ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ အစိုးရ၀န်ကြီးအဖွဲ့ဖွဲ့စည်းမည်

963
ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဦးထင်ကျော်ဦးဆောင်ဖွဲ့စည်းမယ့် ပြည်ထောင်စုဝန်ကြီး တွေရဲ့ အမည်စာရင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမည်စာရင်းက ထိပ်ဆုံးက ပါရှိပါတယ်။
ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို တင်ပြတဲ့ ၀န်ကြီးဌာန ၂၁ ခုအတွက် အဆိုပြုဝန်ကြီးအမည်စာရင်း ၁၈ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်အမည်က ထိပ်ဆုံးကပါရှိပြီး ကျန် ၁၇ ဦးက အမျိုးသားတွေဖြစ်ကြပါတယ်။
ထွက်ပေါ်နေတဲ့ ယုံကြည်လောက်ဖွယ်ရာ အတည်မပြုနိုင်သေးတဲ့စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး စတဲ့ ၀န်ကြီးနေရာ ၄ နေရာကို ပူးတွဲထမ်းဆောင်မယ်လို့ ပါရှိပါတယ်။
အဆိုပြုပြည်ထောင်စုဝန်ကြီး ၁၈ ဦးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ အရပ်သားပညာရှင် ၇ ဦး၊ တပ်မတော်သား ၃ ဦး ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေက နိုင်ငံတော်အကြီးအကဲအဖြစ် တင်မြှောက်ချင် ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံက ကန့်သတ်ထားလို့ တာဝန်ထမ်းရွက်နိုင်ခြင်း မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အဖို့ အစိုးရ၀န်ကြီးရာထူးကို လက်ခံလိုက်ပြီဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ကို ဆုံးရှုံးရမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) မှာ - ‘ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခြင်း မပြုရ’ လို့ ပါရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးရာထူးထမ်းရွက်စဉ် ပါတီကို ဘယ်လိုထိန်းကျောင်းကိုင်တွယ်သွားမယ်ဆိုတာ သဲသဲကွဲကွဲမသိရသေးပါဘူး။
လွန်ခဲ့တဲ့လပိုင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၅ ဦးပါ ပါတီိအတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းခဲ့သလို အရန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တချို့ကို ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်အပ်နှင်းမှုတွေ လုပ်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) အရ ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းရွက်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီလုပ်ငန်းတွေ လုပ်ဆောင်မှုကို ရပ်နားရမယ်လို့သာ ပြဌာန်းထားတာကြောင့် သူ့အနေနဲ့ ပါတီလုပ်ငန်းတွေကို မလုပ်ဘဲ မူဝါဒတွေကို ဆက်လက်ပြီး ထိန်းကျောင်း လမ်းညွှန်သွားနိုင်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကောင်မတီဝင်ဟောင်း သူရဦးအောင်ကိုက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းရွက်မှာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
သူရဦးအောင်ကိုက “သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်နဲ့ ၁၁ နှစ်လောက် တာဝန်ယူခဲ့တဲ့ ဦးအောင်ကိုအနေနဲ့ သာသနာရေး side ကပဲ ရပ်ရွာအေးချမ်းသာယာအောင်၊ သာသနာတော်ကြီး တည်တည်ငြိမ်ငြိမ်နဲ့ထွန်းကားအောင်၊ ဘာသာကြီး ၄ ရပ်လုံးကိုလည်းပဲ သာတူညီမျှ ထောက်ပံ့ချီးမြှောက်စောင့်ရှောက်နိုင်ဖို့ တာဝန်ယူပေးပါဆိုပြီးမှ လွန်ခဲ့တဲ့ တလလောက်ကမှ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌက တွေ့ပြီးတော့ ထပ်ပြီး မေတ္တာရပ်ခံပါတယ်။ အဲဒါကို လက်ခံပေးလိုက်ပါတယ်။ အဲဒီအပြင်ကို ယဉ်ကျေးမှုပါ ပူးတွဲပေးပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကလည်း သိတဲ့အတိုင်းပါပဲ၊ ဗုဒ္ဒသာသနာက ဆင်းသက်လာတဲ့ ဓလေ့ထုံးစံတွေက ယဉ်ကျေးမှုဖြစ်လာတာဖြစ်ပါတယ်။ ဒီနှစ်ခုကလည်း ချိတ်ဆက်ပြီး ဆောင်ရွက်နေကြတဲ့ကိစ္စတွေ ဖြစ်ပါတယ်။”
သူရဦးအောင်ကိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ အခက်အခဲအတားအဆီး စိန်ခေါ်မှုတွေ အများအပြားရင်ဆိုင်ဖြတ်သန်းရမယ်လို့ ဖြည့်စွက်ပြောပါတယ်။
သူက “အဖွဲ့ချုပါတီရဲ့ အစိုးသစ်အနေနဲ့ နိုင်ငံကို ဦးဆောင်တဲ့အခါမှာ စိမ်ခေါ်မှုတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ အများကြီး ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ အဲဒီစိမ်ခေါ်မှုတွေ ကလည်း စောင့်ကြိုနေကြပါတယ်။ အတားအဆီးစိန်ခေါ်မှုက အမျိုးကို စုံနေပါလိမ့်မယ်။ အဲဒီအမျိုးစုံတဲ့အထဲမှာမှ အခက်အခဲဆုံးနဲ့ အကြီးမားဆုံး စိန်ခေါ်မှုတခုက အာဏာရှင်စနစ်ကို ပြန်တမ်းတနေကြတဲ့ အဖွဲ့အစည်းတချို့က ပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့သစ်ရဲ့ ဦးဆောင်စ်ီမံ အုပ်ချုပ်မှု မငြိမ်မသက်ဖြစ်အောင် ဟန့်တားမှုမျိုးစုံ လုပ်လာနိုင်တယ်လို့ ပြင်ပကပုဂ္ဂိုလ်တွေ ကလည်း ၀ိုင်းဝန်းအကြံပေးကြတာတွေ ရှိနေပါတယ်။ အဲဒီထဲမှာ ဘာသာရေးမှိုင်းတိုက် ပြီးတော့မှ မငြိမ်မသက်ဖြစ်အောင်လုပ်မယ့် အနှောင့်အယှက်ကလည်း အကြီးဆုံးတခု ဖြစ်နိုင်တယ် လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။” လို့ ပြောပါတယ်။
ဝန်ကြီးအမည်စာရင်းထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ(ဗိုလ်ချုပ်ဟောင်း)လည်း ပါဝင်ပါတယ်။ သူကတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီးဖြစ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းချက်တွေ ရေပန်းစားနေပါတယ်။
အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ပတ်သက်လို့ မွန်အမျိုးသားပါတီက ဒုဥက္ကဋ္ဌ ၁ နိုင်သက်လွင်က မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရာမှာ ပြည်ထောင်စု ၀န်ကြီးတာဝန်ယူဖို့ လက်ခံလိုက်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
နိုင်သက်လွင်က “ကျနော်ကတော့ တိုင်းရင်းသားရေးရာဌာနမှာလို့ပြောတယ်။ မနေ့က တွေ့ဆုံတော့။ တိုင်းရင်းသားနဲ့ပတ်သက်ပြီးတော့။ ကျနော်ကလည်း တိုင်းရင်းသား တယောက်လည်း ဖြစ်တယ်။ တိုင်းရင်သားအရေးလည်း တစိုက်မတ်မတ်ဆောင်ရွက်လာ တာဆိုတော့ အဲဒီတာဝန်က ယူသင့်တယ်ဆိုပြီးတော့ လက်ခံလိုက်တယ်” လို့ပြောပါတယ်။
အသက် ၇၆ နှစ်ထဲ ၀င်ရောက်ပြီဖြစ်တဲ့ နိုင်သက်လွင်ဟာ ငယ်စဉ်ကတည်းက အမျိုးသားရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ သမီးဖြစ် မိကွန်ချမ်းဟာ လက်ရှိပြည်သူ့ လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေပါတယ်။
ပြန်ကြားရေးဝန်ကြီးဖြစ်လာမယ်လို့ နာမည်ထွက်နေသူက စာရေးဆရာ ဒေါက်တာဖေမြင့် ဖြစ်ပါတယ်။ ဒေါက်တာဖေမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကို လွှတ်တော်က တရားဝင်ထုတ်ပြန်သေးတာမဟုတ်တဲ့အတွက် ပြောဆိုနိုင်ခြင်း မရှိသေးဘဲ လာမယ့်ရက်ပိုင်း အတွင်း အတည်ပြုလိမ့်မယ်လို့ နားလည်ကြောင်း ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ ကာကွယ်ရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဟာ နယ်စပ်ရေးရာဝန်ကြီး အဖြစ် ရေပန်းစားနေပါတယ်။
ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ ကြေညာတဲ့ အဆိုပြု ပြည်ထောင်စုဝန်ကြီး အမည်စာရင်းပါ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ ကန့်ကွက်လိုက မနက်ဖြန် နေ့ခင်းတနာရီမတိုင်ခင် ကန့်ကွက်နိုင် တယ်လို့ လွှတ်တော်နာယကက ကြေညာထားပါတယ်။
လက်ရှိဦးသိန်းစိန်အစိုးရလက်ထက်မှာရှိနေတဲ့ ၀န်ကြီးဌာန ၃၆ ဌာနကို ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က ၂၁ ခုအဖြစ် ပေါင်းစည်းခဲ့ပြီး ဒီလုပ်ဆောင်ချက်ကြောင့် လုပ်ငန်းမြန်ဆန်လာမှုနဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်း ကျပ်ငွေ သန်းပေါင်း ၅ ထောင်ခြိုးခြံချွေတာနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။