အပြုသဘော နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက် အဖွဲ့ချုပ်ကြိုဆို ထောက်ခံ
DVB
·
August 15, 2011

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ရဲ့ ပြည်ထောင်စု အလုပ်သမားနှင့် လူမှုဝန်ထမ်း ၀န်ကြီး ဦးအောင်ကြည်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုအပြီး အပြုသဘော နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ချမှတ်ခဲ့ကြတဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။
[caption id="attachment_14186" align="alignleft" width="310" caption="ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဩဂုတ် ၁၂ ရက်နေ့ တွေ့ဆုံခဲ့စဉ်က (ဓာတ်ပုံ - ရိုက်တာ)"]
[/caption]
ဒီကနေ့ NLD ပါတီဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကြိုဆို ထောက်ခံကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး NLD ဗဟို ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“အစိုးရနှင့် ဆွေးနွေးချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကလည်း လက်ခံသဘောတူခဲ့ပါသည်။ ထို့ပြင် ထိုသို့တွေ့ဆုံခြင်းကြောင့် ထုတ်ပြန်ခဲ့သော နှစ်ဖက် သဘောတူညီချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုထောက်ခံကြောင်း ကြေညာလိုက်သည်။ ၁၅-၈-၂၀၁၁နေ့တွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဒါက ဒီနေ့ထုတ်ပြန်တာပါ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရသစ်လက်ထက် ဒုတိယအကြိမ် ဒီလ (၁၂) ရက်နေ့ တွေ့ဆုံမှုအတွင်းမှာတော့ ပြည်သူလူထု တရပ်လုံးရဲ့ လိုအပ်ချက် ဆန္ဒအတိုင်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့နဲ့အတူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကားလာစေရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားကြဖို့ နှစ်ဖက် သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။
ဒါ့အပြင် ပဋိပက္ခ အသွင်ဆောင်နေတဲ့ အမြင်သဘောထားတွေကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ဦးတည်သွားဖို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတဲ့ အချက်တွေကိုလည်း သဘောတူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှု အတွင်းမှာတော့ တွေ့ဆုံမှုတွေအတွက် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပြီး အဲ့ဒီလို ဆွေးနွေးတဲ့နေရာမှာလည်း တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေ ပါဝင်ခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာတော့ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ အဖြစ်ကနေ ပျက်ပြယ်ကြောင်း အစိုးရက သတ်မှတ်ထားပြီး NLD ပါတီကတော့ တရားဝင်ပါတီ အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ အစိုးရသစ်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲအတွင်းမှာတော့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်တိုက် လုပ်ဆောင်နေသလို NLD ပါတီနဲ့ ပတ်သက်ပြီးတော့ ပျော့ပျောင်းတဲ့ သဘောထားရှိကြောင်းနဲ့ တရားဝင် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့ ပြောကြားခဲ့ပါတယ်။
