Home
မေးမြန်းခန်း
တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် နာမည်ထွက်ပေါ်နေသည့် နိုင်သက်လွင်နှင့် မေးမြန်းချက်
နော်နိုရင်း
·
March 22, 2016
ဒီကနေ့ အစိုးရသစ်က ဖွဲ့စည်းမယ့် ၀န်ကြီးဌာန ၂၁ ခုရဲ့ ၀န်ကြီးအမည်စာရင်းတွေ အန်ကယ့်နာမည် ပါလာတာတွေ့ရတယ်။ ဆိုတော့ အန်ကယ့်ကို ဘယ်နေရာမှာ ကမ်းလှမ်း ထားတာလဲရှင်။ “တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှာလို့ ပြောတယ်။ မနေ့တုန်းက တွေ့ဆုံတော့ တိုင်းရင်းသားနဲ့ပတ်သက်ပြီဆိုတော့ ကိုယ်ကလည်း တိုင်းရင်းသားတယောက်လည်းဖြစ်တယ်။ တိုင်းရင်းသားအရေးလည်း ကိုယ်က တစိုက်မတ်မတ်ကိုယ်က ဆောင်ရွက်လာတာဆိုတော့ အဲဒီတာဝန်က ယူသင့်တယ်ဆိုပြီးတော့ လက်ခံလိုက်တာ။” အန်ကယ့်ကို ကမ်းလှမ်းထားတာကြာပြီးလား။ ဘယ်တုန်းက ဘယ်သူက ကမ်းလှမ်းခဲ့တာလဲ။ “အဲဒါကတော့ အန်ကယ်က ဘာမှမသိဘူး။ မနေ့ကသွားတွေ့တဲ့အခါကျမှပဲမေးတော့ တာဝန်ယူနိုင်မလား၊ မယူနိုင်ဘူးလားဆိုတာ။ အဲဒါက ၀န်ကြီးဌာနအသစ်လည်းဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်ရေးနဲ့ပတ်သက်လာရင် ကိုယ်က အတွေ့အကြုံမရှိဘူးလေ။ ဒါပေမယ့် ကိုယ်က တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ အရင်က ငြိမ်းချမ်းရေးအကျိုးဆောင်လည်း လုပ်ခဲ့ဖူးတော့ တိုင်းရင်းသားအုပ်စုတွေ၊ ယူအန်အက်စီနဲ့လည်း တွေ့ဆုံတာတို့၊ သွားတာတို့၊ ယူအန်အေရဲ့ ကိုယ်စားလည်း သွားခဲ့ဖူးတော့ တိုင်းရင်းသားနဲ့ပတ်သက်လာရင် နည်းနည်း အဆက်အသွယ်တော့ ရှိတယ်။ လုပ်လို့ရတယ်။” မနေ့က သွားတွေ့တယ်ဆိုတာ ဘယ်မှာသွားတွေ့တာလဲ။ “သွားတွေ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (I12)မှာ လွှတ်တော်ထဲမှာ။ နေပြည်တော်မှာ တွေ့တယ်။ ” မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရှိလာတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှာ အန်အယ်လ်ဒီက ပထဦးဆုံး ၀န်ကြီးလုပ်ဆောင်ရမှာဆိုတော့ အန်ကယ့်အနေနဲ့ အန်ကယ့်ရဲ့ခံစားချက်၊ သဘောထား ဘယ်လိုပြောချင်လဲရှင်။ “အခုတက်လာမယ့် အစိုးရအသစ်ကလည်း ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘူးဆိုလို့ရှိရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့က အလားအလာ မကောင်းဘူးပေါ့လေ။ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးရပြီးတော့ ကျနော်တို့ဆက်ပြီးတော့ ဒီမိုကရေစီဖြစ်စဉ်ကလည်း ကိုက်ညီမယ်ဆိုလို့ရှိရင် နိုင်ငံက တည်ဆောက်လို့၊ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်လို့ လွယ်ကူမယ်။ အကယ်၍ တိုင်းရင်းသားတွေနဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးမရဘူးဆိုလို့ရှိရင် ရှေ့ဆက်တိုးတက်ဖို့က မလွယ်ဘူး။ ဒါကိုမြင်တာပေါ့။” အန်ကယ့်အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှာ ၀န်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ပြီ ဆိုရင် ရှေ့ပြေးအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။ “အဲဒါကတော့ အခုအစိုးရက မလွှဲရသေးဘူး။ အစိုးရရဲ့လက်ရှိ လုပ်ငန်းစဉ် ဘာလုပ်ရမလဲ ဘာညာ ဘာမှလည်းမသိသေးဘူး။ ကျနော်တို့ကိုလည်း ဘာမှ မညွှန်ကြားရသေးဘူး။ ၀န်ကြီးဌာနလည်း မဖော်သေးဘူး။ အဲဒါက အစိုးရဖြစ်လာပြီးတော့မှ သူတို့က တာဝန်ပေးရင် ဘာလုပ်ဘာလုပ်ဆိုရင်တော့ ဒါမှ ကျနော်တို့ လုပ်ငန်းတွေဘာလဲဆိုတာ ပြောလို့ရမှာ။ အခုလောလောဆယ်တော့ ဘာမှမသိဘူး။” တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုတော့ ကျမတို့ နားလည်သလောက်ဆိုရင် တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ်။ တိုင်းပြည်မှာ မငြိမ်းချမ်းသေးတဲ့ကိစ္စတွေမှာလည်း အများကြီး၊ ငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့အဖွဲ့ကထိုးပြီး မထိုးသေးတဲ့အဖွဲ့ကလည်း ကျန်နေသေး တယ်။ ဆိုတော့ အန်ကယ့်အနေနဲ့ ဒီလက်နက်ကို ပဋိပက္ခတွေအပေါ်မှာ ဘာတွေ လုပ်ပေးနိုင်မယ်လို့ထင်လဲ။ “အဲဒါကတော့ ပြီးခဲ့တဲ့ အစိုးရက သူလည်း ကြိုးစားပြီးတော့လုပ်ခဲ့တာပဲ။ နောက်အစိုးရသစ်က ဘယ်လိုမူချပြီးတော့ ဘယ်လိုညှိနှိုင်း ဘယ်လိုလုပ်သွားမလဲ ဆိုတာကတော့ အစိုးရပေါ်လာပြီး မှသာ ပြောနိုင်မှာပေါ့။ အခုလောလောဆယ် ရမ်းပြီး၊ ခန့်မှန်းပြီးတော့ မပြောနိုင်ဘူးလေ။ အရင်အစိုးရက တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးလက်မှတ်ထိုးတာဘာတို့ ကောင်းတဲ့လမ်းစဉ် ကို ယူမယ်၊ နောက်တက်လာမယ့် အစိုးရသစ်က ကောင်းတာကိုယူပြီး ဆက်လုပ်သွားမယ်လို့ ယူဆတာပေါ့။” မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတယ်။ ဒီလူမျိုးပေါင်းစုံအရေးနဲ့ပတ်သက်ပြီး အန်ကယ့် အနေနဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်လား။ “တိုင်းသားသားရော၊ ဒီဖက်က ရှိနေတဲ့အားလုံး သဘောထားကြီးကြီးထားပြီးတော့ ရိုးရိုးသားသားနဲ့ တကယ့်တကယ် ကိုယ့်လူမျိုး ဖွံ့ဖြိုးတိုးတက်ပြီး၊ တန်းတူညီမျှတဲ့ အခွင့်အရေး တွေကို အားလုံးက ညီတူညီမျှရရှိမယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေက တယောက်နဲ့တယောက် သတ်ဖြတ်တဲ့အလုပ်က ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အပျော်တမ်းလက်နက်ကိုင်ပြီး လူသတ်ပွဲ လုပ်ချင်တဲ့ တိုင်းရင်းသား တယောက်မှ မရှိဘူး။ ထိုးနည်းလည်းကောင်းပဲ ဒီမှာလည်း ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ ဒီတော့ ဒီတိုင်းရင်းသားအရေးက ပြေလည်အောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပြောတာပဲ။ တိုင်းရင်းသားအားလုံး ပေါင်းစုံ ညီလာခံမျိုး၊ ပင်လုံကဲ့သို့သော ညီလာခံဆိုတော့ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုးကိုလုပ်ပြီးမှ ကျနော်တို့က ပြည်ထောင်စု အခြေခံဥပဒေကို ရေးစွဲရင် ဒီပါတီစုံ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်၊ ကိုယ်နဲ့ကိုက်ညီမယ့်၊ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ပြည်ထောင်စုမျိုးကို ရေးစွဲနိုင်လို့ရှိရင် တိုင်းရင်းသားက ပစ်ခတ်မှုလည်းမရှိ ထာဝရငြိမ်းချမ်းရေးရမယ်လို့ ဦးတို့ ယုံကြည်တယ်။ ဒီလိုယုံကြည်လို့ပဲ ဒီတာဝန်ကို ယူတယ်ပေါ့။” အန်ကယ့်ရဲ့ နိုင်ငံရေးလှုပ်ရှားလာမှုတလျှောက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လည်း လုပ်ခဲ့ဖူး တယ်ဆိုလို့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ နည်းနည်းပြန်ပြောပြပါဦး။ “နိုင်ငံရေးဆိုတာ အစတုန်းကတော့ ဒို့ငယ်ငယ်ကတည်းက ၁၉၅၈ ခုနှစ် ၇ တန်းအောင် တတည်းကနေပြီးတော့ မွန်တပ်ဦးက ဒီကိုကရေစီနဲ့ လက်နက် လဲလှယ်ကတည်းကနေပြီးတော့ အဲဒီကတေည်းကစပြီး ကျနော်တို့ပါဝင်လာတယ်။ ကျနော်တို့က တစိုက်မတ်မတ် မွန်ပြည်နယ် ဖော်ထုတ်ရေးတို့၊ ဘာတို့၊ မွန်တပ်ဦးတွေနဲ့ ပူးပေါင်းပြီးတော့ တခါတည်းခိုင်းတဲ့နေရာ၊ ပိုစတာကပ်တာ ဘာညာအကုန်လုပ်တယ်။ လူကြီးတွေ အစည်းအဝေးလုပ်လို့ရှိရင် စင်တွေဝိုင်းဆောက်တာတို့ဘာတို့ လုပ်ခဲ့တာပေါ့လေ။ မဆလ ခေတ်ထဲမှာ ရောက်လာတဲ့ အခါကျတော့ ဒို့တက္ကသိုလ်တက်တာကစပြီးတော့ မွန်အမျိုးသားနေ့တို့၊ မွန်စာပေတို့ အဲဒီ ဘက်ကနေစပြီးတော့ လုပ်လာတာအခုချိန်ထိပေါ့။ မွန်ဒီမိုကရေစီပါတီ ထူထောင်တုန်းက ဆိုရင်လည်း ဖြစ်မြောက်ရေးဥက္ကဋ္ဌ၊ ပြီးမှ တခါရွေးကောက်တင်မြှောက်ပြီး မွန်ဒီမိုကရေစီ ပေါ်လာတဲ့ အခါ ဒုဥက္ကဋ္ဌ။ အဲဒီဒုဥက္ကဋ္ဌကနေပြီးတော့ အခုထိ ဒု ဥက္ကဋ္ဌပါပဲ။ ” ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တခြားတိုင်းရင်းသားတွေနဲ့ ဘယ်လိုဆွေးနွေးမှုမျိုး လုပ်ဆောင်ခဲ့ ဖူးတာရှိလဲ။ “ကျနော်တို့ မွန်ပြည်သစ်မှာ အစိုးရက တာဝန်ပေးလို့ အကျိုးတော်ဆောင်အဖြစ်နဲ့ မွန်ပြည်သစ် ပါတီဌာနမှာသွား ဆွေးနွေးပြီးတော့ ပြေလည်အောင်လာပြီးတော့ ကျနော်တို့ ရှိုင်းဟိုတယ်မှာ လက်မှတ်ထိုးတာတို့ဘာတို့ ကျနော်တို့ အကျိုးတော်ဆောင်လုပ်ခဲ့တယ်။ ပြီးတော့ ယူအန်အေ ကိုယ်စားကျနော်က ဇင်းမယ်မှာ အစည်းအဝေးတို့ဘာတို့ အဲဒါတွေ တက်ခဲ့ဖူးတယ်။” တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခြင်းခံရတဲ့အပေါ် တခြားဘာပြောချင်တာရှိဦးမလဲ။ “ယူအန်အေဆိုတဲ့ ကျနော်တို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မဟာမိတ်အဖွဲ့က အခု ၈ ဖွဲ့ကနေပြီးတော့ ကျနော်တို့တိုင်းရင်းသားရဲ့ ချမှတ်ထားတဲ့မူရှိတယ်။ အဲဒီမူအတိုင်းပဲ ကျနော်တို့ဆက်လက်ပြီးတော့ ဒီတိုင်းရင်းသားတွေရဲ့ အားလုံးသဘောတူညီထားတဲ့ မူဝါဒကို ကျနော်တို့ဆက်လက်ဆွေးနွေးမှာပေါ့။ ယူအန်အေက သဘောထားကို တိုင်းရင်းသားအားလုံးက လက်ခံထားတယ်။ ယူအန်အေရဲ့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ အန်အယ်လ်ဒီလည်း ဒါတွေကို လက်ခံ ထားတယ်ဆိုတော့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး တခြား ခက်ခက်ခဲခဲ မရှိဘူးလို့ ယူဆတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024