညီပေးနေကြသလို ပြီးခဲ့တဲ့အပတ်က ရေဘေး ဒုက္ခသည်တွေကို ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းတို့ အစိုးရအဖွဲ့က ကူညီခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013