လေဘေးသင့် သေဆုံးပျောက်ဆုံးသည့် ရေလုပ်သား မိသားစုဝင်များကို အန်အယ်လ်ဒီ ထောက်ပံ့
နော်နိုရင်း
·
August 12, 2011
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ကျရောက်တဲ့ မိုးသက်လေပြင်းကြောင့် ဖောင်ပျက်၊ စက်လှေတွေ ပျက်ပြီး ပင်လယ်ထဲ မျောပါခဲ့ကာ ခုချိန်ထိ ပျောက်ဆုံးနေတဲ့ ဧရာဝတီတိုင်းအတွင်းက ရေလုပ်သားတွေရဲ့ မိသားစုဝင်တွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သွားရောက် ကူညီနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဧရာဝတီတိုင်း စည်းကော်မတီဝင် ဘိုကလေးမြို့နယ် ဥက္ကဋ္ဌ ဦးအောင်ခင်ဘိုတို့ ဘိုကလေးမြို့နယ် ကဒုံကျေးရွာက လေဘေးကြောင့် သေဆုံး ပျောက်ဆုံးနေတဲ့ ရေလုပ်သား မိသားစုဝင်တွေကို ဩဂုတ်လ ၁၁ ရက်နေ့က သွားရောက် တွေ့ဆုံကူညီတာလို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“သူတို့အဖွဲ့က ကဒုံကို ရောက်ပြီးတော့ သေဆုံးပျောက်ဆုံး ရေလုပ်သား ၁၇ ဦးရဲ့ မိသားစုတွေကို တွေ့ဆုံပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးလိုတဲ့ ဆန္ဒနဲ့ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးရဲ့ အစီအစဉ်နဲ့ပဲ ကလေးမရှိတဲ့ ကျန်ရစ်သူ မိသားစုအတွက် တသောင်း၊ ကလေးရှိတဲ့ မိသားစုအတွက် ကလေးကျောင်းစရိတ်အတွက် ငါးထောင် ထပ်ထည့်ပြီးတော့ တသောင်းခွဲ ကျနော်တို့ ထောက်ပံ့ခဲ့ပါတယ်။”
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့တုန်းကလည်း ဧရာဝတီတိုင်း ဖျာပုံနဲ့ ဒေးဒရဲ မြို့နယ်တွင်း လေဘေးကြောင့် သေဆုံး ပျောက်ဆုံးနေတဲ့ ရေလုပ်သား မိသားစုဝင်တွေကို ကူညီခဲ့ပါတယ်။