ထိုင်းနိုင်ငံတွင် အမေရိကန်လူငယ်တဦး ငါးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ၊ မောင်ခရိုင်တွင်းမှာ အမေရိကန်နိုင်ငံသားတဦးဟာ အဆောက်အဦတခုရဲ့ ငါးထပ်မြောက်ကနေ ဒီကနေ့မနက်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သတင်းပေးမှုအရ အဲဒီအမျိုးသား သေဆုံးတဲ့နေရာကို ရောက်ရှိခဲ့ချိန်မှာ ဒေသစံတော်ချိန် မနက် ၇ နာရီရှိနေပြီဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ ၃ နာရီလောက်က သေဆုံးခဲ့တာလို့ ရဲတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ နက်ဖ်တာလီ ပီရက်ဇ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ အသက် ၂၇ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ဥဒုံဌာနီ ရာဂျာဘက်တက္ကသိုလ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ဥဒုံအဆောက်အဦမှာ တဦးတည်းနေထိုင်တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့တည်းက ခရီးသွားတဦးအဖြစ် ရောက်ရှိနေခဲ့တာဖြစ်ပြီး အခန်းထဲမှာပဲ နေထိုင်လေ့ရှိကာ ထိုင်းအမျိုးသမီးတဦးနဲ့ တပူးတွဲတွဲ တွေ့ရလေ့ရှိတယ်လို့ အဆောက်အဦ တာဝန်ကျဝန်ထမ်းတွေက ပြောပါတယ်။ သူနေထိုင်ရာ အခန်းနံပါတ် ၅၀၄ ကို ရဲတွေက ၀င်ရောက်ရှာဖွေချိန်မှာတော့ အရက်ပုလင်းတွေ၊ ရေပုလင်းတွေနဲ့ သူ့ရဲ့ပါ့စ်ပို့တ်ကို တွေ့ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေကတော့ သူဟာ တဦးတည်း အရက်တွေ အလွန်အကျွံသောက်ကာ မူးပြီး အရှိန်မထိန်းနိုင်ဘဲ ၀ရံတာက ပြုတ်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ဒါပေမယ့် သူဟာ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ်၊ အသတ်ခံရတာ ဟုတ်မဟုတ်ကို စုံစမ်းဖော်ထုတ်သွားမှာဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up