နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေတာသည် အကြီးမြတ်ဆုံး ဖြစ်ပါတယ် – သူရဦးအောင်ကို

2K
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုအတွက် ၀န်ကြီး ၁၈ ဦးစာရင်းကို ဒီနေ့ကြေညာရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်တဲ့ သူရဦးအောင်ကိုရဲ့ အမည်စာရင်းပါရှိပါတယ်။ သူရဦးအောင်ကိုဟာ သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးအဖြစ် ရေပန်းစားနေပါတယ်။
သူရဦးအောင်ကို ကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပါတယ်။
ပြည်ထောင်စုဝန်ကြီးအမည်စာရင်းမှာ သူရဦးအောင်ကို အမည်ပါလာပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူရဦးအောင်ကိုဆီက မှတ်ချက်လေး လိုချင်လို့ပါခင်ဗျာ။
“ဟို ဒီဟာပေါ့လေ။ ဟို နိုင်ငံတော်နဲ့ နိုင်ငံသားတွေနဲ့ အကျိုးအတွက် လိုအပ်တဲ့နေရာက နေပြီးမှ ၀ိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကတည်းက အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌကနေပြီး ပုဂ္ဂိုလ်ရေးအရ သူမေတ္တာရပ်ခံပါတယ်။ အဲလို မေတ္တာရပ်ခံခဲ့တဲ့ အခါမှာ ‘ကောင်းပါပြီ နိုင်ငံတော်အကျိုးအတွက် ကိုယ်တတ်နိုင်တဲ့နေရာ သိလိုတဲ့နေရာက နေပြီးမှ ကျနော်တို့ဘာတာဝန်ပေးပေး ပူးပေါင်းဆောင်ရွက်ပါ့မယ်ဆို ပြီးမှ သဘောတူထားခဲ့တာ ရှိပါတယ်ကွယ်။ ပြီးတော့ အဲဒီမှာ ထပ်ပြီးတော့ပေါ့လေဘယ်နေရာဆိုတာလေးက တော့ ပြီးခဲ့တဲ့ တလလောက်ကမှ ပြန်ညှိပါတယ်။ ပြန်ညှိတာကအခု ဖြစ်ပေါ်လာမယ့် အဖွဲ့ချုပ်ပါတီရဲ့ အစိုးရသစ် အနေနဲ့ နိုင်ငံကိုဦးဆောင်တဲ့အခါမှာ စိန်ခေါ်မှုတွေ အတားအဆီးတွေ အခက်အခဲတွေ အများကြီးဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုတွေကလည်း စောင့်ကြိုနေကြပါတယ်။ အဲတော့ အဲဒီအတားအဆီးတွေကို ဖြတ်ကျော် ဖို့ဆိုတဲ့နေရာမှာ အတားအဆီးစိန်ခေါ်မှုက အမျိုးကို စုံနေပါလိမ့်မယ်။ အဲဒီအမျိုးစုံတဲ့အထဲမှာမှ အခက်ခဲဆုံးနဲ့ အကြီးမားဆုံးစိန်ခေါ်မှုတခုက အာဏာရှင်စနစ်ကို ပြန်တမ်းတနေကြတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်း တချို့က ပုဂ္ဂိုလ်တွေက သူတို့က ဟိုအစိုးရအဖွဲ့သစ်ရဲ့ ဦးဆောင်စီမံအုပ်ချုပ်မှုအရေး မငြိမ်မသက်ဖြစ်အောင် ဟန့်တားမှုမျိုးစုံ လုပ်လာနိုင်တယ်လို့ ပြင်ပက ပုဂ္ဂိုလ်တွေကလည်း ၀ိုင်းဝန်းအကြံပေးကြတာရှိပါတယ်။ အဲဒီထဲမှာပေါ့ ဘာသာရေးမှိုင်းတိုက်ပြီးတော့မှနော် မငြိမ်မသက်ဖြစ်အောင် လုပ်မယ့် အနှောင့်အယှက်ကလည်း တခုဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ အဲဒီအခါမှာပေါ့လေ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်နဲ့ ၁၁ နှစ်လောက် တာဝန်ယူခဲ့တဲ့ ဦးအောင်ကိုအနေနဲ့ သာသနာရေးဆိုက်ကပဲပေါ့လေ အေးချမ်းသာယာအောင်၊ သာသနာတော်ကြီး တည်တည်ငြိမ်ငြိမ်နဲ့ ထွန်းကားအောင်၊ ကျန်တဲ့ ဘာသာကြီး လေးရပ်လုံးကိုပဲ သာတူညီမျှ ထောက်ပံ့ချီးမြှောက် စောင့်ရှောက်နိုင်ဖို့အတွက်ကို တာဝန်ယူပေးပါဆို ပြီးမှ လွန်ခဲ့တဲ့တလလောက်က အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌကထပ်ပြီး မေတ္တာရပ်ခံပါတယ်။ အဲဒါကို လက်ခံပေးလိုက်ပါ တယ်။ အဲဒါကြောင့်မို့လို့ပေါ့လေ ဒါ။ အဲဒီအပြင်ကို ယဉ်ကျေးမှုပါ ပူးတွဲပေးပါတယ်။ ပူးတွဲပေးတော့ မြန်မာနိုင်ငံရဲ့ယဉ် ကျေးမှုကလည်း သိတဲ့အတိုင်းပါပဲ။ ဗုဒ္ဓသာသနာက ဆင်းသက်လာတဲ့ ဓလေ့ထုံးစံတွေက ယဉ်ကျေးမှုဖြစ်လာ တာဖြစ်ပါတယ်။ ဒီနှစ်ခုကလည်း ချိတ်ဆက်ပြီးဆောင်ရွက်နေကြတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဲလောက်ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက အထူးသဖြင့်နော် ရခိုင်ပြည်နယ်ပေါ့ ကျန်တဲ့နေရာတွေပါ ကူးစက်ခဲ့တဲ့ အမုန်းတရား ပြန့်ပွားမှုတွေ၊ ဘာသာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန်ကိစ္စတွေကို လာမယ့် ငါးနှစ်သက်တမ်းကာလမှာ ထပ်ပြီးပေါ်ပေါက်လာနိုင်သလား။ ဘယ်လိုမျိုးပြင်ဆင်ထားလဲ၊ ဘယ်လိုမျိုး လိုရင် အတွေ့အကြုံအရ ဘယ်လိုမျိုး ရင်ဆိုင်ဖို့ရှိလဲခင်ဗျ။
“ဟို ဘာသာရေးကို ဘာသာရေးမှိုင်းတိုက်ပြီးတော့မှ အမုန်းတရား ဖြန့်ဖြူးမှုတွေ၊ အမုန်းစကားဖြန့်ဖြူးမှု တွေ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်မှုတွေဟာ လာမယ့် ၅ နှစ်တာကာလအတွင်းမှာ အနည်းနဲ့အများဆိုသလို ရှိလာနိုင်ပါတယ်။ ရှိလာနိုင်ပါတယ်။ အဲဒီတော့ အဲဒါကို ဒါကိုဟန့်တားကာကွယ်ဖို့က ဆိုလို့ရှိရင်ပေါ့လေ ဘာသာရေးအဖွဲ့အစည်း တွေနဲ့ပဲ ပြန်ပြီးတော့မှ စည်းစည်းလုံးလုံးနဲ့ လက်တွဲ ကာကွယ်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ခုနအမုန်းတရား ဖြန့်ဖြူးမှုတွေ ရှိခဲ့လို့ ရှိခဲ့ရင်လည်းပဲ အဲဒီမှာ ခုနပေါ့လေ ဗုဒ္ဓသာသနာအတွင်းမှာ ဖွဲ့စည်းထားတဲ့ သံဃအဖွဲ့အစည်း အဆင့်ဆင့်ရှိပါတယ်။ နိုင်ငံတော်သံဃနာယကအဖွဲ့တို့၊ တိုင်းဒေသကြီးပြည်နယ် သံဃနာယကအဖွဲ့တို့၊ သံဃစည်းကမ်းထိန်း သိမ်းရေးအဖွဲ့တို့ ဒီလိုအဖွဲ့တွေနဲ့ တောက်လျှောက်ချိတ်ဆက်ပြီးတော့မှ ဘာသာရေးသတိ၊ နိုင်ငံရေးသတိနဲ့ ယှဉ်တွဲပြီးတော့မှ ဒါကို ကြိုတင်ကာကွယ်မှုနဲ့ ခုနဖြစ်ပေါ်လာတဲ့အခါမှာ တားဆီးထိန်းသိမ်းမှုလုပ်ငန်းတွေ လုပ်သွား မှာဖြစ်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပဋိပကပြဿနာတွေ၊ အမုန်းတရားတွေကို ဘာသာရေနည်းနဲ့ပဲ ပြန်ပြီးမှ တားဆီးကာကွယ်မှာဖြစ်ပါတယ်။ အဲလိုပြောချင်ပါတယ်။”
အန်ကယ်သူရဦးအောင်ကိုနဲ့ အန်ကယ်သူရဦးရွှေမန်းတို့ဆိုရင် တချိန်တုန်းက ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေအခြေအနေက နေပြီးတော့ အခု အန်အယ်လ်ဒီနဲ့ နီးကပ်သွားတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်ပြီးတော့ အလုပ်တွဲ လုပ်နေတာတွေ့ရပါတယ်။ တဖက်ကလည်း အန်ကယ်တို့ကို အွန်လိုင်းမှာပေါ့နော် ‘ဘက်ပြောင်းတယ်၊ သာကူး’ စသဖြင့်ပေါ့ ကျနော်ပြောရတာေ တာ့ အားနာပါတယ်။ ဒီလိုမျိုး တိုက်ရိုက်ကြီးတွေကို နာမည်တပ်ပြီးတော့ကို ဝေဖန်နေတယ်။ အဲဒါလေ အန်ကယ်တို့ဘာဖြစ်လို့ ဒီလိုမျိုးပေါ့နော် အဓိကအားဖြင့် ပြည်ခိုင်ဖြိုးရဲ့ အတိုက်အခံ ပေါ့နော် အန်အယ်လ်ဒီက ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီးတော့ တိုင်းပြည်အတွက် ဒီလိုမျိုး ပူးပေါင်းဆောင် ရွက်လိုက်တာလဲဆိုတာကို ကျနော်တို့လူချင်းမေးမြန်းခွင့်ရတုန်း သိချင်ပါတယ်ခင်ဗျ။ အန်ကယ်ရဲ့သဘောထား သိပါရစေခင်ဗျ။
အဓိကလေ အဓိကက ၁၉၆၂ ခုနှစ်မှာနော် အာဏာသိမ်းလိုက်တဲ့အခါမှာ တော်လှန်ရေးကောင်စီ ပေါ် ပေါက်လာတယ်။ အဲဒီကစပြီးတိုင်းပြည်က အရှေ့တောင်အာရှမှာ ချမ်းသာတဲ့နိုင်ငံဘ၀ကနေပြီးမှ ဆင်းရဲတဲ့နိုင်ငံဖြစ်သွားတယ်။ ပြည်သူပိုင်တွေသိမ်း၊ ငွေကြေးတွေ တရားမ၀င်ရွေ့လျား၊ ချမ်းသာတဲ့ဘ၀ကနေ ဆင်းရဲတဲ့နိုင်ငံဖြစ်သွားတယ်။ ၁၉၈၈ ခုမှာ လူထုကနေ ဒီမိုကရေစီတောင်းဆိုတဲ့ လူထု တော်လှန်ရေးဖြစ်ပေါ်လာတယ်။ သို့သော်လည်းပေါ့ လူထုတောင်းဆိုသလိုတော့ ရလဒ်ကထွက်ပေါ်မလာဘဲနဲ့ တပ်ကပဲ ဒုတိယအကြိမ် အာဏာပြန်သိမ်းရတဲ့ကိန်း စိုက်သွားခဲ့တယ်။ အဲဒီကာလကနေစပြီးတော့ အခုချိန်ထိဆို နှစ်ပေါင်း နှစ်ဆယ် အစိတ်လောက်ကာလအတွင်းမှာ ဆင်းရဲခဲ့တဲ့မြန်မာနိုင်ငံက နိုင်ငံသူနိုင်ငံသားလေးသန်းကျော်လောက်ဟာ အခုဆိုရင် ထိုင်းတို့၊ မလေးတို့၊ စင်ကာပူတို့ဟုတ်လား ဟောင်ကောင်တို့အပါအ၀င် နိုင်ငံတကာသွားပြီးမှ အလုပ်ကြမ်း နဲ့ အိမ်ဖော်လုပ်ကိုင်ကြရတယ်။ ဆင်းရဲတွင်းထဲ ရောက်နေကြပါတယ်။ ဒါတွေကပြောရရင်တော့ အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေပါပဲ။ အကျိုးဆက်တွေပါပဲ။ သဘောကတော့ နိုင်ငံကို ၂၀၁၁ ခုနှစ်ကစပြီးတော့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်ပြီးတော့မှ ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ တည်ဆောက်လိုက်တဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာလည်း အတိုင်းအတာတခုထိ ပြန်တက်လာခဲ့ပါတယ်။ ဟိုတုန်းကဆိုလို့ရှိရင် အာဏာသိမ်းအစိုးရ လက်ထက်တုန်းကဆိုလို့ရှိရင် မြန်မာနိုင်ငံသားတွေ နိုင်ငံတကာသွားလို့ရှိရင် ဘန်ကောက်လေဆိပ်၊ စင်ကာပူလေဆိပ်၊ မလေးရှားလေဆိပ် ဘယ်ရောက်ရောက် မြန်မာနိုင်ငံသားဆိုတာနဲ့ကိုပဲ ပတ်စပို့တ်တွေကို ဘေးဖယ်ထားပါတယ်။ ပြီးတော့မှ ခရီးသည်တွေကုန် တဲ့အခါကျမှ မြန်မာနိုင်ငံသားတွေကို သူခိုးကြည့်ကြည့်ခံရပါတယ်။ ရဲကသူခိုးကြည့်တဲ့ပုံစံမျိုး ရာဇ၀တ်သား ကိုကြည့်ခံတဲ့ပုံစံနဲ့ အင်မတန်နှိမ့်ချဆက်ဆံခံရတဲ့အခါမှာ အဲဒီလိုသွားဖူးတဲ့နိုင်ငံသားတိုင်း ဒါတွေက တော်တော်ခံစားရတဲ့ ကိစ္စဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်တဲ့အချိန်ကစပြီးတော့မှ အဲဒီဆက်ဆံခံရမှုတွေ လျော့နည်းသွားခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ နိုင်ငံသားပုံရိပ်ကလည်း အထိုက်အလျောက်ပေါ့ အတိုင်းအတာတခု အထိ မြင့်မားလာခဲ့ပါတယ်။ အပြည့်အ၀မဟုတ်ပါဘူး။ အဲတော့ နိုင်ငံတော်သည် ချမ်းသာကြွယ်ဝတဲ့ သယံဇာတပေါများတဲ့ နိုင်ငံတော်ကလည်း သယံဇာတ ကျိန်စာသင့်ပြီးတော့မှ နိုင်ငံသားတွေက အိမ်ဖော်တို့၊ အလုပ်ကြမ်းလုပ်တာတို့ ပြည့်တန်ဆာလုပ်တဲ့ ဘ၀မျိုးရောက်ကုန်တာသည် အုပ်ချုပ်မှုစနစ်၊ စီမံခန့်ခွဲမှုစနစ် လွဲမှားမှုကြောင့်ဖြစ်ပါတယ်။ ဒါကိုပြုပြင်ကုစား ပေးနိုင်မယ့် တခုတည်းသော ထွက်ပေါက်ကတော့ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်နဲ့ပေါ့ တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ အခွင့်တူညီမျှတဲ့၊ သာတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံတော်ထူထောင်ဖို့က လွဲလို့ရှိရင် အခြားနည်းလမ်းမရှိပါဘူး။ မရှိတဲ့အခါကျတော့ ဒီတိုင်းရင်းသားတွေ ပြည်သူတွေ လိုလားချက်ကို ဖြည့်ဆည်း ပေးမယ့်၊ ပေးနိုင်မယ့် ခေါင်းဆောင်နဲ့အဖွဲ့အစည်းတွေကျတော့ ဒေါ်စုနဲ့အဖွဲ့ချုပ်ပါတီသာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုပဲ ဦးထိပ်ပန်ဆင်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တချို့က စွပ်စွဲတိုက်ခိုက်ပါတယ်။ သစ္စာဖောက်တယ်လို့ စွပ်စွဲတိုက်ခိုက်ပါတယ်။ အန်ကယ်တို့ အသက် ၁၇ နှစ်သားအရွယ် စစ်တက္ကသိုလ် စတက်ခဲ့ရပါတယ်။ အဲဒီအခါမှာနေ့စဉ် သစ္စာ ၄ ချက်ဆိုရပါတယ်။ အဲဒီသစ္စာ ၄ ချက်ထဲက ပထမ နဲ့အဓိကအချက်က ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သစ္စာကိုစောင့်သိ ရိုသေပါမည်တဲ့။ ဆိုတော့ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သစ္စာကို စောင့်သိရိုသေတာသည် အကြီးမြတ်ဆုံးသော သစ္စာစောင့်မှုဖြစ်ပါတယ်။ ပုဂ္ဂိုလ်တဦး တယောက်၊ အဖွဲ့စည်းတခုရဲ့ သစ္စာကိုစောင့်သိတာ မဟုတ်ပါဘူး။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သစ္စာကိုစောင့်သိတဲ့အနေနဲ့ပဲ ဘယ်သူတွေဘယ်လို စွပ်စွဲစွပ်စွဲ၊ တိုက်ခိုက်တိုက်ခိုက်တာတွေကို ခွန်းတုံ့ပြန်မှာလည်းမဟုတ်ပါဘူး။ ဂရုစိုက်နေမှာလည်း မဟုတ်ပါဘူး။ ခုဏနိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် ကျရာအခန်းကဏ္ဍကနေ အင်တိုက်အားတိုက်ပေါ့၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
ကောင်းပါပြီကွယ်၊ ကျေးဇူးတင်ပါတယ်။
အသံဖိုင်အပြည့်အစုံ