DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးကိစ္စ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေး
DVB
·
August 15, 2011
မူးယစ်ဆေးဝါးကိစ္စ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေး
Donate to DVB

မူးယစ်ဆေးဝါး နှိမ်နင်းဖို့ အပါအ၀င် နှစ်နိုင်ငံ နယ်စပ်ပြဿနာတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ရဲချုပ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့  ထိုင်းမီဒီယာမှာ ဖော်ပြပါတယ်။

[caption id="attachment_14177" align="alignleft" width="310" caption="နှစ်နိုင်ငံ​ ရဲချုပ်နှစ်ဦး​​ ဆွေး​နွေး​နေစဉ် (photo-Kaosod Thai online news)"][/caption]

အခုလ ၁၃ ရက်ကနေ ၁၅ ရက်ထိ နှစ်နိုင်ငံ ရဲချုပ်နဲ့တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးအပြင် မဲခေါင်မြစ်မှာ မကြာခဏ ဖြစ်ပွားနေတဲ့ ဓားပြတိုက် ပြန်ပေးဆွဲမှုတွေကို ထိရောက်စွာ အရေးယူဖို့၊ နိုင်ငံခိုးဝင်မှုတွေနဲ့ အတူ လူကုန်ကူးမှုတွေကို နှိမ်နင်းဖို့နဲ့ နယ်စပ်မှာ ဖြစ်ပွားလေ့ရှိတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အပြန်အလှန် ဝေမျှဖို့အပြင် အနီးကပ် ပူးပေါင်းလက်တွဲ နှိမ်နင်းသွားဖို့လို့ ဆိုပါတယ်။

ဒီလို ပူးပေါင်း ဆောင်ရွက်မှုတွေကို လက်ရှိ တာချီလိတ်-မယ်ဆိုင် တခုတည်း သာမကဘဲ ထိုင်း-မြန်မာ နယ်စပ်တလျှောက်လုံးကို တိုးချဲ့ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းရဲချုပ်က ထိုင်းမီဒီယာကို ပြောပါတယ်။

မြန်မာအစိုးရဟာ ရှမ်းပြည်နယ်ထဲက အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့​အစည်းတွေကို ထိုင်း-မြန်မာနယ်စပ်တလျှောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖို့ အတွက် နားလည်မှု ပေးထားတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ၀ပြည်​ သွေးစည်းညီညွတ်ရေး​ တပ်မတော်က နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ငြင်းဆန်လိုက်ပြီးနောက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၀ အဖွဲ့ တိုက်ဖျက်ရေးအတွက် အသုံးချနိုင်ဖို့ မြန်မာအစိုးရက အားထုတ်နေတာ ဖြစ်ကြောင်း ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ရဲ့ တာဝန်ခံ ခွန်ဆိုင်းက ခုလို ထောက်ပြပါတယ်။

“၀ ဟာ နေပြည်တော်ရဲ့ နံပါတ် ၁ ပစ်မှတ်တခု ဖြစ်လာတယ်။ သူ့ရဲ့ ၀င်ငွေ ရပေါက်လမ်းတွေ အကုန်လုံး နေပြည်တော်က လိုက်ပိတ်နေတယ်။ အခု ၀ မှာလည်း ပြဿနာ အများကြီး တွေ့ရတယ်။ နံပါတ် ၂ က တဖက်ကလည်း ဒီမူးယစ်ဆေးဝါးတွေ ထွက်လာတာဟာ အရင်က နအဖ၊ အခုတော့ ကြံ့ဖွံ့အစိုးရက အားပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ နယ်ခြားစောင့်တပ် အဖွဲ့တွေ၊ အဲဒီအဖွဲ့တွေကနေ ထုတ်လုပ်တဲ့ဟာတွေက ပိုများလာတယ်။”

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကထွက်တဲ့ မူးယစ်ဆေးဝါးတွေ ဖြန့်ချိရာ အဓိက ဈေးကွက် ဖြစ်နေပြီး၊ ​၂၀၁၀​ ​ခု​နှစ်​အ​တွင်း​မှာ​ ယာဘလို့ ခေါ်တဲ့ မြင်းဆေးပြား ၃၂ သန်းကျော် ထိုင်းနိုင်ငံကို တင် သွင်းခဲ့တယ်လို့  အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံး ဖြစ်ပြီး တနှစ်ကို မူးယစ်ဆေးဝါး တန်ချိန် ၃၀၀ ကျော် ထုတ်လုပ်တဲ့ မြန်မာနိုင်ငံကတော့ ဒုတိယ အများဆုံးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013