DVB Logo
Home
မြန်မာသတင်း
အမျိုးသားရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေး အစိုးရသစ် လုပ်ဆောင်နေဟုဆို
DVB
·
August 12, 2011
အမျိုးသားရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေး အစိုးရသစ် လုပ်ဆောင်နေဟုဆို
Donate to DVB

အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ​​ ဆွေးနွေးမှုတွေကို ဆက်တိုက်​ လုပ်ဆောင်နေသလို အမျိုးသား​ ဒီမိုကရေစီ​ အဖွဲ့ချုပ်ကိုလည်း သိမ်မွေ့​ ညင်သာစွာကိုင်တွယ် ဆောင်ရွက်နေတယ်လို့ မြန်မာအစိုးရသစ်​ အနေနဲ့  ပြောကြားလိုက်ပါတယ်။

[caption id="attachment_14101" align="alignright" width="310" caption="ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​"][/caption]

ဒီကနေ့ နေပြည်တော်က ပြန်ကြားရေး​ ၀န်ကြီးဌာနရုံးမှာ ကျင်းပပြုလုပ်တဲ့ အစိုးရသစ်ရဲ့ ပထမဆုံး သတင်းစာ​ ရှင်းလင်းပွဲမှာ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ၀န်ကြီး ဦးကျော်ဆန်းက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်နေတဲ့ ရန်ကုန်တိုင်းမ်နဲ့ ဖလားဝါး နယူးဂျာနယ် အယ်ဒီတာချုပ် ဦးကိုကို (စက်မှု)က အခုလို ပြောပြပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ သူပြောသွားတာတော့ တခုတော့ ရှိတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေမှာတော့ အခုတောင်မှ သူတို့ တွေ့နေပါပြီပေါ့ဗျာ ဒီနေ့ နေ့လယ်မှာ ဦးအောင်ကြည်နဲ့ တွေ့နေပါပြီပေါ့။ အဲဒါကလည်း သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ ပါတဲ့အတိုင်းပဲဗျ။ အမြင်ချင်း မတူတဲ့ လူတွေတောင်မှ တူတာတွေကို ပေါင်းပြီးလုပ်ကြမယ်ဆိုတဲ့ ခံယူချက်က အစိုးရသစ်မှာ ရှိပါတယ်ပေါ့နော်။ အဲဒီခံယူချက်အပေါ်မှာ သူတို့ ပြသတဲ့ အနေနဲ့ သူတို့ ဒီလိုမျိုး dialogue တွေ လုပ်တာလို့ ပြောတယ်။ အန်အယ်လ်ဒီအပေါ်မှာ သဘောထား တခုလည်း ရှင်းလင်းပွဲမှာ  ပြောပါတယ်။ အန်အယ်လ်ဒီက တရားဝင်အဖွဲ့အစည်း မဖြစ်သော်ငြားလည်း အန်အယ်လ်ဒီနဲ့ ပတ်သက်ပြီး သူတို့ တော်တော်လေး သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာနဲ့ ယခုတိုင် ကိုင်တွယ်နေပါတယ်လို့ သူပြောသွားတယ်။”

ဒါ့အပြင် တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေထဲက ကေအိုင်အေနဲ့ ဆွေးနွေးဆောင်ရွက်မှု အခြေအနေတွေကိုလည်း ဦးကျော်ဆန်းက ထည့်သွင်းရှင်းလင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ ကေအိုင်အို ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဓိကထား ပြောသွားတာပါ။ လောလောဆယ် သူတို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စပေါ့ဗျာ။ အပြန်အလှန် ညှိနှိုင်းတဲ့ ကိစ္စတွေ ပြောတယ်ဗျ။ ညှိနှိုင်းတဲ့ကိစ္စ ပြည်နယ်အစိုးရနဲ့ ကေအိုင်အိုနဲ့ သူတို့တွေ ညှိနှိုင်းတယ် နောက်ဆုံး သဘောတူချက် ရခါနီးမှာ နောက်ထပ် ကေအိုင်အိုဗဟိုဌာချုပ်ကို တင်ပြမယ် ဆိုပြီးတော့ အဲဒီမှာ နည်းနည်းလေး ကြန့်ကြာနေတယ်ပေါ့ဗျာ။ သို့သော် သူတို့ပြောတာကတော့ အစိုးရ အနေနဲ့ စိတ်ရှည်တယ်၊ သည်းခံတယ်ပေါ့ဗျာ။ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးပေါ့ဗျာ။ အပစ်ခတ်ရပ်စဲရေးက ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်ဗျ။”

ဒီလို​ ပြောကြားခဲ့ပေမယ့်လည်း တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေ ပြေလည်အောင် ဖြေရှင်းဖို့ အားလုံးပါဝင်ခွင့်ရမယ့် တွေ့ဆုံဆွေးနွေရေးကို အစိုးရက ဦးဆောင်ပြီး ဘယ်တော့စတင် လုပ်ဆောင်မယ် ဆိုတာကိုတော့ ဦးကျော်ဆန်းက ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား (Mr.Tomas Ojea Quintana) လည်း လာရောက်ဖို့ရှိတဲ့ အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ဦးကျော်ဆန်းကပဲ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ အစိုးရသစ်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကိုတော့ ပြည်တွင်းပြည်ပ သတင်းသမား ၅၀ ၀န်းကျင် တက်ရောက် သတင်းယူခဲ့ကြပြီး အစိုးရရဲ့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သလို မိနစ် ၄၀ လောက် မေးမြန်းခွင့်​ ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013