DVB Logo
Home
ဆောင်းပါး
အတိတ်နှင့်​လမ်း​ခွဲလိုက်ပါ – အာရပ်​နွေဦး​အတွက် အင်ဒိုနီး​ရှား​ သင်ခန်း​စာ (ဘာသာပြန်​ဆောင်း​ပါး​)
DVB
·
August 12, 2011
အတိတ်နှင့်​လမ်း​ခွဲလိုက်ပါ – အာရပ်​နွေဦး​အတွက် အင်ဒိုနီး​ရှား​ သင်ခန်း​စာ (ဘာသာပြန်​ဆောင်း​ပါး​)
Donate to DVB

(ဆောင်း​ပါး​ရှင် အင်ဒိုနီး​ရှား​စီး​ပွား​ရေး​ပညာရှင် စရီ မာလယန်နီ အင်ဒြာဝတီ Sri Mulyani Indrawati သည် ကမ္ဘာ့​ဘဏ်အုပ်စု World Bank Group - WBG ၏ မန်​နေး​ဂျင်း​ ဒါရိုက်တာဖြစ်ပြီး​ ၂၀၀၅ ခုနှစ်က​နေ ၂၀၁၀ အထိ အင်ဒိုနီး​ရှား​နိုင်ငံရဲ့​ ဘဏ္ဍာ​ရေး​ဝန်ကြီး​အဖြစ် တာဝန်ယူခဲ့​သူ ဖြစ်ပါတယ်။ အင်ဒိုနီး​ရှား​ အသွင်ကူး​ပြောင်း​ရေး​ကာလ အမာခံ ပြုပြင် ​ပြောင်း​လဲ​ရေး​သမား​အဖြစ် သူ့​ကို သိကြပါတယ်။ စီး​ပွား​ရေး​ အကျပ်အတည်း​ကာလ (၂၀၀၇-၂၀၁၀) အတွင်း​မှာ အင်ဒိုနီး​ရှား​ နိုင်ငံထဲကို ရင်း​နှီး​မြှုပ်နှံမှု​တွေ လှိမ့်​ဝင်လာ​အောင်၊​ နိုင်ငံစီး​ပွား​ရေး​ အင်အား​တောင့်​တင်း​အောင် စီမံခန့်​ခွဲ နိုင်သူအဖြစ် အမှတ်​ပေး​ခံရသူဖြစ်ပါတယ်။)

ဆီး​ရီး​ယား​မှာ ဆန္ဒပြသမား​တွေ နှိမ်နင်း​ခံ​နေရတာ၊​ လစ်ဗျား​က ​သွေး​ထွက်သံယို ပြည်တွင်း​စစ်၊​ ယီမင်က အဓိကရုဏ်း​ ဖြစ်လုလု အ​ခြေအ​နေ​တွေကို ကြည့်​လိုက်​တော့​ အာရပ်​နွေဦး​က မည်း​မှောင်တဲ့​ ​ဆောင်း​ရက်များ​ဆီ ကူး​ပြောင်း​သွား​ပြီလား​လို့​ စဉ်း​စား​စရာ ရှိပါတယ်။ ဟုတ်​ကောဟုတ်​သေး​ရဲ့​လား​လို့​ မယုံသင်္ကာ ဖြစ်​နေသူ​တွေလည်း​ ဒုနဲ့​ ​ဒေး​ပါပဲ။ မြန်မြန်ဆန်ဆန် အစိုး​ရ​ပြောင်း​လဲသွား​တဲ့​ အီဂျစ်နဲ့​ ကျူနီး​ရှား​မှာ​တောင် အ​ခြေအ​နေက မ​ရေရာ​သေး​ပါဘူး​။ ​လေ့​လာသူ​တွေရဲ့​ တဒင်္ဂ​မျှော်လင့်​ချက်​တွေ အခုကျ​တော့​ ဒီ​ဒေသကြီး​ရဲ့​ ​ရှေ့​အလား​လာ ဘယ်လိုလဲ၊​ စီး​ပွား​ရေး​ ​ကောင်း​ဖို့​၊​ ဒီမိုက​ရေစီ ဖြစ်ထွန်း​ဖို့​ ဖြစ်မှဖြစ်ပါ့​မလား​လို့​ ​စော​ကြော ​နေကြပြန်ပါတယ်။

တော်လှန်​ရေး​တွေနဲ့​ ​တော်လှန်​ရေး​ပြီး​ခါစအ​ခြေအ​နေ​တွေဟာ အလှုပ်အယမ်း​တွေနဲ့​ ဘယ်​တော့​မှ မတည်ငြိမ်တတ်ပါဘူး​။ ဓား​သွား​ပေါ် လမ်း​လျှောက်ရသလိုမျိုး​ပေါ့​။ အကန့်​အသတ်ရှိတဲ့​ လုပ်နိုင် ကိုင်နိုင်စွမ်း​နဲ့​ ဘတ်ဂျက် အ​ခြေအ​နေမှာ အလွန်အကျွံ ​မျှော်လင့်​ချက်​တွေကို ဖြည့်​ဆည်း​ပေး​ရတဲ့​ ကိစ္စက စမ်း​သပ်မှုတခုပါပဲ။ အတိတ်ရဲ့​ မတရား​မှု​တွေကို ပြန်လည် တည့်​မတ်ရတဲ့​ကိစ္စ၊​ အား​လုံး​အတွက် အခွင့်​အလမ်း​တွေ ​ပေါ်လာ​အောင် စီး​ပွား​ရေး​ကို ပြန်လည် တည်​ဆောက်ရတာ​တွေဟာ စိန်​ခေါ်ချက်​တွေပါ။ ဝရုန်း​သုန်း​ကား​နဲ့​ အ​ပြောင်း​အလဲများ​တဲ့​ကာလ၊​ မ​ရေရာတဲ့​ အ​ခြေအ​နေမှာ ပွဲလန့်​တုန်း​ ဖျာခင်း​ချင်တဲ့​ နိုင်ငံ​ရေး​သမား​တွေရဲ့​ အန္တရာယ်ကလည်း​ ရှိ​နေပါတယ်။

ဒါ​ပေမယ့်​လည်း​ အသွင်ကူး​ပြောင်း​ရေး​ကာလဆိုတာ မဟာအခွင့်​အလမ်း​တခုပါပဲ။ ၁၉၉၀ ပြည့်​လွန်နှစ်​တွေတုန်း​က အင်ဒိုနီး​ရှား​မှာ အာဏာရှင် ဆူဟာတိုကို ဖြုတ်ချနိုင်ပြီး​ ​အောင်ပွဲခံခဲ့​တဲ့​ လူ​တွေထဲမှာ ကျမလည်း​တ​ယောက်ပါ။ ဆူဟာတိုအလွန် အစိုး​ရသစ်မှာ ပါဝင်ခဲ့​ပါတယ်။ အဲဒီတုန်း​က ​လေ့​လာသူ​တွေက အင်ဒိုနီး​ရှား​လို မွတ်စလင်နိုင်ငံမှာ ဒီမိုက​ရေစီဟာ သက်တမ်း​ မရှည်နိုင်ဘူး​၊​ ​နောက်ဆုံး​တ​နေ့​မှာ ထိန်း​မနိုင်သိမ်း​မရ ဖြစ်မှာပဲလို့​ ခန့်​မှန်း​ခဲ့​ပါတယ်။ ကျမတို့​ရဲ့​ ​ရှေ့​ခရီး​ကလည်း​ ​ချောက်ချား​စရာအတိနဲ့​ပါ။ ဒါ​ပေမယ့်​ ဖြစ်မှဖြစ်ပါ့​မလား​ဆိုတဲ့​ အဲဒီ သံသယ​တွေ အကုန်မှား​သွား​ပါပြီ။ အ​ရေး​ကြီး​တဲ့​ သင်ခန်း​စာတချို့​လည်း​ ရလိုက်ပါတယ်။

အ​ရေး​အကြီး​ဆုံး​လို့​ ဆိုနိုင်တာက ဒီမိုက​ရေစီအ​ပြောင်း​အလဲမှာ ​လှေနံဓား​ထစ်ပုံ​သေနည်း​ (one-size-fits-all solution) မရှိဘူး​ဆိုတာပါပဲ။ အ​ရှေ့​အလယ်ပိုင်း​နဲ့​ ​မြောက်အာဖရိက နိုင်ငံ အသီး​သီး​မှာလည်း​ စိန်​ခေါ်ချက်​တွေက တခုနဲ့​တခု မတူနိုင်ပါဘူး​။ မတူတဲ့​အ​ခြေအ​နေကို မတူသလို ကိုင်တွယ်သွား​ဖို့​လည်း​ လိုပါတယ်။ ဒါ​ပေမယ့်​ အား​လုံး​လုပ်ရမှာ တခု​တော့​ ရှိပါတယ်။ အဲဒါက​တော့​ အသွင်သဏ္ဍာန်​ရော၊​ အနှစ်သာရပါ အတိတ်နှင့်​ လမ်း​ခွဲလိုက်ကြဖို့​ပါ။ အသစ်တက်လာတဲ့​ အာဏာပိုင်​တွေဟာ အတိတ်​နေ့​ရက်​တွေ ပြီး​ဆုံး​သွား​ခဲ့​ပါပြီ ဆိုတာကို ​သေ​သေချာချာပြသဖို့​ လိုအပ်ပါတယ်။

အ​ပြောင်း​အလဲကို တရား​ဝင်ပြသဖို့​ လိုပါတယ်။ ဥပ​ဒေသစ်​တွေကို လူသိရှင်ကြား​ ​ရေး​ဆွဲရပါမယ်။ လွတ်လပ်စွာ ဆန္ဒ​ဖော်ထုတ်ခွင့်​၊​ လွတ်လပ်တဲ့​ ​ရွေး​ကောက်ပွဲဥပ​ဒေ၊​ လွတ်လပ်စွာ အသင်း​အပင်း​ ဖွဲ့​စည်း​ခွင့်​တို့​လို ပြည်သူ​တွေကို လုပ်ပိုင်ခွင့်​ပေး​တဲ့​ ဥပ​ဒေ​တွေက အ​ရေး​ကြီး​ပါတယ်။ ဥပ​ဒေ အထက်မှာ ဘယ်သူမှ မရှိဘူး​ဆိုတာကို လူ​တွေကြား​မှာ ရှင်း​အောင်လုပ်ဖို့​ လိုပါတယ်။ အသွင် ကူး​ပြောင်း​ရေး​အတွက် အဟန့်​အတား​ ဖြစ်​စေမယ့်​ အ​သေး​အမွှား​လေး​ကအစ ဂရုစိုက်ရပါမယ်။

အဂတိလိုက်စား​မှုဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ရဲ့​ ဆူး​ငြောင့်​ခလုတ်ဖြစ်တဲ့​အတွက် အစိုး​ရသစ်ဟာ ဒိကိစ္စကို နှိမ်နင်း​ဖို့​ လုပ်ထုံး​လုပ်နည်း​တွေ၊​ အဖွဲ့​အစည်း​တွေကို အမြန်ဖွဲ့​စည်း​ တည်​ဆောက်ဖို့​ လိုပါတယ်။ ပွင့်​လင်း​မြင်သာမှုနဲ့​ တာဝန်ခံမှုဟာ အများ​ကြိုက် အင်အား​ကြီး​မား​တဲ့​ ကိစ္စဖြစ်ပါတယ်။ ဒါ​တွေလုပ်လို့​ အခက်အခဲ​တွေကြုံလည်း​ ​ခေါင်း​ဆောင်သစ်​တွေအ​နေနဲ့​ လက်​လျှော့​လိုက်စရာ အ​ကြောင်း​မရှိပါဘူး​။ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေ၊​ ​ဒေသအဖွဲ့​အစည်း​တွေ၊​ ဆင်း​ရဲသား​တွေနဲ့​ မျက်နှာမွဲ​တွေရဲ့​ ကိုယ်စား​လှယ်​တွေ၊​ အမျိုး​သမီး​ ကိုယ်စား​လှယ်​တွေကို ဆုံး​ဖြတ်ချက်ချတဲ့​ အဆင့်​တိုင်း​မှာ ပါဝင်ခွင့်​ပေး​သင့်​ပါတယ်။

အင်ဒိုနီး​ရှား​မှာ မီဒီယာလွတ်လပ်ခွင့်​အစ၊​ ​ရွေး​ကောက်ပွဲနှင့်​ အဂတိလိုက်စား​မှုဆိုင်ရာ ဥပ​ဒေ အလယ်၊​ ဗဟိုချုပ်ကိုင်မှု ​လျှော့​ချ​ရေး​၊​ စီး​ပွား​ရေး​အရ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်​နဲ့​ လက်ဝါး​ကြီး​ အုပ်မှု ကာကွယ်​ရေး​ ဥပ​ဒေ အဆုံး​၊​ ဥပ​ဒေ​ပေါင်း​ တရာ​လောက်ကို တနှစ်ခွဲကာလအတွင်း​မှာ ပြဋ္ဌာန်း​ခဲ့​ပါတယ်။ နိုင်ငံ့​ဗဟိုဘဏ်ရဲ့​ လွတ်လပ်ခွင့်​ကို အာမခံနိုင်မယ့်​ ပြည်သူ့​ဘဏ္ဍာ​ရေး​ ဥပ​ဒေသစ်ကို အတည်ပြုခဲ့​ပါတယ်။

ခေါင်း​ဆောင်သစ်​တွေဟာ အခက်အခဲ​တွေကို ကြိုတင်​မျှော်လင့်​ပြီး​ ​ဖြေရှင်း​နိုင်စွမ်း​ ရှိရပါမယ်။ ​တော်လှန်​ရေး​ပြီး​ခါစအချိန်မှာ ​မျှော်လင့်​ချက်​တွေ မို့​မောက်​နေသ​လောက် ရင်ဆိုင်ရမယ့်​ အခက်အခဲ​တွေက ကြီး​မား​လှပါတယ်။ ကျမအ​တွေ့​အကြုံအရ အ​ကောင်း​ဆုံး​ရလဒ်​တွေကို ​အေး​အေး​ သက်သာ ဘယ်တုန်း​ကမှ မရခဲ့​ပါဘူး​။ အ​ကောင်း​ဆုံး​ ဖြစ်နိုင်​ခြေ​တွေကိုပဲ ညှိနှိုင်း​ အ​ကောင်အထည် ​ဖော်ခဲ့​ရပါတယ်။

အသွင်ကူး​ပြောင်း​တဲ့​ကာလမှာ လုံခြုံ​ရေး​ကို ခြိမ်း​ခြောက်မှု​တွေက အကြီး​မား​ဆုံး​ အခက်အခဲပါ။ အမျိုး​သား​ရေး​ စိတ်ဓာတ်​တွေ အား​ကောင်း​နေတာကို နိုင်ငံ​ရေး​သမား​တွေ၊​ အကျိုး​စီး​ပွား​ အုပ်စု​တွေက အခွင့်​ကောင်း​ ယူနိုင်ပါတယ်။ စနစ်​ဟောင်း​ရဲ့​ လက်ကျန် လုံခြုံ​ရေး​တပ်ဖွဲ့​၊​ မလွတ်လပ်တဲ့​ တရား​စီရင်​ရေး​စနစ်​တွေကလည်း​ ရှိ​နေတတ်ပါတယ်။ အ​ပြောင်း​အလဲဖြစ်ဖို့​ အချိန်ယူရပါလိမ့်​မယ်။ ဗျူရိုက​ရေစီစနစ်​ဟောင်း​နဲ့​တော့​ အ​ပြောင်း​အလဲကို ပြီး​မြောက်​အောင် မလုပ်​ဆောင်နိုင်ပါဘူး​။

အင်ဒိုနီး​ရှား​မှာ​တော့​ ဒီလို အကျပ်အတည်း​တွေကို တီထွင်မှုရှိရှိ ဖြတ်သန်း​ခဲ့​ရပါတယ်။ ဥပမာ ဘဏ္ဍာ​ရေး​ ​ဒေဝါလီခံတဲ့​ကိစ္စ၊​ အဂတိလိုက်စား​မှုကိစ္စ​တွေကို တာဝန်ယူ​ဖြေရှင်း​ဖို့​ လွတ်လပ်တဲ့​ တရား​သူကြီး​ တ​ယောက်ကို ခန့်​ခဲ့​ပါတယ်။ ရှိ​နေတဲ့​ တရား​သူကြီး​တွေဟာ နာမည်ပျက် ​ပေါင်း​များ​ ​နေလို့​ပါ။ အလား​တူ ဆင်း​ရဲသား​တွေကို ဦး​စား​ပေး​တဲ့​ လုပ်ငန်း​ (pro-poor agenda) အရ အလုပ်အတွက် ​ငွေ cash-for-work အစီအစဉ်ကို အ​ကောင်အထည်​ဖော်တဲ့​အခါမှာ လူထု​တွေကိုပဲ ကိုယ်ထူကိုယ်ထ လုပ်ခိုင်း​ခဲ့​ပါတယ်။

စီး​ပွား​ရေး​ လုပ်​ဆောင်မှု​တွေ အဆင်​ပြေဖို့​ဆိုရင် ​ခေါင်း​ဆောင်သစ်​တွေအတွက် အကြံ​ကောင်း​ ဥာဏ်​ကောင်း​တွေ လိုပါတယ်။ စီး​ပွား​ရေး​လုပ်ငန်း​တွေ ​နေသား​တကျ ပြန်ဖြစ်ဖို့​၊​ အထူး​သဖြင့်​ အလုပ်အကိုင် အခွင့်​အလမ်း​တွေကို ဖန်တီး​ပေမယ့်​ အဓိက အင်ဂျင်ဖြစ်တဲ့​ အ​သေး​စား​နဲ့​ အလတ်စား​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ဖွံ့​ဖြိုး​လာ​အောင်၊​ စွန့်​ဦး​တီထွင်သူ​တွေအကြိုက် စီး​ပွား​ရေး​ ​ရေခံ​မြေခံ ဖြစ်လာ​အောင် ဖန်တီး​ပေး​ဖို့​ လိုပါတယ်။ အခုဖြစ်​နေတဲ့​ ​တော်လှန်​ရေး​တွေရဲ့​ အစဖြစ်တဲ့​ ကျူနီး​ရှား​က လမ်း​ဘေး​ သစ်သီး​သည်​လေး​တ​ယောက်ကို အာဏာပိုင်​တွေက ​နှောင့်​ယှက် ​စော်ကား​လို့​ သူ့​ကိုယ်ကို စ​တေး​သွား​တဲ့​ အဖြစ်အပျက်​လေး​ကို ပြန်သတိရဖို့​ ​ကောင်း​ပါတယ်။

တာဝန်ခံမှုမရှိ၊​ လူမှုအသိုက်အဝန်း​တခုလုံး​ မပါဝင်တဲ့​ စီး​ပွား​ရေး​အောင်မြင်မှုဆိုတာ ​ရေရှည်မခံပါဘူး​။ အစိုး​ရသစ်​တွေအ​နေနဲ့​ ဆင်း​ရဲသား​တွေ၊​ အခွင့်​အလမ်း​ နည်း​ပါး​သူ​တွေကို ကာကွယ်ဖို့​ ခက်ခဲတဲ့​ ​ရွေး​ချယ်မှု​တွေ လုပ်ရတာမျိုး​လည်း​ ရှိတတ်ပါတယ်။ ဆင်း​ရဲမှုတိုက်ဖျက်​ရေး​၊​ အလုပ်အကိုင် ဖန်တီး​ရေး​ အစီအစဉ်​တွေအတွက် အရင်း​အမြစ်သစ်​တွေ ပိုထွက်လာဖို့​ မလိုအပ်တဲ့​ ​နေရာ​တွေမှာ ​ငွေ​ကြေး​အရ ကျား​ကန်​ပေး​တာ​တွေကို ဖျက်သိမ်း​သင့်​ရင် ဖျက်သိမ်း​ရမှာပါပဲ။

အင်ဒိုနီး​ရှား​မှာဆိုရင် ဆင်း​ရဲသား​ (poor) ​တွေနဲ့​ စား​နိုင်​သောက်နိုင် (near-poor) ဆိုပြီး​ ခွဲခြား​ခဲ့​ရပါတယ်။ လူတိုင်း​ကို လစာတိုး​ပေး​ဖို့​၊​ ​ငွေ​ကြေး​အရ ကျား​ကန်​ပေး​ဖို့​ ကျမတို့​ မတတ်နိုင်ခဲ့​ပါဘူး​။ ဒါ​ကြောင့်​ တကယ်လိုအပ်​နေတဲ့​ သူ​တွေကို ကူညီနိုင်ဖို့​အတွက်၊​ တခြား​သူ​တွေကို ဖယ်ထုတ်ခဲ့​ရပါတယ်။ ဒါအင်မတန် ခက်ခဲပြီး​ လူကြိုက်နည်း​တဲ့​ ​ရွေး​ချယ်မှု ဖြစ်ပါတယ်။

နောက်ဆုံး​တခု ​ပြောစရာရှိတာက အ​ပြောင်း​အလဲကာလ ရှုပ်​ထွေး​တဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ အတွက် ​ငွေအပြင်၊​ နည်း​ပညာလည်း​ လိုပါတယ်။ ကျမ အင်ဒိုနီး​ရှား​ရဲ့​ ဘဏ္ဍာ​ရေး​ ဝန်ကြီး​ဖြစ်လာတဲ့​ အချိန်တုန်း​က ကျမ လက်​အောက်မှာ ဝန်ထမ်း​ ၆ ​သောင်း​ ၄ ​ထောင် ရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ကျမတို့​ နိုင်ငံရဲ့​ အခွန်စနစ်ကို ​ခေတ်မီ​အောင် လုပ်မယ်လည်း​ ဆိုလိုက်​ရော တနိုင်ငံလုံး​မှာ တကယ် အရည်အချင်း​ရှိတဲ့​ ကျွမ်း​ကျင်သူ ရှာလို့​ မရ​အောင် ဖြစ်ခဲ့​ရပါတယ်။

ဟုတ်ပါတယ်၊​ ကျမတို့​အတွက် အပြင်က​နေ အကူအညီ လိုအပ်ပါတယ်။ ဒါ​ပေမယ့်​ ပြုပြင် ​ပြောင်း​လဲ​ရေး​ လုပ်ငန်း​စဉ်ဟာ ကိုယ့်​နိုင်ငံရဲ့​ အ​ရေး​ကိစ္စ ဖြစ်တဲ့​အတိုင်း​ ကျမတို့​ ဘယ်တုန်း​ကမှ လက်​မြှောက် အရှုံး​မ​ပေး​ခဲ့​ပါဘူး​။ အလုပ်မလုပ်ဘဲ အလဟဿ မ​နေခဲ့​ပါဘူး​။ အကယ်၍ ကိုယ့်​နိုင်ငံရဲ့​ အသွင်ကူး​ပြောင်း​ရေး​ကို ကိုယ်ဘာသာ တာဝန်ယူ မလုပ်ခဲ့​ရင် အင်ဒိုနီး​ရှား​ဟာ ခပ်လွယ်လွယ်ပဲ ကျဆုံး​သွား​လောက်ပါပြီ။ ဒီသင်ခန်း​စာဟာ အသွင်ကူး​ပြောင်း​တဲ့​ နိုင်ငံတိုင်း​အတွက် ​ခေါင်း​ထဲမှာ ထည့်​ထား​သင့်​တဲ့​ ကိစ္စတခုပါပဲ။

(www.project-syndicate.org မှ Indonesia's lessons for the Arab Spring ​ဆောင်း​ပါး​ကို ဘာသာပြန်ပါသည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013