ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ရေး ပိုစနစ်ကျဖို့လိုဟု ဟီလာရီကလင်တန် ပြော

ဓာတ်ပုံ - ရိုက်တာ
1.2K
ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ထိပ်ဆုံးကနေ ပြေးနေတဲ့ ဟီလာရီကလင်တန်က အမေရိကန်နဲ့ မဟာမိတ်တွေကြားမှာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဖလှယ်တဲ့ နေရာမှာ အခုထက်ပိုပြီး စနစ်ကျဖို့ လိုနေပြီလို့ ပြောပါတယ်။
မတ်လ ၂၂ ရက် ဘယ်လ်ဂျီယံတိုက်ခိုက်မှု ဖြစ်အပြီး ဟီလာရီက အခုလို ပြောတာပါ။
အမေရိကန်အရာရှိတွေ ကိုယ်တိုင်ကလည်း ဘာသာတရား တခုလုံးနဲ့ စစ်ခင်းနေတဲ့ ပုံစံမျိုး ပြောနေတာကို ရှောင်ဖို့၊ ဒီလိုပြောတာဟာ အမေရိကန်တွေအတွက် အန္တရာယ်များလွန်းတယ်လို့ သတိပေးပါတယ်။
တကမ္ဘာလုံးက ညီညီညွတ်ညွတ်နဲ့ အကြမ်းဖက်သမား ကွန်ရက်တွေကို ချေမှုန်းသွားဖို့ဟာ ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဖြစ်တယ်လို့ ပြောပါတယ်။
အဲဗာရတ်မြို့မှာ စည်းရုံးရေးဆင်းနေတဲ့ ဟီလာရီက အမေရိကန် မွတ်စလင်တွေကို ထိခိုက်စေနိုင်တဲ့ အပြောအဆိုတွေကို ရှောင်ရှားကြဖို့လည်း သတိပေးပါတယ်။
အမေရိကန် မွတ်စလင်တွေဟာလည်း အမေရိကန်ကို ကာကွယ်ရေးမှာ အစိတ်အပိုင်း ဖြစ်လာဖို့လိုတယ်၊ သူတို့ကို စော်ကားနေမယ်၊ ခွဲခြားနေမယ်ဆိုရင် အမေရိကန်တွေအတွက် အန္တရာယ်များတယ်လို့ ပြောပါတယ်။
မတ်လ ၂၂ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့က လေဆိပ်နဲ့ မြေအောက်ရထားဘူတာတို့မှာ ဗုံးခွဲမှု ၂ ခု ဖြစ်ခဲ့ပြီး လူ ၃၄ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။