လွတ်လပ်သည့် ပညာရှင်များဖြင့် ဖွဲ့စည်းလိုက်သည့် ခုံရုံးဟုဆို
ရွှေအောင်
·
March 24, 2016
ဥပဒတွေပြဋ္ဌာန်းတဲ့အခါ အခြေခံဥပဒေနဲ့ ညီ မညီ စိစစ်ရမယ့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။
အန်အယ်လ်ဒီက ဖွဲ့စည်းတင်သွင်းလိုက်တဲ့ ၉ ဦးပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဟာ လွတ်လပ်တဲ့ ပညာရှင်အများစုနဲ့ ဖွဲ့စည်းထားတာမို့ ဥပဒေ အပေါ်မှာပဲ ရပ်တည်ပြောဆိုကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ဥပဒေအထောက်အကူပြု အဖွဲ့က ဦးကိုနီက ပြောပါတယ်။
ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းထားသူ ဦးမျိုးညွန့်ဟာ တရားရေးဌာနက အငြိမ်းစားယူထားတဲ့ ၀ါရင့်လုပ်သက်ရင့် တရားသူကြီးတဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အခု လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ခုံရုံးအဖွဲ့မှာ အန်အယ်လ်ဒီက အမတ်တဦး၊ ဥပဒေအထောက်အကူပြု အဖွဲ့ဝင်တဦးတို့သာ ပါဝင်ပြီး ကျန် ၇ ဦးက ပြင်ပပညာရှင်တွေ ချည်းဖြစ်ပါတယ်။
အရင် ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနဲ့ ဒေါ်လှမျိုးနွယ်တို့လည်း အခုဖွဲ့မယ့် ခုံးရုံးအဖွဲ့မှာ ပြန်ပါလာပါတယ်။
ခုံရုံးအဖွဲ့ဝင်တွေအကြောင်း ဦးကိုနီ ပြောပြတာက “ဥက္ကဋ္ဌ ဦးမျိုးညွန့်က တရားရေးဌာနက ညွှန်ကြားရေးမှူးကနေ အငြိမ်းစားယူသွားတဲ့ ၀ါရင့်လုပ်သက်ရင့် တရားသူကြီး၊ လောလောဆယ်တော့ ရှေ့နေလုပ်ငန်းလုပ်နေတဲ့ပုဂ္ဂိုလ်၊ အသက် ၇၀ တန်း၊ ဦးညီညီ ဆိုတာက ၇၀ ကျော်ပြီ၊ ကျနော်တို့ ကျောင်းတက်တုန်းက ဆရာ၊ နောက်တော့ ဥပဒေရုံးဘက် ပြောင်းသွားပြီး အငြိမ်းစားယူ၊ ခုတော့ အတိုင်ပင်ခံ ရှေ့နေ၊ စာရိတ္တပိုင်းရော ပညာပိုင်းရော ပြောစရာ မလိုတဲ့သူ”လို့ ပြောပါတယ်။
ဦးမျိုးမြင့်က ဥပဒေရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လောလောဆယ်ရှေ့နေတဦး၊ ဦးခင်မောင်ချိုက အန်အယ်လ်ဒီဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင်၊ ဦးတွာလ်ကျင်ပေါင်က ချင်းအမျိုးသားအငြိမ်းစားဥပဒေအရာရှိ၊ ဦးကျော်ဆန်းက မနှစ်ကမှ ရှေ့နေချုပ်ရုံးက အငြိမ်းစားယူ ခဲ့တဲ့ ညွှန်ချုပ်ဟောင်းတဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။
အခုဖွဲ့မယ့် ခုံရုံးအဖွဲ့ဝင်တွေကို ကန့်ကွက်မယ့်သူမရှိရင် လာမယ့်မတ်လ ၂၈ ရက်နေ့ လွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ဖွဲ့စည်းပေးခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ လွှတ်တော်ကဖွဲ့တဲ့ ရေးရာကော်မတီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်နဲ့ အငြင်းပွားပြီး ခုံရုံးတဖွဲ့လုံး နုတ်ထွက်ခဲ့ရဖူးပါတယ်။ ဒီဖြစ်ရပ်မျိုး အခုအဖွဲ့မှာ မဖြစ်နိုင်ဘူးလို့ ဦးကိုနီက ပြောပါတယ်။
“အဖွဲ့မှာ အင်မတန်မှ လွတ်လပ်တဲ့ပညာရှင်တွေကို ထည့်ထားတဲ့ တချက်၊ နောက်ပြီး အဖွဲ့ဟောင်းက ပြန်ပါလာတဲ့ နှစ်ယောက်ကလည်း အင်မတန်တော်တဲ့ပညာရှင်တွေ အဲ့ဒီတော့ ပညာရှင်တွေဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဂုဏ်သိကာကို အထိခိုက်ခံမှာ မဟုတ်ဘူး။ ဘယ်သူမေးမေး ဒီလူတွေဟာ ဥပဒေအပေါ်မှာပဲ ရပ်တည်ပြီးပြောမှာ၊ အရင်တခါ ပြုတ်သွားတာ က ဖိအားကြောင့် ဆုံးဖြတ်ချက်မှားလို့ ပြုတ်သွားတာ။”
ဥပဒေပြဿ နာတွေတက်လာလို့ ခုံရုံးဆုံးဖြတ်လုပ်ကိုင်တာကြည့်ပြီးမှပဲ ဝေဖန်လို့ရနိုင်မယ်လို့လည်း ပြောပါတယ်။
ခုံရုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်ဖွင့်ဆိုခြင်း၊ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းတဲ့ ဥပဒေများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်းတို့ကို အဓိက လုပ်ဆောင်ရမယ့်တာဝန်ရှိပြီး အရင် ဖွဲ့စည်းခဲ့တဲ့ ခုံးရုံးအဖွဲ့ဥက္ကဋ္ဌတွေကတော့ စစ်ဗိုလ်ချုပ်တွေချည်း ဖြစ်ပါတယ်။