ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဥပဒေဖြင့် တရားစွဲရန် အမိန့်ချ
DVB
·
August 12, 2011

ဧပြီလ ကတည်းက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲဖို့ မနေ့က အမိန့်ချလိုက်တယ်လို့ သူ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
[caption id="attachment_14117" align="alignright" width="310" caption="နေမျိုးဇင်"]
[/caption]
“အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) အရ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃(က) အရ မနေ့ကတုန်းက စွဲချက်တင်လိုက်ပါတယ်။ စွဲချက်တင်လိုက်ပြီးတဲ့ အခါကျတော့ လာမယ့် ၁၈ ရက်နေ့မှာ သူ့ကို စပြီးတော့ စစ်ပါမယ်။ သူ့ကို စစ်တဲ့အခါမှာ သူက သူကိုယ်တိုင်ပဲ အစစ်ခံမယ်တဲ့။ ၃၄၂ တရားခံလိုပဲ သူ အစစ်ခံမယ်။ နှစ်ဖက်ရှေ့နေ မေးတာကို သူက လက်မခံဘူး။ သူကိုယ်တိုင် အစစ်ခံမယ်။”
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို စစ်ကြောမေးမြန်းနေစဉ်မှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့အတွက် နံရိုးကျိုးဝေဒနာလည်း ခံစားရနေတယ်လို့ ဦးလှမျိုးမြင့်က ဆက်လက် ပြောဆိုပါတယ်။
“စစ်ကြောရေးမှာ သူ့ကို မတ်တတ်ရပ်ပြီးတော့ စစ်တယ်ဗျ။ မတ်တတ်ရပ်စစ်ပြီးတော့ စစ်တဲ့လူက လဲသွားမယ်၊ သူက မလဲဘူး။ သူက ဒိုင်ခံ အစစ်ခံနေရတာပေါ့လေ။ လူတယောက်က မတ်တတ်အကြာကြီး ရပ်လို့ရှိရင် ခါးရိုးက မခံနိုင်ဘူးလေ၊ အဲဒီဒဏ် ရှိခဲ့တာ။”
အရပ်သား အစိုးရလို့ ပြောင်းလဲလာပေမယ့် မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ သိသိသာသာ ပြောင်းလဲလာတာ မတွေ့ရသေးသလို တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိသေးတဲ့အတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ တရားဥပဒေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း မရရှိဘူးလို့လည်း သုံးသပ်ဝေဖန်ပါတယ်။
“ဥပဒေသမားတွေအနေနဲ့ Rule of Law ဆိုတာကို မပြင်ရသေးဘူးခင်ဗျ။ အခုက Rule by Law ပဲ ဖြစ်နေသေးတယ်။ ဥပဒေစိုးမိုးမှု ရှိရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး။ ဟုတ်တယ်မဟုတ်လား။ ဒါ ကျနော်တို့ Lower under the law လေ။ ဒါပေမယ့် အခု ဘယ်လို ဖြစ်နေလဲဆိုတော့ ဥပဒေနဲ့အညီ ကျနော်က ဥပဒေနဲ့ တင်ပြတယ်၊ ဥပဒေနဲ့အညီ အခွင့်အရေးကို တောင်းတယ်။ ဒါပေမယ့် ငြင်းပယ်ခံရတယ်ပေါ့။ တနည်းအားဖြင့် ပြောရလို့ရှိရင် သူ ဒီလောက် ဖြစ်နေတဲ့ ဥစ္စာကို အာမခံလည်း မပေးဘူး။ ဆေးကုသဖို့ အတွက်ကို အမြန်ဆုံး မဆောင်ရွက်ဘူး။ တနည်းအားဖြင့် ပြောရလို့ရှိရင် တရားနည်းလမ်းကို ငြင်းပယ်ခံရတယ်ပေါ့ဗျာ။ သူ ဒီလောက် ဖြစ်နေတာ ပက်လက်နဲ့ တရားရုံး တရားခွင်ပေါ်မှာ စေထွက်တဲ့ ဥစ္စာ တခုကို သူ့ကို အာမခံလည်း မပေးဘူး၊ ဆေးကုသခွင့်ကို အမြန်ဆုံးလည်း မပေးဘူး။ ကြာတဲ့အခါကျမှ အခုက ဆေးကုသခွင့် အဆင့်ကို မရောက်သေးဘူး၊ ဆေးစစ်တဲ့ အဆင့်ပဲ ရှိသေးတယ်။ ဆေးကုမယ့် အဆင့်ကို မရောက်သေးဘူး။”
