ဆိုင်ကယ်စီး လုယက်သူ ၂ ဦးကို ကလေးမြို့တွင် ဖမ်းဆီး
DVB
·
March 25, 2016
ကလေးမြို့မှာ ညနေခင်းနဲ့ ညဘက်တွေမှာ RAY တံဆိပ် အော်တိုဂီယာ ဆိုင်ကယ်နဲ့ လုယက်မှု ကျူးလွန်နေသူ ၂ ဦးကို မတ်လ ၂၄ ရက်နေ့ ဖမ်းဆီးရမိထားတယ်လို့ ကလေးမြို့မ ရဲစခန်းက ပြောပါတယ်။
“ဖြစ်စဉ်က ကလေးမြို့အနောက်ခြမ်းက စမ်းမြို့ ဘုန်းကြီးကျောင်းနားမှာ အမျိုးသမီးတဦးဆီကနေ လုနေတုန်း အမျိုးသမီးက အော်ဟစ်တယ်။ အဲ့ဒီမှာ ဆိုင်ကယ်က စက်နိုးပြေးမရဖြစ်နေတုန်း ရပ်ကွက်လူထုက ရဲစခန်းကို ဖုန်းဆက်တာနဲ့ ကင်းလှည့်အဖွဲ့နဲ့ အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာပါ”လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ် က ပြောပါတယ်။
ဖမ်းဆီးမိ တရားခံတွေကို ဆက်လက်စစ်ဆေးတဲ့အခါ အရင်က လုယူခဲ့တဲ့ ပစ္စည်းတွေကိုပါ ပေါင်နှံရောင်းချခဲ့တဲ့ သူတွေဆီကနေ သက်သေနဲ့အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး လုခံခဲ့ရစဉ်က စခန်းမှာ တိုင်တန်းခဲ့တဲ့ ပစ္စည်း ပိုင်ရှင်တွေကို ပြန်လည်ခေါ်ယူကာ ပေးအပ်သွား မယ်လို့လည်း သိရပါတယ်။
အရင်က ဆိုင်ကယ်နဲ့ လုယက်သူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အခု ၂ ဦး ထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အခု ဖမ်းဆီးမိသူ နှစ်ဦးကတော့ စံပြရွာနေ မောင်မောင် (ခ) မောင်မောင်အောင်နဲ့ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေတဲ့ ဇင်ကိုဦး (ခ) ဖိုးသား ဆိုသူတို့ဖြစ်ပါတယ်။
ဆိုင်ကယ်နဲ့ လုယက်မှု ကျူးလွန်သူ နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၃၇၉ /ကျင့် ၅၄ တို့နဲ့ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်