DVB Logo
Home
မြန်မာသတင်း
တာဆန်းရေကာတာအနီး ပျောက်ဆုံးခဲ့သည့် တရုတ်အင်ဂျင်နီယာများ ပြန်လွတ်
DVB
·
August 12, 2011
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာဆန်း ရေကာတာဆောက်လုပ်ရေးစီမံကိန်းမှာ လာရောက် တာဝန်ထမ်းဆောင်ရင်း မေလ ၉ ရက်နေ့တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ တရုတ် အင်ဂျင်နီယာ ၃ ဦးနဲ့ စကားပြန်တဦး  ပြန်လွတ်လာပြီလို့ ရှမ်းပြည် တပ်မတော်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

တရုတ် အင်ဂျင်နီယာတွေဟာ တာဆန်းရေကာတာ စီမံကိန်း ဆောက်လုပ်ရေးမှာ သွားရောက် အလုပ်လုပ်စဉ် မေလ ၉ ရက်နေ့က ပျောက်ဆုံးခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ သူတို့လူတွေကို ရှာဖွေပေးဖို့ Three Gorges Group Corporation ကုမ္ပဏီက လက်ထောက်ဒါရိုက်တာ မစ္စတာ ၀မ်ရှင်းယူနဲ့ ကိုယ်စားလှယ်တွေက ရှမ်းပြည်တပ်မတော်နဲ့ လာရောက်တွေ့ဆုံခဲ့ပြီး အကူအညီ တောင်းခံခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်က လိုက်လံရှာဖွေရာမှာ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တခုက ဖမ်းဆီးခဲ့တာမှန်း သိရှိရပြီး အဲဒီအဖွဲ့ဟာ  တာဆန်းရေကာတာ တည်ဆောက်တာကို မလိုလားတာကြောင့်  ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီအကြောင်းကို တရုတ်ကုမ္ပဏီတာဝန်ရှိသူတွေကို ပြန်လည် အကြောင်းပြန်ပြီး နောက်ပိုင်း ပြေလည်မှု တစုံတရာရပြီး အဲဒီလက်နက်ကိုင်တပ်ဖွဲ့က အခု ဩဂုတ်လ ၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောပါတယ်။

“အဲဒီရွာသားတွေကတဆင့် သွားပြီးတော့ မေးမြန်းကြည့်ခိုင်းတော့ သူတို့မှာ ပိုက်ဆံကို အလိုရှိတာလည်း မဟုတ်ဘူးတဲ့။ သူတို့ အလိုရှိတာကတော့ တာဆန်းရေကာတာ စီမံကိန်းဟာ ဒေသခံပြည်သူတွေကို ထိခိုက်နစ်နာစေမယ့် ရေကာတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ့ရေကာတာ မဆောက်လုပ်ဖို့အတွက် သူတို့က တောင်းဆိုခြင်းပဲ ဖြစ်ပါတယ်တဲ့။ ဒီလို ရေကာတာ ဆောက်လုပ်ခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်နစ်နာမယ်၊ ဒေသတွင်း နေထိုင်စားသောက်နေတဲ့ ပြည်သူတွေရဲ့ လယ်ယာတွေ၊ ခြံတွေ၊ နယ်မြေတွေ၊ အိုးအိမ်တွေ ရွှေ့ပြောင်းရမှာ အဲဒါတွေ မလိုလားတဲ့ အတွက်ကြောင့် ဖမ်းဆီးရခြင်းပဲ ဖြစ်ပါတယ်။

“ဖမ်းဆီးရတဲ့ အကြောင်းကတော့ ဒီ တရုတ်ကုမ္ပဏီတွေကို တရုတ်ပြည်ကို အဲဒီအကြောင်း သွားပြောပြပါ။ ဗမာအစိုးရတွေကို ဒီအကြောင်း သွားပြီးတော့ တင်ပြပါ။ တာဆန်း ရေကာတာဟာ ဒေသတွင်းက ပြည်သူတွေ အလိုမရှိတဲ့အကြောင်း၊ တာဆန်း ရေကာတာကို မဆောက်လုပ်တော့ဘူး ဆိုရင်တော့ အဲဒီလူတွေကို သူတို့က ပြန်လွှတ်ပေးပါမယ် ဆိုတဲ့ အကြောင်းကြားလာတော့ အဲဒီအကြောင်း ကျနော်တို့ကလည်း တရုတ် ကုမ္ပဏီတွေကို ပြန်ပြီးတော့ အကြောင်းကြားလိုက်တယ်။ ဒီကိစ္စကို သူတို့ တရုတ်အစိုးရနဲ့ ဗမာအစိုးရဆီမှာလည်း အကြောင်းကြားပေးမယ် ဆိုပြီးတော့ အကြောင်း ပြန်ကြားလာပါတယ်။ ဆက်သွယ်ရတဲ့ လက်နက်ကိုင်အုပ်စုကို ကျနော်တို့ အဲဒီလိုပဲ ပြန်ပြီးတော့ အကြောင်းကြားလိုက်တော့ နောက်ပိုင်း ဒီလ ၈ ရက်နေ့မှာ ကောင်းမွန်စွာနဲ့ အဲဒီ တရုတ်အင်ဂျင်နီယာ ၄ ဦးကို ပြန်လွှတ် ပေးသွားပါတယ် ဆိုတဲ့အကြောင်း ကျနော်တို့ ကြားသိရပါတယ်။”

တရုတ်နိုင်ငံ Three Gorges Group Corporation နဲ့ ထိုင်းနိုင်ငံ Electricity Generation Authority of Thailand ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆောက်လုပ်နေတဲ့ တာဆန်းရေကာတာဟာ ရှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာ့ဆာလားရွာ အထက်ဘက်မှာရှိပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးရေ ကာတာအဖြစ် ဆောက်လုပ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီမှု ရထားခဲ့တာပါ။

ဒီရေကာတာကြောင့် အဲဒီတ၀ိုက်က မြေဧရိယာ စတုရန်း ကီလိုမီတာ ၈၇၀ လောက်ကို ရေလွှမ်းမိုးသွားမှာဖြစ်ပြီး နယ်မြေခံတိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀ကို အကြီးအကျယ် ထိခိုက်သွားနိုင်တယ်လို့ သံလွင်မြစ် လေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013