GW က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုံ့ဆော်
နော်နိုရင်း
·
August 12, 2011

Generation Wave အဖွဲ့က နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရန်ကုန်မြို့နယ် အပါအ၀င် တခြားနယ်မြို့ ၃၃ မြို့နယ်မှာ ပိုစတာကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ကြီး အပါအ၀င် တခြားမြို့နယ်တွေက လူစည်းကားရာ နေရာတွေမှာ ဒီကနေ့ အစောပိုင်းက ပြုလုပ်သွားတာ ဖြစ်ပါတယ်။
ပိုစတာကမ်ပိန်း လှုပ်ရှားမှုကို ကိုယ်တိုင်မြင်ခဲ့တဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ခံတဦးက “ကျနော်တို့ မနက်တုန်းက မြို့နေရာ အနှံ့ တော်တော်များများပေါ့။ banner က လေးပေခြောက်ပေ အကျယ်လောက် ရှိမယ်။ အဲဒီမှာ နံမည်ကြီး နိုင်ငံရေး အကျဉ်းသားတွေ အကုန်ပါတယ်။ ဇာဂနာတို့ကိုတော့ လူတိုင်းသိတာပေါ့။ ကျန်တာကတော့ နိုင်ငံရေး အသိုင်းအ၀ိုင်းလောက်ပဲ သိတာပေါ့။ အဲဒီပုံတွေနဲ့ မြန်မာပြည်သူတွေရဲ့ နောက်မှာ ကမ္ဘာ့ပြည်သူတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်းလွှတ်ဆိုတဲ့ စာတမ်းတွေ လိုက်ချိတ်တယ်။ အဲဒါ ၆ နာရီခွဲလောက်ကျတော့ အကုန်လိုက်ဖြုတ်သွားတယ်။ လူစုံတဲ့ နေရာ တော်တော်များများမှာ ကုန်းတွေကုန်းတွေပေါ့ ဟင်္သာတကုန်းတို့၊ ကျောက်တော်ကြီးကုန်းတို့၊ အဲဒီနေရာတွေမှာ လိုက်ချိတ်တာ” လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး Generation Wave အဖွဲ့ဝင် ကိုဘိုဘိုက အခုလို ပြောပါတယ်။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးဖို့ လိုတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ သတင်း (message) ပေးချင်တယ်။ နောက် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးဘက်မှာ ကျနော်တို့ ပြည်သူတွေက အမှတ်ရနေတယ်ဆိုတဲ့ အကြောင်းကို လက်ရှိအစိုးရကို ကျနော်တို့က အသိပေးချင်တာ ဖြစ်ပါတယ်။ နောက်တခုက လူငယ်တွေရဲ့ စုစည်းမှုရယ်၊ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်စွာနဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာကို အစိုးရကို ပြချင်တာ ဖြစ်ပါတယ်။”
ဒီလို မြို့နယ် ၃၃ ခုက ပြုလုပ်တဲ့ ကမ်ပိန်းအတွင်းမှာ အစိုးရအဖွဲ့က လိုက်လံ သိမ်းဆည်းမှုတွေ လုပ်နေတဲ့အတွက် ဒါဟာပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တာလို့လည်း ကိုဘိုဘိုက ဝေဖန်ပါတယ်။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးဖို့လိုတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ Massage ပေးချင်တယ်။ ပြီးတော့ အကျဉ်းကျနေတဲ့ သူတွေအကုန်လုံး ဥပမာ ကျနော်တို့ ပြည်သူတွေက အမှတ်ရနေကြကြောင်း ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ လက်ရှိအစိုးရကို အသိပေးချင်တာ ဖြစ်ပါတယ်။ နောက်ထပ်တခု ပြချင်တဲ့ဟာက လူငယ်တွေရဲ့ စုစည်းမှုရယ်၊ ကျနော်တို့တွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ လှုပ်ရှားနေတဲ့ ပုံစံမျိုးတွေ ရှိနေတယ်ဆိုတဲ့ဟာကို ကျနော်တို့တွေက အစိုးရကို ပြချင်တာ ဖြစ်ပါတယ်။”
