DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးမှာ လူထုသောင်းချီကြို
DVB
·
August 14, 2011
ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးမှာ လူထုသောင်းချီကြို
Donate to DVB

တနင်္ဂနွေနေ့ ပဲခူးခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ်လာတဲ့ နောက်ပိုင်း အရေးကြီးတဲ့ နိုင်ငံရေးစမ်းသပ်မှု အဖြစ် သုံးသပ်နေကြတဲ့ အချိန်မှာ ပဲခူးနယ်ခံလူထု ထောင်သောင်းချီပြီး ကြိုဆိုခဲ့ကြပါတယ်။

[caption id="attachment_14156" align="alignright" width="310" caption="ဓာတ်ပုံ-​ရိုက်တာ"][/caption]

၂၀၀၃ ခုနှစ် အထက်မြန်မာပြည် ခရီးစဉ် နောက်ပိုင်း ပထမဆုံး ရန်ကုန်ပြင်ပ နိုင်ငံရေး ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ၊ အဖွဲ့ချုပ်ဝင်တွေ၊ လူငယ်ကွန်ရက် အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေ စုစုပေါင်း လူ (၂၀၀) ခန့် လိုက်ပါသွားကြပါတယ်။

မနက် (၆) နာရီမှာ ရန်ကုန်ကနေ ထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကားတန်းဟာ မနက် (၈) နာရီ ပဲခူးမြို့ကို ၀င်လာပြီး၊ ရွှေမော်ဓော ဘုရားနှင့်  သာသနာ့မဏ္ဍိုင် ဆရာတော်ကို ဦးစွာဖူးမျှော်ပြီး အဲဒီကနေ  သနပ်ပင်မြို့မှာ အဖွဲ့ချုပ်ဝင်တွေရဲ့ အစီအစဉ်ဖြစ်တဲ့ အောင်ဆန်း ဂျာမွန်း (ကချင်ဘာသာဖြင့် - မြန်မာလို - အောင်ဆန်းရွှေဝတ်မှုံ) စာဖတ်ခန်းနဲ့ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သနပ်ပင်ခရီးကို လူထုရဲ့ ကြိုဆိုမှုဟာ မယုံနိုင် အောင်ဖြစ်ရတယ်လို့  သနပ်ပင်မြို့နယ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောပြပါတယ်။

“ကျနော်တို့ သနပ်ပင်မြို့နယ် အပါအ၀င် လူထုကို၊ ပဲခူးတိုင်းကို အသိအမှတ်ပြုလို့ ယုံကြည်စိတ်ချလို့ ကျနော်တို့ဆီကို အရောက် ပထမဆုံး လာတာ ဖြစ်တဲ့အတွက် ကျနော်တို့ လူထုကြီးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်။ လှိုက်လှိုက်လှဲလှဲပဲ ကျေးဇူးတင်တယ်ဗျ။ လူထုပရိတ်သတ်ကို ကျနော်က အကြောက်တရားတွေ ကြီးနေတဲ့အခါကျတော့ အမေစုလာတဲ့ အချိန်ကလည်း မနက်ပိုင်းဖြစ်တော့၊ ရေတွေကလည်း တအားကြီးနေတဲ့ အချိန်အခါဆိုတော့ လူထုပရိသတ် စည်စည်ကားကားမှ ဖြစ်ပါ့မလားလို့ ကျနော်က နည်းနည်း စိုးရိမ်တယ်ဗျ။ ဒါပေမယ့် လူက ထောင်ပေါင်းများစွာ တွေ့လိုက်ရတော့ သိပ်ဝမ်းသာတယ်ဗျ။ ကျနော်တို့မြို့က အမှန်ဆိုရင် မြို့ကြီး မဟုတ်ဘူးဗျ။ အလယ်အလတ်မြို့လေး တမြို့မှာ ရေတွေလည်း ဒီလောက် ကြီးနေတဲ့အချိန်မှာ၊ စီးပွားရေးတွေ ကျပ်တည်းနေတဲ့အချိန်မှာ လှိုက်လှိုက်လှဲလှဲ အမေစုကို ဂုဏ်ပြုပြီးတော့  ထောက်ခံကြတယ်။ အမေစုကို ချစ်ကြတယ် ဆိုတဲ့ဟာ အရမ်းကို ၀မ်းသာပါတယ်။ ကျနော်တို့ကတော့ ဂုဏ်ယူပါတယ်။”

အဲဒီနောက် သနပ်ပင်ကနေ (၁၁) နာရီခွဲမှာ ပဲခူးမြို့ကို ပြန်လည် ရောက်လာပြီး၊ ပဲခူးမြို့က ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်အမတ် ဦးမြတ်လှ နေအိမ်မှာ လူထုကို ၁၅ မိနစ်ကြာ စကားပြောခဲ့ပါတယ်။

“ပဲခူး လူထုကို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ နေကြဖို့ပေါ့ဗျာ။ ရှေ့လျှောက် သူက တိုင်းပြည်အတွက် အလုပ်တွေ အများကြီး လုပ်မယ်ပေါ့။ လုပ်တဲ့ အခါမှာလည်း တိုင်းသူပြည်သားတွေက ၀ိုင်းဝန်းကူညီဖို့ အဲဒါတွေ ပြောသွားတယ်။ လက်ခုပ် တဖြောင်းဖြောင်းနဲ့ပေါ့။ ဦးတင်ဦးကလည်း တော်လှန်ရေးတုန်းက ဒီမှာ နေခဲ့တော့ ပဲခူးနယ်တို့၊ သနပ်ပင်နယ်တို့က သူ့အတွက် မစိမ်းဘူးပေါ့။ ဒီကလူ အသိတွေ အများကြီး ပြန်တွေ့တဲ့ အတွက်လည်း ၀မ်းသာတယ်လို့ ပြောသွားတယ်။”

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မိန့်ခွန်းကို ဦးမြတ်လှက ပြန်ပြောပြသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မတိုင်ခင်က ပဲခူးမြို့ကို ၂ ကြိမ် စည်းရုံးရေး ခရီး ရောက်ခဲ့ဖူးပြီး ယခု သုံးကြိမ်မြောက် ဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ရေဘေးကယ်ဆယ်ရေး ကော်မတီကိုလည်း ငွေကျပ်ငါးသိန်း လှူဒါန်းခဲ့ပြီး ပဲခူးမြို့က ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေး ဒုက္ခသည်တွေဆီ သွားရောက်ပြီး၊ ဆန်အိတ် ၂၀ နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို လှူဒါန်းခဲ့ပါတယ်။

အဲဒီနောက် ညနေ ၃ နာရီမှာ ပဲခူးကနေ ပြန်လည် ထွက်ခွာလာပြီး ရန်ကုန်မြို့ကို  ၅  နာရီဝန်းကျင်မှာ ပြန်လည် ရောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013