DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်
DVB
·
August 15, 2011
စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်
Donate to DVB

ဒဿနစာပေတွေ ရေးတဲ့ စာရေးဆရာ နန္ဒာသိန်းဇံ အသက် (၆၅) နှစ်ဟာ ဩဂုတ်လ ၁၄ ရက် ညခုနှစ်နာရီ ဆယ့်ငါးမိနစ်ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံမှာ       ပန်းနာရင်ကျပ်​ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

အမည်ရင်း ဦးသိန်းဇံဖြစ်ပြီး ပဲခူးတိုင်း၊ ပေါင်းတည်ဇာတိ​ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ ဖွားမြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဒဿနိက ဗေဒဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် မဟာဝိဇ္ဇာတန်း​အတွက် တင်သွင်းတဲ့ ဘ၀အဓိပ္ပာယ်နဲ့​ ဘ၀သစ္စာ စာတမ်းဟာ သူ့ရဲ့ ပထမဆုံး ဒဿနစာအုပ်လည်း ဖြစ်ပါတယ်။

ကလောင်အမည်ယူစဉ်က နန္ဒသိန်းဇံလို့ နာမည်ပေးခဲ့ပေမယ့် စာပြင်တဲ့လူက နန္ဒမှာရေးချထည့်လိုက်လို့ နန္ဒာသိန်းဇံ ဖြစ်ခဲ့ရကြောင်း ဆရာက သူ့စာပေဟောပြောပွဲတခုမှာ ပြောခဲ့ဖူးပါတယ်။

ဒဿနစာတွေကို လူအများ​ လက်ခံနားလည်​ လွယ်အောင် ရေးသား​ တင်ပြတတ်သူဖြစ်ပြီး အထူးသဖြင့်တော့ ဗုဒ္ဓဒဿနတွေကို စကားပြေနဲ့​ တင်ပြတဲ့​ နေရာမှာ ထူးချွန်​ ပြောင်မြောက်သူ​ ဖြစ်ပါတယ်။

ဒဿနစာပေတွေ ရေးတဲ့သူနှစ်ဦးဟာ စာပေနယ်မှာ ထင်ရှားခဲ့ပြီး တဦးက ဆရာပါရဂူ (ကွယ်လွန်) ၊ တဦးက နန္ဒာသိန်းဇံဖြစ်တဲ့အကြောင်းနဲ့ ဆရာနှစ်ဦးရဲ့ ဒဿနစာပေအပေါ် ဆရာဖေမြင့်က ခုလို သုံးသပ်ပြောဆိုပါတယ်။    “ဆရာပါရဂူကလည်း ဒဿနပိုင်းကို အဓိကထားရေးတယ်။ ဗုဒ္ဓအတွေးအခေါ်ရော၊ တခြားအတွေးအခေါ်ပါတဲ့ စာတွေပေါ့။ အိန္ဒိယဘက်က ထွက်တဲ့ တခြားအတွေးအခေါ် စာတွေ ဆရာပါရဂူက များများရေးခဲ့တယ်။ ဆရာနန္ဒာသိန်းဇံကလည်း စဉ်းစားတွေးခေါ်တတ်တဲ့ အကြောင်းအရာတွေကို အဓိက ရေးတာပဲ။ အဲတော့ အဲဒီ ၂ ယောက်ထဲမှာ ကျနော်မြင်တာကတော့ ဆရာပါရဂူကတော့ စာရေးဆရာ ပိုဆန်တယ်လို့ ကျနော်မြင်တယ်။ ဆရာနန္ဒာသိန်းဇံကတော့ ပညာရပ်ပိုင်းဆိုင်ရာ ပညာရှင်ပိုဆန်တယ်။ အဲဒီလိုရေးသားတဲ့ နေရာမှာ။ ကျနော်တော့ အဲဒီလိုမြင်တယ်။”

နန္ဒာသိန်းဇံရဲ့ အအောင်မြင်ဆုံး​ စာအုပ်ကတော့ ခရောင်းလမ်းကို​ ဖြတ်ကျော်ခြင်း ဖြစ်ပါတယ်။

၁၉၇၀​ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ဒဿနိကဗေဒဌာန​ နည်းပြဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ် အငြိမ်းစား​ယူချိန်မှာတော့ ပါမောက္ခ​ ဖြစ်ပါတယ်။

ဆရာနန္ဒာသိန်းဇံရဲ့ ဈာပနကို လာမယ့် ကြာသပတေးနေ့မှာ ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ  ဒေါ်ခင်မာမာ ကျန်ရစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013