DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ အပြန်အလှန်စွပ်စွဲ
DVB
·
August 14, 2011
ကေအိုင်အိုနှင့် အစိုးရ အပြန်အလှန်စွပ်စွဲ
Donate to DVB

အစိုးရ ပြောခွင့်ရှိသူ ဦးကျော်ဆန်းရဲ့ သတင်း​စာ​ရှင်း​လင်း​ပွဲ​မှာ​ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲစဉ်က သဘောတူခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေဟာ "ထွင်လုံး"တွေ ဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က တုံ့ပြန်လိုက်ပါတယ်။

ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ အတွင်းရေးမှူး ဦးလနန်းက သတင်းထောက်တွေကို ဦးကျော်ဆန်း ပြောသွားတဲ့ ဒီ (၈) ချက် စလုံးဟာ အမှန်တကယ် မဟုတ်တဲ့ "ထွင်လုံး" တွေ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“၁၉၉၄ ခုနှစ်မှာ နှစ်ဖက် သဘောတူညီချက်မှာ သူတို့ မနက်က တင်ပြသွားတဲ့ အချက် ၈ ချက် မပါဘူးဗျ။ အဲဒီ အပတ်အခတ် ရပ်စဲရေးစာချုပ်ကို အခု ဖတ်ပြဆိုလည်း ဖတ်ပြလို့ ရပါတယ်။ အဲဒါ သူတို့ ဘယ်ကနေ ထွင်ပြီး ရေးလိုက်တဲ့ အချက် ၈ ချက်လည်း မသိဘူး။ တပ်အင်အား မတိုးချဲ့ရတို့ ဘာတို့ပေါ့နော်။ ဒါတွေက နှစ်ဦး နှစ်ဖက် သဘောတူညီချက်မှာ အဲဒီအချက်တွေ မရှိဘူးဗျ။”

အစိုးရအဖွဲ့ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ဦးကျော်ဆန်း ပြောသွားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ၈ ချက်ထဲမှာ တပ်အင်အား မတိုးချဲ့ရ၊ သတ်မှတ်နယ်မြေ အတွင်း လှုပ်ရှားပြီး နယ်မကျော်ဖို့၊ ဖွဲ့စည်းပုံ အတည်ပြုပြီးလျှင် လက်နက်ချဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဦးလနန်းက ဒီအချက်တွေကို ကေအိုင်အိုက လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“boder guard force နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အရင်တုန်းက အတည်းက လုံးဝ လက်မခံခဲ့တဲ့ ကိစ္စပါ။ အခုကိစ္စကလည်း အဲဒီကို သွားဖို့ မရှိပါဘူး။ သူတို့ပြောတဲ့ သိက္ခာရှိရှိ နိုင်ငံရေး လုပ်ကြပါဆိုတာကတော့ လက်နက်ကိုင်လမ်းစဉ် စွန့်ပါ။ နိုင်ငံရေး လုပ်ချင်ရင် နိုင်ငံရေးပါတီထောင်ပါ။ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ရွေးခံပြီးမှ လွှတ်တော်ထဲမှာ ပြောကြဆိုကြပါဆိုတဲ့ ဟာမျိုးပါ။ ကျနော်တို့က အဲဒီလမ်းကြောင်းကို မလိုချင်ပါဘူးဗျ။”

သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးကျော်ဆန်းက ကေအိုင်အိုဟာ ဒေသခံတွေကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် အတင်းအဓမ္မ ဖန်တီးနေတယ် ဆိုတဲ့ စွပ်စွဲသွားတာကိုလည်း ဦးလနန်းက ငြင်းဆိုလိုက်ပြီး၊ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရတပ်ကပဲ ကချင်ရွာတွေကို အဓမ္မပြောင်းရွှေ့ ခိုင်းနေတယ်လို့ ပြန်လည် စွပ်စွဲလိုက်ပါတယ်။

လက်ရှိ တိုက်ပွဲတွေ ခဏပြန်ရပ်သွားပြီးနောက် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ ကိစ္စမှာလည်း သဘောမတူနိုင်တာတွေ များနေတယ်လို့ ဦးလနန်းက ဆိုပါတယ်။

ဩဂုတ်လ (၂) ရက်နေ့က အစိုးရ ကိုယ်စားလှယ်တွေနဲ့ နောက်ဆုံးပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဦးလနန်းက အခုလို ဆိုပါတယ်။

“အဲဒီထဲမှာ သဘောတူညီချက် ဘာမှ မရှိပါဘူး။ သူတို့ကလည်း ပြောပါတယ်။ နိုင်ငံရေး ဆွေးနွေးမှု လုပ်သွားမယ်လို့ ပါတယ်။ ဒါဆို ကျနော်တို့ သိချင်တာက ဘယ်လိုမျိုး နိုင်ငံရေး ဆွေးနွေးမှုလဲ။ အပစ်အခတ် ရပ်ဆိုင်း လုပ်ပြီးတော့ ဆက်လုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးမှု လမ်းစဉ်ကို ကျနော်တို့ သိချင်တယ်လို့ မေးထားတာ ရှိတယ်။ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး လုပ်ဆောင်မှုကို ပြုလုပ်မယ်ဆိုတဲ့ဟာကို နိုင်ငံတော်ကနေပြီးတော့ နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်ပြီးတာနဲ့ ၁၅ ရက် အတွင်းမှာ ကြေညာချက် ထုတ်ပြန်ပေးရမယ် ဆိုတဲ့ဟာ ကျနော်တို့ တောင်းဆိုထားတာ ရှိတယ်။ အဲဒါကိုလည်း သူတို့ဘက်က နေပြီးတော့ လိုက်လျောနိုင်တဲ့အပိုင်း မရှိဘူးဗျ။ ဒါကြောင့်မို့ အဲဒီအချက်တွေကြောင့် ရှေ့ဆက်ပြီးတော့ တွေ့ဆုံဖို့ကတော့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု အဆင့်ရောက်အောင် ညှိယူရမယ့် အပိုင်းရှိတယ်ဗျ။”

မနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ကေအိုင်အိုက ငြင်းဆန်ခဲ့ပြီးနောက် ဒီနှစ် ဇွန်လဆန်းပိုင်းက စလို့ ကေအိုင်အိုနှင့် အစိုးရတပ်တွေ တိုက်ပွဲ ပြန်စခဲ့ပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီတို့နဲ့ ဖွဲ့ထားတဲ့  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံရေးပြဿနာကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရတို့ ပါဝင်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကနေ ဖြေရှင်းဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013