Home
သုံးသပျခကျြ
သမ္မတသစ် ဘယ်လိုအခက်အခဲ ရင်ဆိုင်ရမလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
March 24, 2016
အပတ်စဉ်တင်ဆက်နေတဲ့ (Editorial talk) အယ်ဒီတာ့စကားဝိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီတပတ် ကျနော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတများ အပါအ၀င်၊ အစိုးရ၀န်ကြီးအဖွဲ့တွေနဲ့ ပတ်သက်လို့ ဘာတွေများ ဖြစ်လာနိုင်လဲ။ ဒီဟာရဲ့ နောက်ဆက်တွဲ အသွင်ကူးပြောင်းရေးမှာ အသစ်တက်လာတဲ့ အရပ်သားအစိုးရ သမ္မတ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ အဲ့ဒါတွေနဲ့ ပတ်သက်လို့ ဒီဗွီဘီ ရန်ကုန်ဗျူရိုတာဝန်ခံ ဦးတိုးဇော်လတ်က 7 Day News အယ်ဒီတာ ကိုသီဟ၊ ဧရာဝတီသတင်းဌာန အယ်ဒီတာ သာလွန်ဇောင်းထက်တို့နဲ့ ဆွေးနွေးထားပါတယ်။ ပထမဆုံး ကျနော် ကိုသီဟကို မေးလိုပါတယ်။ အခု သမ္မတ၊ ဒု-သမ္မတနှစ်ယောက်တော့ ရွေးလိုက်တယ်ပေါ့နော်။ အဲဒီမှာ တော်တော်လေးကို ဝေဖန်ကျတာတော့၊ ဦးမြင့်ဆွေပေါ့နော်။ သူ့ကို ဒု-သမ္မတ တင်လိုက်တဲ့ အပေါ်မှာ အထူးသဖြင့် သူသည် ဦးသန်းရွှေနဲ့ သစ္စာခံ၊ အဲ့လိုပဲ ‘Hard’ လိုင်းလို့ အများကယူဆတဲ့၊ အရင်တုန်းကတော့ ဒီ ‘စရဖ’ တို့၊ လုံခြုံရေးတွေ ကိုင်ခဲ့တော့၊ ၂၀၀၇ တို့ ကျောင်းသားတွေတို့၊ အဲ့လိုမျိုး လုံခြုံရေးနဲ့ တက်လာတော့၊ သူ့မှာလည်း အဲ့လို နောက်ကြောင်းတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ တကယ်တမ်း ပထမဦးဆုံး အစိုးရအဖွဲ့မှာ ကျနော်ထင်တယ်၊ အရပ်သားအစိုးရ သမ္မတပေါ့၊ သမ္မတကနေပြီးတာ့ ဒု-သမ္မတ တစ်၊ နှစ်ကို တာဝန်ခံရတယ်။ အဓိက သူ ဘယ်ဟာတွေ ရင်ဆိုင်နိုင်ရလဲ၊ ဘယ်လိုကိုင်တွယ်မယ် ထင်လဲ။ အဲ့ဒါလေးကို အရင်ဆုံးစပြီးတော့ ပြောပြပေးပါဦးခင်ဗျ။ ကိုသီဟ "အခု ဒီ သမ္မတကြီးကတော့ ပြောစရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်တဲ့အဆုံးမှာ သူနဲ့ ငယ်ပေါင်းကြီးဖော်၊ အတွင်းသိ၊ အဆင်းသိ၊ သူ့အပေါ်လည်း သစ္စာရှိနိုင်မယ်လို့ ယူဆရတဲ့ ဦးထင်ကျော်ကို သမ္မတဆိုပြီးတော့ နာမည်စာရင်းတင်တယ်။ ဦးထင်ကျော်ကလည်း အကုန်လုံးမျှော်လင့်တဲ့ အတိုင်းပဲ သမ္မတအဖြစ် ရွေးချယ်ခံရတယ်။ အဲ့ဒီမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကနေတင်တဲ့ ဦးဟင်နရီဗန်ထီးယူကလည်း ဒု-သမ္မတ ဖြစ်သွားတယ်။ နောက် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ကနေတင်တဲ့ ဦးမြင့်ဆွေကလည်း ဒု-သမ္မတ ဖြစ်တယ်။ အဲ့မှာ ဒု-၁ နဲ့ ဒု-၂ နှစ်ယောက်ဖြစ်လာတာပေါ့။ ဦးမြင့်ဆွေကတော့ ဒု-သမ္မတ ၁၊ ဦးဟင်နရီဗန်ထီးယူက ဒု-သမ္မတ ၂ ဖြစ်တယ်။ အဲဒီမှာ တချက်ပြောစရာရှိတာက ဦးမြင့်ဆွေကိစ္စမှာ တော်တော်လေးကို ပွဲဆူပါတယ်။ ကျနော်တို့ အရပ်သားတွေကော၊ ပြည်သူပြည်သားတွေတင်မက၊ တပ်ထဲမှာပါ နည်းနည်းလေး ပွဲဆူခဲ့တယ်ဆိုတဲ့ အသံလေးတွေလည်း ကြားရပါတယ်။ Why ဦးမြင့်ဆွေ၊ ဦးမြင့်ဆွေကို ဘာကြောင့် ဒု-သမ္မတအဖြစ် စစ်တပ်က အမည်စာရင်း တင်သွင်းတာလဲ။ လောလောလတ်လတ်မှ ယူနီဖောင်းချွတ်ပြီး အငြိမ်းစားယူပြီးတော့မှ တပ်ထဲကနေပြီးတော့ ၀င်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေ အများကြီးရှိခဲ့တယ်။ ဘာ့ကြောင့် သူတို့ကို မရွေးတာလဲ၊ ဘာ့ကြောင့် တပ်နဲ့ကင်းကွာခဲ့တာ ငါးနှစ်ကျော်ပြီးဖြစ်တဲ့ ဦးမြင့်ဆွေကို ဒု-သမ္မတအဖြစ် ရွေးချယ်ရတာလဲ။ ဦးမြင့်ဆွေ ဘာတွေလုပ်ခဲ့လဲ။ ဦးမြင့်ဆွေ အခု ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ ရန်ကုန်လူထုရဲ့ ထောက်ခံချက်၊ ရန်ကုန်လူထုရဲ့ ကြိုက်နှစ်သက်မှု ဦးမြင့်ဆွေမှာ ဘယ်လောက်ရှိသလဲ။ အဲ့ဒါကို စစ်တပ်က ဘယ်လောက်သိထားလဲ။ ဦးမြင့်ဆွေ ရန်ကုန်ကို ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေလုပ်ခဲ့ဖူးသလဲ။ ဦးမြင့်ဆွေ ချမှတ်ခဲ့တဲ့ စီမံကိန်းတွေ ဘယ်လောက်များ ပွင့်လင်းမြင်သာမှု ရှိခဲ့သလဲ။ ရန်ကုန်လူထုရဲ့ ထောက်ခံအားပေးမှု ဦးမြင့်ဆွေ အပေါ်မှာ ဘယ်လောက်ရှိခဲ့သလဲ။ ဒါကို တပ်က သတိထားမိလားဆိုတာ မေးခွန်းထုတ်စရာ ကျနော်တို့အနေနဲ့ ပြန်ပြီးတော့ စဉ်းစားရဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ထူးတော့ မထူးတာတခုက စစ်တပ်သည် အမြဲတမ်း ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက် လုပ်နေတာတော့ အကျင့်ပါနေပြီ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူမကြိုက်သော ဒု-သမ္မတ တယောက်ကို ဒီမိုကရေစီ အစိုးရထဲကို ထိုးထည့်လိုက်ခြင်းသည် ဒါ တော်တော်လေးကို အငြင်းပွားစရာနဲ့၊ မေးခွန်းထုတ်စရာတခု ဖြစ်လာပါတယ်ခင်ဗျ။" ဦးတိုးဇော်လတ် အဲဒီတော့ ဦးမြင့်ဆွေကို တမင်ကို ဒု-သမ္မတအနေနဲ့၊ အစုအဖွဲ့အနေနဲ့ တင်လိုက်တာ၊ ရည်ရွယ်ချက် ရှိတယ်ပေါ့ဗျာ။ အဲဒီနောက်မှာလည်း တော်တော်ဝေဖန်ကြတယ်။ အထူးသဖြင့်တော့ အရင် စီပွားရေး အင်ထရက်စ်တွေပေါ့။ ဘာကြောင့်လဲဆိုတော့ ဦးမြင့်ဆွေ ကိုယ်တိုင်က အခု ရန်ကုန်မြို့သစ်စီမံကိန်း အပါအ၀င် တခြားဟာတွေလည်း အများကြီးလုပ်ခဲ့တယ်။ အရင် တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးတွေကော၊ ဆက်ပြီးထိန်းဖို့။ ဘာလို့လဲဆိုတော့ ဒု-သမ္မတ တယောက်ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ အဲ့ဒါတွေလည်းပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်လို့ ဘယ်လိုထင်လဲ။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ ဆိုတာလည်း ဖြည့်စွက်ပြီးတော့၊ သုံးသပ်ပါအုံး ခင်ဗျ။ သာလွန်ဇောင်းထက် "ဦးမြင့်ဆွေအကြောင်း ပြောမယ်ဆိုရင် ၂၀၁၂ သီဟသူရတင်အောင်မြင့်ဦး ထွက်သွားတုန်းက တကြိမ်ပေါ့နော်။ ဦးမြင့်ဆွေကို ဒု-သမ္မအဖြစ် တပ်ကတင်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဦးမြင့်ဆွေက သူ့ရဲ့ သားသမီးပေါ့နော်၊ သမီးနဲ့ပတ်သက်တဲ့ သမက်က၊ သြစတြေးလျနိုင်ငံသား ဖြစ်နေလို့၊ ပုဒ်မ ‘၅၉(စ)’ နဲ့ ငြိနေလို့ ဆိုပြီးတော့ တပ်ကနေ နောက်ဆုံး ပြန်ပြီး Withdraw လုပ်သွားတယ်ပေါ့။ နောက်တခါ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်-ရေ ဦးဉာဏ်ထွန်းကို ဒု-သမ္မတ တင်ခဲ့တယ်။ အခုတခါ ၂၀၁၅-၂၀၁၆ ၀င်လာတဲ့အချိန်မှာ နောက်တကြိမ် ပြန်တင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့၊ ခုနကပြောတဲ့ အချက်တွေလည်း အပါအ၀င်ပေါ့နော်။ သေသေချာချာလေး စဉ်းစားကြည့်လို့ရှိရင်တော့ ဒီရဲ့နောက်ကွယ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိနေတယ်ဆိုတာ ကျနော်တို့ ထင်ထင်ရှားရှား သိနိုင်တယ်။ ဦးမြင့်ဆွေကလည်း ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အရမ်းနီးစပ်တယ်။ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေမျိုးနီးစပ် တော်တယ်။ ဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်၊ သူတို့ လူတယောက်ကို ဒီလို Democratic အစိုးရထဲမှာ သူတို့ ထည့်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဓိကကတော့ သူတို့အကျိုးစီးပွားကို ကာကွယ်မယ့်၊ တပ်ပိုင်းဆိုင်ရာမှာလည်း ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သို့သော်လည်း တပ်မတော်မှာလည်း သူ့ရဲ့၊ အမြဲတမ်း သူက သစ္စာစောင့်သိမှုပေါ့။ ဒီဟာကိုပဲ သူက အမြဲတမ်း ဦးထိပ်ထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့ တပ်မတော်သည် ယနေ့အချိန်ထိ ပြောင်းလဖို့ဆိုတာထက်ပေါ့နော်၊ အရင် သူတို့ကို မွေးထုတ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သစ္စာစောင့်သိမှုဆိုတဲ့ဟာပေါ်မှာပဲ သူတို့ပြန်ပြီး အလုပ်လုပ်နေတဲ့ သဘောပါပဲ။ အဲ့တော့ အားလုံးကို ပြန်ခြုံကြည့်ရင်တော့ ဦးမြင့်ဆွေ သမ္မတ ဖြစ်လာရခြင်းသည် တပ်ရဲ့ သဘောထားထက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သဘောထားဆိုတာကတော့ ထင်သာမြင်သာ ရှိပါတယ်ခင်ဗျ။" ဦးတိုးဇော်လတ် ဟုတ်ကဲ့ခင်ဗျ။ ဒီ သစ္စာစောင့်သိမှုပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း  သူကိုယ်တိုင် သမ္မတမဖြစ်တာ၊ သူ့ကို သစ္စာစောင့်သိတဲ့ ဦးထင်ကျော်ကို တင်သလို တပ်မတော်ကလည်း အထူးသဖြင့် တပ်မတော်ဆိုတာလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေကလည်း သူ့ကို သစ္စာစောင့်သိတဲ့ လူကို တင်တာပေါ့နော်။ အဲ့တော့ လူတွေ အများစိုးရိမ်ကြတာ ဒု-သမ္မတနှစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေက ဘာတွေလဲ။ ကျနော်ထင်တယ်၊ အဲ့အောက်မှာတော့ ကော်မတီတွေ အများကြီးရှိတယ်။ အဲ့ဒါကိုကော သမ္မတ-၁နဲ့၊ ၂ နဲ့ ကြားမှာ ဘယ်လိုခွဲဝေမှုလုပ်လဲ။ အဲ့ဒါ သမ္မတလုပ်တာလား၊ ဒါမှမဟုတ် ဘယ်လိုပြဋ္ဌာန်းလဲ။ အဲ့ဒါလေးကိုလည်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါအုံးခင်ဗျ။ ကိုသီဟ "အခု ကျနော်တို့ ဟိုရက်က မဲခွဲတဲ့အချိန်မှာ ဦးမြင့်ဆွေသည် ဒု-သမ္မတ ၁ ဖြစ်သွားတယ်။ ဦးဟင်နရီဗန်ထီးယူသည် ဒု-သမ္မတ ၂ ဖြစ်သွားတယ်။ အဲ့ဒီမှာ ဒု-သမ္မတ ၁ နဲ့ ၂ နဲ့ ဒု-သမ္မတတွေရဲ့လုပ်ပိုင်ခွင့် ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိဘူး။ ဒါပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာတော့ ဒု-သမ္မတရဲ့ လုပ်ပိုင်ခွင့်များဆိုပြီး ပြဋ္ဌာန်းထားတာရှိတယ်။ အဲ့ဒီမှာလည်း သိပ်ပြီးတော့ ဒု-သမ္မတ ၁ နဲ့ ၂ မှာ သိပ်ပြီးတော့ ကွဲကွဲပြားပြားမရှိဘူး။ သို့သော်လည်းပဲ ဒု-သမ္မတ ၁ ရဲ့ တာဝန်သည် Automatically  ဖြစ်နိုင်တာက သမ္မတက အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားရင် သူသည် သမ္မတရဲ့တာဝန်ကို ယာယီထမ်းဆောင်ခွင့်ရှိတယ်။ သမ္မတ ပြည်ပခရီးသွားနေလို့သော်လည်းကောင်း၊ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် သမ္မတရာထူးကနေ နုတ်ထွက်၊ အငြိမ်းစား၊ လုပ်ကြံခံရ၊ တခုခုပေါ့။ အဲ့လိုမျိုး ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်၊ သမ္မတလစ်လပ်သွားပြီဆိုရင် သူသည် Automatically   ယာယီသမ္မတ ဖြစ်မယ်။ ယာယီသမ္မတ ဖြစ်တဲ့အချိန်မှာပဲ ပြည်ထောင်စုလွှတ်တော် ခေါ်နေတဲ့အချိန်မှာဆိုရင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးပေါ့၊ ပြည်ထောင်စုလွှတ်တော် နာယကကို သမ္မတ လစ်လပ်တယ်ဆိုပြီး သူအကြောင်းကြားမယ်။ အကြောင်းကြားရင် အကြောင်းကြားတဲ့ အချိန်ကစပြီး ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးဖို့အတွက်ကို လောလောဆယ် လစ်လပ်သွားတဲ့ သမ္မတရွေးချယ်ခဲ့တဲ့ အစုအဖွဲ့ကို အကြောင်းကြား ပြန်လုပ်ပေးဖို့။ ပြည်သူ့လွှတ်တော်က ရွေးချယ်ခဲ့တယ်ဆိုလည်း ပြည်သူ့လွှတ်တော်ကို ပြန်အကြောင်းကြား၊ ပြည်သူ့လွှတ်တော်ကနေ ဒု-သမ္မတ တယောက်ကို ပြန်တင်ပြီးတော့ ပြန်ရွေးချယ်ဖို့ ဆိုတာမျိုးရှိတယ်။ ဒါပေမယ့် တခုရှိတာက လက်ရှိ ယာယီသမ္မတသည် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးဆီကို ဘယ်လောက်အတွင်း အကြောင်းကြားရမယ်ဆိုတာ ကျနော်တို့ အခြေခံဥပဒေမှာရော ပြည်ထောင်စုအစိုးရ ဥပဒေမှာရာ မပါထားဘူး။ အဲ့တော့ ပြည်ထောင်စုလွှတ်တော် ကျင်းပနေစဉ် ကျင်းပနေတဲ့အချိန်နဲ့ တိုက်ဆိုင်ရင်တော့ မြန်မှာပေါ့လေ။ "ပြည်ထောင်စုလွှတ်တော် မကျင်းပဘူးဆိုရင် သူက သူ့ဟာသူ အချိန်ဆွဲထားရင်လည်း ရတယ်။ ဆွဲထားပြီးတော့မှ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးကို အကြောင်းကြားလိုက်ပြီး ၂၁ ရက်အတွင်း ကျတော့မှ ဒု-သမ္မတ ပြန်လည်ရွေးချယ်ဖို့ ဆိုပြီးတော့ ပြန်လုပ်ရမှာတွေ ရှိတယ်ပေါ့။ နောက်ပြီးတော့ ဒု-သမ္မတတွေမှာပဲ လုပ်ပိုင်ခွင့်တွေက Automatically ပါနေတာကတော့ ကာလုံမှာ ပါတယ်ဗျာ၊ ဘဏ္ဍာရေးကော်မရှင်မှာ ပါတယ်။ ဒါ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေပေါ့။ အဲ့ဒါတွေ ခွဲဝေထားတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သမ္မတကပဲ ခွဲဝေပေးတာပါ။" ဦးတိုးဇော်လတ် အဲတော့ စောစောကပြောသွားတဲ့ (ကာလုံ) ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ယောက်ထဲမှာလည်း ပါလာတယ်။ အထူးသဖြင့် တချို့ဝေဖန်မှုတွေကလည်းရှိတယ်။ ဒု-သမ္မတယောက် အထူးသဖြင့် ဒီဘက်ကို ပါမသွားအောင်လို့ သေချာတဲ့လူ ထိုးထည့်ထားတယ်လို့လည်း ပြောတာပေါ့ဗျာ။ အဲ့လိုပဲ စောစောက ဘဏ္ဍာရေးကော်မတီရော၊ စီးပွားရေးကော်မတီ တချို့မှာလည်း တာဝန်ခံရတော့ တကယ်တမ်း ရှေ့လျှောက် အစိုးရရဲ့၊ တပ်မတော်ရဲ့ စီးပွားရေးတွေ ဒါမှမဟုတ် တခြား ခရိုနီစီးပွားရေးတွေ ကာကွယ်တာအပြင် တခြား ဘယ်လို ထိပ်တိုက်မှုတွေ၊ ဘယ်လိုအခက်အခဲတွေကော ထပ်ဖြစ်လာနိုင်သေးလဲ တချက်လောက် ဖြည့်စွက်ဆွေးနွေးပါအုံး ခင်ဗျ။ သာလွန်ဇောင်းထက် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ လေ့လာကြည့်ရင်တော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက အဓိက ပါဝါအရှိဆုံးသူပေါ့နော်၊ ပါဝါအရှိဆုံးသူက သမ္မတပဲ။ ဒါကြောင့်မို့လည်း ၂၀၁၂ က အခြေအနေကို ကျနော်တို့ ပြန်လေ့လာဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကြံ့ခိုင်ရေးပါတီကပဲ သမ္မတဦးသိန်းစိန်ရယ်၊ ဒု-သမ္မတ ၁ ဖြစ်တဲ့ သီဟသူရတင်အောင်မြင့်ဦးရယ်၊ သူတို့ကြားထဲမှာ Conflict ဖြစ်ခဲ့တယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံစီမံကိန်းကြီး ရပ်ဆိုင်းတာနဲ့ ပတ်သက်ပြီးတော့ သီဟသူရတင်အောင်မြင့်ဦးက သူ့အနေနဲ့ သဘောမတူဘူးပေါ့နော်။ ဒါ အရင်က သူတို့လုပ်ခဲ့တဲ့၊ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ စီမံကိန်းပေါ့နော်။ အဲဒီမှာတင် သဘောမတူဘဲနဲ့ နောက်ဆုံး သီဟသူရတင်အောင်မြင့်ဦးက ကင်ဆာဖြစ်တယ်၊ ကျန်းမာရေးမကောင်းဘူး ဆိုပြီးတော့ သူ နုတ်ထွက်သွားရတဲ့ အဆင့်မျိုးထိ ရောက်ခဲ့တယ်။ ဒါ သူတို့ အဲ့ဒီအချိန်က ဖြစ်ခဲ့တာပေါ့နော်။ စစ်အစိုးရပြီးတော့ နောက်ထပ် ဦးသိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ။ ဆိုတော့ အခုလက်ရှိ အခြေအနေမှာလည်း ဒု-သမ္မတ ၁ ရဲ့ လုပ်ပိုင်ခွင့်ကတော့ ကျနော်တို့သိသလောက် ဘာမှမရှိဘူး။ ဘာမှမရှိဘူးဆိုတာ သမ္မတက ခွဲပေးမှပဲ သူရမှာ။ အဲ့တော့ သူ့အနေနဲ့တော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါတဲ့အတွက်ကြောင့်မို့ တပ်မတော်ရဲ့ မဲတမဲအနေနဲ့တော့ သူရပ်တည်လို့ရတယ်။ ဒါပေမယ့် သူ့မှာ ဘာလုပ်ပိုင်ခွင့်မှကို မရှိဘူး။ ဥပမာ သူ ဘဏ္ဍာရေးကော်မရှင်ရဲ့ ဒု-ဥက္ကဋ္ဌလို၊ အခြား ကော်မရှင်၊ ကော်မတီရဲ့ ဒု-ဥက္ကဋ္ဌတွေအဖြစ် သူ့ကို ခန့်အပ်ပေမယ့်လည်း တကယ်တမ်း Decision Maker က သမ္မတဦးထင်ကျော်ပဲ။ သမ္မတပဲ ဆုံးဖြတ်ရမယ်။ ၀န်ကြီးဌာန နာမည်စာရင်းတွေကအစ၊ ဒု-၀န်ကြီးတွေကအစ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ ဥက္ကဋ္ဌအသီးသီး အားလုံးကို ခန့်အပ်မှာက သမ္မတဦးထင်ကျော်ကပဲ ခန့်အပ်တာ။ အဲ့တော့ ဒု-သမ္မတ  ၁ အနေနဲ့ကတော့ ဘာမှ လုပ်စရာမရှိဘူး။ သို့သော်လည်းပဲ ခုနက ကိုသီဟပြောခဲ့သလိုပဲ၊ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းအရာ တခုခုကြောင့်မို့လို့ သူလွှဲပေးချင်လို့၊ သူ နုတ်ထွက်တာပဲဖြစ်ဖြစ် တခုခုပေါ့နော်။ အကြောင်းအရာ တခုခုကြောင့် သူကျန်းမာရေးမကောင်းလို့ သေဆုံးသွားခဲ့တာပဲဖြစ်ဖြစ်၊ အဲ့လိုမျိုး တခုခုဖြစ်လာခဲ့ပြီဆိုရင် ခုနကပြောသလိုပဲ ဒု-သမ္မတကပဲ ယာယီသမ္မတဖြစ်လာမယ်။ အဲ့လိုမျိုး ယာယီသမ္မတ ဖြစ်လာတဲ့ အချိန်ကျရင် ကျနော်တို့က ကြောက်စရာတခုပဲရှိတယ်။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်ပင်ပြီးတော့ လွှတ်တော်ကို ဖျက်သိမ်းလို့ရတယ်။ နိုင်ငံတော်အာဏာကို ယာယီသမ္မတကနေပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲကို ထည့်ပေးလို့ရတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တခု ပါတယ်။ အဲ့ဒီဟာကလည်း သမ္မတက သဘောတူမှရတာ။ အဲ့တော့ သမ္မတ ဦးထင်ကျော် အနေနဲ့ကတော့ ဒီလိုမျိုး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို အာဏာထည့်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဦးမြင့်ဆွေသာ ယာယီသမ္မတ ဖြစ်လာခဲ့မယ်ဆိုရင် ဒီပြဋ္ဌာန်းချက်ကို အသုံးပြုပြီးတော့ နိုင်ငံတော်ကို မဟုတ်မမှန်တာမျိုးပေါ့နော်၊ တခုခု မတရားတာမျိုး၊ လုပ်နိုင်တဲ့ အခွင့်အလမ်း သူ့မှာရတယ်ဆိုတော့၊ အဲ့ဒါလေးတခုပဲ ကြောက်စရာရှိတယ်။ ကျန်တာကတော့ သိပ်ပြီးကြောက်စရာ မရှိပါဘူး။" ဦးတိုးဇော်လတ် ဟုတ်ကဲ့ခင်ဗျ။ အဲ့တော့ ဒီချုပ်ကတော့ အစိုးရရော၊ ပါလီမန်ရောတော့ အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်တယ်ပေါ့။ အခု သမ္မတတွေဘက်ကနေပြီးတော့ အခု အသစ်ဖွင့်လိုက်တဲ့ ၀န်ကြီးဌာနတွေပေါ့နော်၊ ၃၆ ခုကနေ ၂၁ ခုလျှော့ချတယ်။ နောက် အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ကြေညာစာထဲမှာပဲ ကျစ်လျစ်ပြီးတော့ စွမ်းရည်ထက်မြက်တဲ့ အစိုးရအဖွဲ့ ဖွဲ့မယ်။ မလိုအပ်ဘဲ ဘဏ္ဍာငွေတွေ ကုန်တယ်။ ဒီဟာတွေကိုတော့ လုပ်မယ်။ တချို့ကလည်း ပြန်ပြောကြတယ်။ ဥပမာ အားကစားဝန်ကြီးဌာနဆိုရင် သူတို့ အမြဲတမ်းအတွင်းဝန်က  အားကစားဆိုတာ ပျောက်သွားတော့ အားကစားတွေ မှေးမှိန်သွားနိုင်တယ်။ အဲ့တော့ အဲ့ပေါ်မှာကော ဘယ်လိုဂယက်တွေ ဖြစ်လာနိုင်မလဲ၊ တကယ်ကို ကျစ်လျစ်ပြီး ထိရောက်တဲ့ အစိုးရအဖွဲ့ တကယ်လုပ်နိုင်ပါ့မလား။ အဲ့ဒါလေးကိုလည်း ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။ ကိုသီဟ "မနေ့ကတင်ပဲ အစိုးရအဖွဲ့ ၀န်ကြီးဌာနတွေ ကြေညာတာ ၂၁ ခုဖြစ်သွားတယ်။ ၂၁ ခု ဖြစ်သွားတော့ ဒါ တော်တော်ကြီး ကျစ်လျစ်သွားတယ်။ ကျနော်တို့ တွက်ကြည့်သလောက်က သူတို့ဖြုတ်လိုက်တဲ့ ၀န်ကြီးဌာန ၁၅ ခု၊ ၁၅ ခုမှာ ၀န်ကြီးတယောက်နဲ့ ဒု-၀န်ကြီးတယောက်နဲ့ကို ပေးရမယ့် လစာတင်ကိုပဲ တလကို သိန်း ၈၀၀ ကျော် သက်သာသွားတယ်။ နောက် သူတို့ကိုပေးထားတဲ့ ကားတွေ၊ အိမ်တွေ၊ ဆီဖိုးတွေ၊ တခြား allowance တွေနဲ့ဆိုရင် တလကို သိန်းထောင်ကျော် ပြည်သူ့ဘဏ္ဍာ သက်သာသွားတယ်။ အဲ့ဒါကတော့ လောလောလတ်လတ် ပြည်သူတွေ အကုန်အကျ သက်သာသွားတယ်။ အစောကြီးထဲကမှ ပြည်သူတွေက မွေးရာပါအခွင့်အရေးအရ အကြွေးတင်ခဲ့တာ။ ဒါ မြန်မာနိုင်ငံမှာ တနိုင်ငံပဲရှိတယ်။ မွေးရာပါ နိုင်ငံသားအခွင့်အရေး အကြွေးတင်နေတာဆိုတော့ ဒါ ကျနော်တို့ ပြည်သူတွေအနေနဲ့ အများကြီး သက်သာသွားနိုင်တယ်ဆိုတဲ့ အခြေအနေရှိတယ်။ နောက်ထပ် ထပ်ရှိတာက ဒါ small government လို့တော့ ပြောလို့မရသေးဘူး။ ၀န်ကြီးဌာန ၂၀ ကျော်ရှိနေတယ်။ ဒါ small government ကို ဘယ်လိုပေတံနဲ့ တိုင်းမလဲ။ သေချာတယ်၊ ပြီးခဲ့တဲ့ government ကတော့ big government အရမ်းကို ဖောင်းပွနေတော့။ ဒါပေမယ့် ဒီချုပ်က ဖွဲ့စည်းမယ့် government သည် small government ဖြစ်၊ မဖြစ် ဆိုတာက တိုင်းလို့တော့ မသိနိုင်သေးဘူး။ ဒါပေမယ့် effective ဖြစ်နိုင်၊ မဖြစ်နိုင်။ ၀န်ကြီးဌာနတွေ ပေါင်းစပ် ဖွဲ့စည်းတယ်။ ပြီးတော့ ပြည်ထောင်စုဝန်ကြီးဦးရေကို ၁၈ ဦးပဲ ထားမယ်လို့ဆိုတယ်။ ၀န်ကြီးဌာနတခုဆိုရင် နှစ်ခုပေါင်းထားတဲ့ ၀န်ကြီးဌာနတွေ ရှိတယ်။ တွဲကိုင်ရမယ်ဆိုရင်တော့ အနည်းဆုံး သုံးခုလောက်ကိုင်ရမယ်။ ဒီဝန်ကြီးတယောက်သည် သေချာလုပ်နိုင်တဲ့ ability သူ့မှာ အများကြီး ပြည့်ဝနေဖို့တော့ လိုတယ်။ အဲ့ဒါမှ small & effective ဆိုတဲ့ government ဖြစ်လာနိုင်ပါတယ်။ မဟုတ်ရင်တော့ ဒါ နည်းနည်းလေး စွန့်စားရာတော့ ရောက်နေတယ်။ အဲ့ဒါတော့ ကျနော်တို့ ယုံကြည်မှုကို အခြေခံပြီးတော့ပဲ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိပါတယ်။" ဦးတိုးဇော်လတ် ခု လူပြောသူပြောများနေတာပေါ့နော်။ ၀န်ကြီးဌာနကို ကျစ်ကျစ်လျစ်လျစ်နဲ့၊ စွမ်းဆောင်ရည် မြှင့်ပြီးတော့ လုပ်သွားမယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုမျိုး သက်ရောက်မှုတွေ၊ တန်ပြန်မှုတွေ ဖြစ်လာနိုင်လဲ။ အထူးသဖြင့် အချို့ဝန်ထမ်းတွေက စိုးရိမ်ကြတယ်။ ဥပမာ သမ၀ါယမ၀န်ကြီးဌာန လုံးဝ မရှိတော့ဘူး၊ မရှိတော့ သူတို့တွေကျတော့ ဘယ်ထဲမှာ အလုပ်သွားပေးမလဲပေါ့နော်။ ဒေါ်စုရဲ့ ပေါ်လစီအရတော့ ၀န်ထမ်းတွေတော့ မဖြုတ်ဘူး။ ဒါပေမယ့် ဌာနတွေတော့ လျှော့ချမယ်။ အဲ့ဒါတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ၊ တချက်လောက် ဖြည့်စွက်ပြီး ပြောပြပေးပါအုံးခင်ဗျ။ သာလွန်ဇောင်းထက် "ကျနော်တို့သိထားတဲ့ အနေအထားအရတော့ ၀န်ကြီးဌာနတွေကို ဖြုတ်လိုက်တယ်။ ၀န်ကြီးဌာနအဆင့်တော့ သူက နာမည်တော့ မတပ်တော့တာပေါ့နော်။ ကျနော်တို့ သိထားသလောက်တော့ သမ၀ါယမဆိုရင် သမ၀ါယမဦးစီးဌာန အနေနဲ့ သူက ဒါ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ကို ရောက်မယ်။ နောက်ပြီးတော့ အားကစားဝန်ကြီးဌာနဆိုရင် အားကစားဦးစီးဌာနအနေနဲ့ ကျန်းမာရေးအောက်ကို ရောက်မယ်ပေါ့နော်၊ စသည်ဖြင့်ပေါ့။ တခြား ဖျက်သိမ်းလိုက်တဲ့ ၀န်ကြီးဌာနတွေလည်း အဲလိုပဲ ဦးစီးဌာနအဆင့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ အောက်တွေကို ရောက်မှာပေါ့နော်။ အဲ့တော့ ခုနက ပြောစရာရှိတာက ဘယ်လောက် effective ဖြစ်မလဲပေါ့။ ကျနော့်အမြင်ပေါ့နော်၊ ပိုပြီးတော့ effective ဖြစ်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တက်လာမယ့်သူတွေဟာ သူတို့ ပြောထားပြီးသား၊ ကျွမ်းကျင်တဲ့သူ၊ ပညာရှင်တွေကို သူတို့ခန့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကလည်း နဂိုတည်းက ပြောထားတယ်ပေါ့နော်။ တကယ်တမ်း ဒီလူတွေကို အုပ်ချုပ်ခိုင်းမယ်ဆိုရင်လည်း ကျနော်ထင်တာကတော့ ယန္တရားပဲ။ အဓိကက အခုဖြစ်နေတဲ့ ယန္တရားက စစ်အစိုးရလက်ထက်က စပြီးတော့ ဦးသိန်းစိန်လက်ထက်အထိ အတွင်းဝန်တွေကအစ စစ်တပ်ယန္တရားတွေ ဖြစ်နေတာ။ အဲ့ဒီတော့ အပေါ်ကချလိုက်တဲ့ ပေါ်လစီကို အောက်က ယန္တရားက ဘယ်လို အလုပ်လုပ်အောင် လုပ်မလဲဆိုတာကပဲ အရေးအကြီးဆုံး ဖြစ်မယ်ထင်တယ်။ ကျနော်ထင်တယ်၊ တက်လာမယ့် ၀န်ကြီးတွေကတော့ ပေါ်လစီကောင်းတွေ၊ သူတို့အနေနဲ့ နိုင်ငံတကာကရမယ့် အကြံဉာဏ်ကောင်းတွေကို သူတို့ချပေးမှာပဲ။ ကျနော် စိုးရိမ်တာတခုကတော့ အဲ့ဒီ ယန္တရားကြီး မလည်ပတ်မှာကိုပဲ။ ယန္တရားက အကျင့်ပါနေတယ်။ အကျင့်ပျက် ခြစားနေတယ်။ ၀န်ထမ်းတွေကဆိုရင် အလုပ်မလုပ်ချင်ဘူး၊ ရေသာခိုချင်တယ်၊ ဒီလိုမျိုး စိတ်ဖြစ်နေတဲ့ ၀န်ထမ်းတွေက အများကြီးပဲ။ အဲ့တော့ စပြီးတော့ ပြောင်းလဲရမှာကတော့ အမြဲတမ်းပြောသလို အောက်ခြေကနေ စပြီးတော့၊ အကုန်စပြောင်းရမှာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုကတော့ တော်တော်ကြီးပါတယ်။" ဦးတိုးဇော်လတ် နောက်ဆုံးအနေနဲ့ လိုတိုရှင်းလေးပေါ့၊ ကျနော်တို့ ပထမဆုံး နှစ်ပေါင်းငါးဆယ်အတွင်း ပေါ်လာတဲ့ အရပ်သားအစိုးရ သမ္မတဦးထင်ကျော်အနေနဲ့ အရေးကြီးဆုံးနဲ့ အမြန်ဆုံး၊ အလုပ်သင့်ဆုံးအလုပ်က ဘာလဲဆိုတာလေးကို ပြောပြပေးပါ ကိုသီဟ ခင်ဗျ။ ကိုသီဟ "လိုတိုရှင်းဆိုရင်တော့ ဒီဟာလည်း နည်းနည်းတော့ Controversial ဖြစ်တယ်ဗျ၊ ဆိုတော့ ပညာရေးကဏ္ဍလား၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလား၊ ဘဏ္ဍာရေးလား။ ဒါ သူတို့ အစောကြီးတည်းကလည်း သတင်းတွေလည်း ရေးပါတယ်။ ရက်ပေါင်း ၁၀၀ အတွင်းကျမှ သူတို့ ဘာလုပ်မယ်ဆိုတာကို ပြောမယ်ဆိုတော့။ ကျနော်တို့ကလည်း အလုပ်သင့်ဆုံးကတော့ လူတိုင်းရဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ပညာရေးကဏ္ဍမြှင့်တင်ဖို့၊ စီးပွားရေးကဏ္ဍမြှင့်တင်ဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ Infrastructure တွေ တည်ဆောက်ဖို့ဆိုတာမျိုး။ အဲဒီထဲမှာ သူတို့ အကောင်းဆုံးဆိုတဲ့ဟာကို သူတို့ဘာသာ သူတို့ရွေးချယ်ပြီးပဲ လုပ်သွားလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။" ဦးတိုးဇော်လတ် ဟုတ်ကဲ့ခင်ဗျ။ အခု အသစ်တက်လာတဲ့ အရပ်သားသမ္မတကော၊ ဒု-သမ္မတွေကော၊ နောက်ထပ် ၀န်ကြီးဌာနတွေကိုကော၊ ကျနော်တို့ ဘာတွေဆက်လုပ်မယ်ဆိုတဲ့ စောစောက ပြောသွားတဲ့ ရက်ပေါင်း ၁၀၀ အတွင်းတော့ ကျနော်တို့ ဆက်လက်စောင့်ကြည့်ရမှာလို့ ပြောရင်းနဲ့ ဒီတပတ် ဒီစကားဝိုင်းကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024