Home မြန်မာသတင်း ပူးပေါင်းဆောင်ရွက်မှုကနေ တိုးတက်မှုရရှိလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ပူးပေါင်းဆောင်ရွက်မှုကနေ တိုးတက်မှုရရှိလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
aung san suu kyi နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကနေ တိုင်းပြည်အတွက် အကျိုးရှိတဲ့ တိုးတက်မှုတွေ ရရှိလာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဦးအောင်ကြည်နဲ့ အစိုးရသစ်လက်ထက် ဒုတိယအကြိမ်တွေ့ဆုံမှုအပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာတွေကို ပြောကြားလိုက်တာလဲဖြစ်ပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာမှာ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
အစိုးရသစ် တက်လာပြီးနောက်ပိုင်း တွေ့ဆုံဆွေးနွေးမှုကနေ ဘယ်လိုကဏ္ဍတွေမှာ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာဖို့ မျှော်လင့်ထားပါသလဲဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
“ဒီထဲမှာပါတဲ့အတိုင်းပါပဲ။ ကဏ္ဍအသီးသီးမှာ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ကျမတို့ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှုယူရမှာပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှုရမှာပဲ။ တကယ်တော့ ကျမတို့နိုင်ငံရဲ့အကျိုးကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မီဒီယာအပါအဝင်ပေါ့။ တိုးတက်မှုရှိရမှာပဲ။”
ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကလည်း နေရာတိုင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေနိုင်ပြီး အဲ့ဒါတွေကို ပြေလည်စေဖို့ ပူးပေါင်းဆောင် ရွက်ရေးကိစ္စတွေကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။
“ကျနော်တို့ စိတ်ဝမ်းကွဲပြားမှု လျော့ပါးရေးဆိုတဲ့ကိစ္စက နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ သဘာဝအားဖြင့် ကျနော်တို့ အခုပြောသွားတဲ့အတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။”
ဒါ့အပြင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စဟာ မြန်မာနိုင်ငံအတွက် အဓိကအရေးကြီးတဲ့ ပြဿနာတရပ်ဖြစ်နေတာကြောင့် တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းနေကြတာ ဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်ကြည်ကပဲ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဒါတွေအားလုံးဟာ ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်အောက်မှာ ပါပါတယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တဲ့ အဓိကပြဿနာကြီးတခုပါ။ ဒါကြီးကို ကျွန်တော်တို့က ဖြေရှင်းနေကြတာဖြစ်ပါတယ်။ ဒီကိစ္စပြေလည်သွားပြီဆိုတဲ့ အချိန်ကျလို့ရှိရင် ကျန်တဲ့ကိစ္စတွေအားလုံးဟာ ဒီအဓိက ပြဿနာကြီးရဲ့အကျိုးဆက်တရားများ တနည်းအားဖြင့် အဲဒါတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။”
ဒီကနေ့ ဒုတိယအကြိမ်တွေ့ဆွေးနွေးမှုမှာတော့ သဘောတူညီချက် လေးခုကို ချမှတ်နိုင်ပြီး အဲ့ဒီသဘောတူညီချက်တွေကိုလည်း ဝန်ကြီးကပဲ အခုလို ဖတ်ပြပါတယ်။
“(၁) ပြည်သူလူထုတစ်ရပ်လုံး၏ လိုအပ်ချက်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးသည့် အနေနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားမည်။
(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်တိုးတက် ထွန်းကားလာစေရေး အတွက်လည်းကောင်း၊ စီးပွားရေးနှင့်လူမှုရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်လည်းကောင်း အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။
(၃) ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန်ကူညီသော ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် ( ) ဦးတည်သွားမည်။
(၄) တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း အစိုးရသစ် လက်ထက် ပထမဆုံးအနေနဲ့ တွေ့ဆုံမှု ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာတော့ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီလို ဆွေးနွေးတဲ့နေရာမှာလည်း တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စပါဝင်ခဲ့ပါတယ်။
ဒီတကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့တွေ့ဆုံမှုဟာ အရင် စစ်ကောင်စီလက်ထက်တွေက တွေ့ဆုံမှုတွေအပါအဝင် ၁၁ ကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ