Home
မြန်မာသတင်း
ကမ်းပါးပြိုကျမှုကြောင့် ပန်းတောင်းမြို့နယ် အိမ်ခြေ ၅၀ ခန့် အကူညီလိုအပ်
မင်းညို
·
March 23, 2016
ပဲခူးတိုင်း၊    ပန်းတောင်းမြို့နယ်မှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာကြောင့် ကမ်းပါးဘေး ကျေးရွာတချို့က အိမ် ၅၀ လောက် နေရာဖယ်ပေးရမှာဖြစ်လို့ အကူညီတွေ လိုအပ်နေပါတယ်။ ဧရာဝတီမြစ်ကမ်းပါး ပြိုကျလာတာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက စမ်းပေါက်ချောင်းကျေးရွာနဲ့ ဆင်ထဲကျေးရွာ ကွက်သစ်တွေက အိမ် ၄၉ လုံး ဖယ်ပေးရမှာဖြစ်ပါတယ်။ စမ်းပေါက်ချောင်းကျေးရွာရဲ့ အနောက်ဘက်မှာ စမ်းပေါက်ချောင်းက ခံနေတာကြောင့် ရွှေ့ပြောင်းဖို့ မြေနေရာမရှိသလို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း အကူညီမပေးလို့ အခက်တွေ့နေကြတယ်လို့  ပန်းတောင်းမြို့နယ် စမ်းပေါက်ချောင်းကျေးရွာ နေအိမ်ဖယ်ရှားပေးရမယ့် ကိုကျော်ထူးက ပြောပါတယ်။ “မိုးတွင်းကတည်းက အိမ်တွေပြိုတယ်၊ အာဏာပိုင်အဖွဲ့အစည်းက ဘာမှလာလုပ်မပေးဘူး။  သူတို့က ဖျက်လိုက်တဲ့ အိမ်ကလေးတွေကို ပုံထား၊ ရွှေ့ပြောင်းစရိတ်တွေ၊ ဘာတွေပေးမယ်လို့တော့ ပြောထားတယ်။ လာတော့မကြည့်ဘူး။” ဖျက်ပေးရမယ့်အိမ်တွေကို ရွာပတ်ဝန်းကျင်မှာရှိတဲ့ လယ်တွေထဲမှာ ၀ယ်ပြီးနေဖို့ အာဏာပိုင်အဖွဲ့အစည်းက အကြံပေးခဲ့ပေမယ့် ဈေးများတာကြောင့် မတတ်နိုင်ကြဘူးလို့ စမ်းပေါက်ကျေးရွာ နေအိမ်ဖယ်ရှားပေးရမယ့် ဦးဌေးဝင်းက ပြောပါတယ်။ “လာကြည့်တာလေးပဲရှိတယ်။ အိမ်တွေပြိုတော့ အရပ်ကလူတွေပဲ ညတွင်းချင်း အိမ်တွေဖျက်ပြီး ၀ိုင်းကူသယ်ရပါတယ်။ ဘယ်သူမှ တာဝန်ယူမပေးဘူး။ လယ်ပိုင်ရှင်တွေနဲ့ညှိပြီး ၀ယ်နေဖို့သာပြောသွားတယ်။ ဈေးကများတော့ ဘယ်သူမှ မတတ်နိုင်တော့၊ ၀ယ်မနေနိုင်ကြပါဘူး။” ပြီးခဲ့တဲ့လကပဲ မြေတွေပြိုကျလာတာကြောင့် အိမ် ၄ အိမ် အရေးပေါ်ဖျက်လိုက်ရပါတယ်။ ကမ်းနဖူးပေါ် မေးတင်ဆောက်ထားတဲ့ အိမ်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက လမ်းပေါ်ရွှေ့ဆောက်ဖို့ ခွင့်မပြုခဲ့ပါဘူး။ ရွာရဲ့အနောက်မှာလည်း ချောင်းကခံနေတာမို့၊ အခုတော့ အိမ်ကိုသာဖျက်လိုက်ရပြီး လောလောဆယ် နေစရာ မရှိဖြစ်နေကြပါတယ်။ စမ်းပေါက်ချောင်းကျေးရွာနေ အိမ်ဖျက်ပေးလိုက်ရသူ ဒေါ်အေးမေက “ညကြီး ၀ုန်းဆိုပြိုကျလို့ ကလေးတွေနဲ့ ဒုက္ခရောက်ခဲ့ရပါတယ်၊၊ ဘယ်သူမှလည်း လာမကြည့်ကြပါဘူး။ လူကြီးတွေကပဲ ခဏလေးလာကြည့်ပြီး ဘာမှမပြောပဲ ပြန်သွားတယ်။ နောက်ပြီး ကျမတို့အိမ် ၃ လုံး ဖျက်လိုက်ရတယ်။ နေစရာကလည်း ဈေးကြီးတော့ ပြန်မ၀ယ်နိုင်ဘူး။ ကျမတို့မှာ နေလို့မရလို့သာ အိမ်ကိုဖျက်လိုက်ရတာ။ ဘယ်သွားနေရမလဲမသိဘူး အခုတော့ သူများအိမ်နောက်ဖေးမှာ ခဏ နေနေရပါတယ်” လို့ ပြောပါတယ်။ အိမ်တွေ ဖယ်ရှားပေးနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက “မြေတွေပြိုတော့မှာမို့လို့၊ မြေပေးပါဆိုလို့ ကျနော်တို့လက်ထဲမှာ၊ မြေရှိမှ ပေးလို့ရမှာ။ ကျနော်တို့ဌာနမှာ မြေကမရှိဘူး။ နောက် ကျနော်တို့ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေပဲ ကျနော်တို့ လုပ်လို့ရတာ။ လယ်သမားတွေပိုင်တဲ့ လယ်ကိုလည်း လုပ်ပေးလို့ မရပါဘူး” လို့ ပြောပါတယ်။ ပြည်ခရိုင်ထဲက ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နဲ့ ပြည်မြို့နယ်တွေထဲမှာ ကျောက်စရစ်စုပ် စက်လှေတွေကြောင့် ကမ်းပါးတွေပြိုကျခဲ့ပြီး အိမ်ပေါင်းထောင်ချီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တချို့နေရာတွေမှာ ကျောက်စရစ်စုပ် စက်လှေတွေနဲ့ ဒေသခံရွာတွေ ပဋိပက္ခတွေထိ ဖြစ်ပွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024