DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီမြစ်အတွက် ပန်ကြားလွှာထုတ်ပြန်
DVB
·
August 11, 2011
ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီမြစ်အတွက် ပန်ကြားလွှာထုတ်ပြန်
Donate to DVB

မြန်မာပြည်ရဲ့ အဓိက အသက်သွေးကြောမြစ်တခုဖြစ်တဲ့ ဧရာဝတီမြစ် ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အပေါ်​ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနဲ့ တရုတ်အစိုးရတွေ အပါအ၀င် ပညာရှင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ မြန်မာပြည်သူတွေ ပူးပေါင်းဆောင်ရွက် ဖြေရှင်းကြဖို့ ပန်ကြားလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ​ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ဆိုတဲ့ အမည်နဲ့ ပန်ကြားလွှာတစောင်ကို ဒီကနေ့ ရက်စွဲနဲ့​ ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံအစိုးရနဲ့အတူ တရုတ်အစိုးရ​ အပါအ၀င် နိုင်ငံကာ​ အသိုင်းအ၀ိုင်းနဲ့ ပညာရှင်တွေကို ပေးပို့လိုက်တာပါ။

ဒီလို ပေးပို့ပန်ကြားလာတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“ဒီနေ့စပြီးတော့ အားလုံးကို ဖြန့်လိုက်ပါပြီ။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား သံတမန်များအားလုံး၊ ကုလသမဂ္ဂအဖွဲ့အစည်းများအားလုံး၊ နောက် ပြည်တွင်းမှာရှိတဲ့ ပြည်တွင်းပြည်ပ ဂျာနယ်တွေ၊ မီဒီယာတွေအားလုံးကို ကျနော်တို့ ဖြန့်ဝေပြီးပါပြီ။ ပြည်သူလူထုကိုလည်း ဧရာဝတီကို ချစ်မြတ်နိုးတဲ့လူ အားလုံးပေါ့ဗျာ။ ပြည်သူ တရပ်လုံးကိုတော့ ကျနော်တို့ ရည်ညွှန်းပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။ အာလုံး လက်တွေ့ကျကျ ရည်မှန်းချက် အောင်မြင်ဖို့ အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ရှေ့ဆက်ပြီး ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ စီအီးစီ အစည်းအဝေးတို့ ဘာတို့မှာ မပြောသေးပါဘူးခင်ဗျ။ ကျနော့်အထင်တော့ ဒါ လိုအပ်သလို ပြောမယ်လို့ ထင်ပါတယ်။ အခုထိတော့ ကျနော်တို့ အထူး မပြောသေးပါဘူး။ အခုမှ ပန်ကြားလွှာကလည်း ဒီနေ့မှ ထွက်တာကိုး။ အဲဒီမှာ မဟာမြစ်ကြီး ဧရာဝတီ တည်တံ့ခိုင်မြဲရေး အတွက်ပေါ့ဗျာ ထိန်းသိမ်းဖို့ကိစ္စတွေ ရည်ရွယ်ပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ တကယ့် အလေးနက်ဆုံး ပန်ကြားချက်ပါပဲ။ သေချာလေ့လာပြီးတော့ ထုတ်ပြန်ထားတဲ့ ပန်ကြားချက် ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်တဲ့  အင်္ဂလိပ်-မြန်မာ နှစ်ဘာသာပါ ဒီပန်ကြားလွှာထဲမှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဂေဟစနစ် ပြောင်းလဲမှုတွေကို ရာဝတီမြစ်အား အမှီပြုနေရတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီအပေါ် အစိုးရ အပါအ၀င် ပညာရှင်တွေ၊ နိုင်ငံတကာအသိုင်း အ၀ိုင်းတွေနဲ့ မြန်မာနိုင်ငံသားတွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ ကချင်ပြည်နယ်အတွင်း အကောင်အထည် ဖော်နေတဲ့  ဧရာဝတီမြစ်ဖျားပိုင်း ရေအားလျှပ်စစ်စီမံကိန်း ၈ ခု​ ဖြစ်တဲ့ “ဆည်ရှစ်ဆည်” ဒါမှမဟုတ် “မြစ်ဆုံ” စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံပြည်သူတွေရဲ့ ရိုးရာဘ၀ အသက်မွေးဝမ်းကြောင်းမှုတွေ မပျက်စီးရအောင် ပြန်လည်သုံးသပ်ပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှောင်ရှားနိုင်ဖို့အတွက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူတွေ အားလုံးရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်နိုင်မယ့် အဖြေတွေကို ရှာဖွေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အလားတူ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ တရုတ်အစိုးရတို့​ အနေနဲ့လည်း နှစ်နိုင်ငံအကျိုးကို မျှော်ကိုးပြီး တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်တွေကို အန္တရာယ် ဖြစ်စေမယ့် နောက်ဆက်တွဲ​ ပြဿနာတွေကို ရှောင်ရှားလိုကြမယ်လို့လည်း ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလွှာ​ အတွင်းမှာ ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်​​ အနေနဲ့ ဒီပန်ကြားလွှာ​ ထုတ်ပြန်ရတဲ့ အဓိက​ အကြောင်း အရင်းတွေကိုလည်း ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဧရာဝတီကို ကယ်တင်ကြပါစို့ ဆိုတဲ့ နောက်ဆုံးအပိုဒ်ဟာ ထင်ထင်ရှားရှား ဖော်ပြထားတာပါပဲ။ အဲဒီမှာ ဘယ်လို ဖော်ပြထားသလဲဆိုရင် ဧရာဝတီရဲ့ ဂေဟစနစ်ကို ပြောင်းလဲစေပါက ထိုမြစ်ကြီးနဲ့ ဆက်စပ်နေသော မြန်မာနိုင်ငံ မြောက်စွန်းနေ တိုင်းရင်းသားလူမျိုးများမှ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဆန်စပါး စိုက်ပျိုးနေကြသော သူများအထိ လူ့အဖွဲ့အစည်းများတွင် ပါဝင်သူများအားလုံးကို ထိခိုက်မည် ဖြစ်ပါသည်။ ဧရာဝတီမြစ်ကို ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့ နိုင်ငံ၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းသာမက ကျွန်ုပ်တို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို စောင့်ရှောက်ခြင်းလည်း မည်ပါသည်။ အရေးအကြီးဆုံး အကျိုးဆက်မှာ ထိန်းသိမ်းခြင်းလုပ်ငန်းတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပါက ပိုမိုနားလည်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းမှု တို့ကိုပါ ရရှိစေနိုင်ပါသည်။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအများပြားကပင် ဧရာဝတီနဲ့ ပတ်သက်၍ တန်ဖိုးရှိသော သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် မြစ်ကြီးကို ထိန်းသိမ်းရန် လက်တွေ့ကျသော  အကြံဥာဏ်များနှင့် သတင်းအချက်အလက်များ အများအပြား ရှိနေသည်မှာလည်း သေချာပါသည်။ အခု ရှိပြီးသားဖြစ်သော သစ်တောနှင့် မြစ်ကြောင်းများ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေများကို လိုက်နာရုံဖြင့်ပင် တိုးတက်မှု  အများအပြား ရရှိနိုင်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေးတရားနှင့် သဟဇာတ ဖြစ်ခြင်းကို ချစ်မြတ်နိုးသူ အားလုံးတို့အား အာရှတိုက်ရဲ့ အရေးပါဆုံး မြစ်ကြီးတခုဖြစ်တဲ့ ဧရာဝတီ ခြိမ်းခြောက်နေတဲ့ အန္တရာယ်များအား ကမ္ဘာတဝှမ်းမှ သိရှိနားလည်ကြစေရန် ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်တဲ့ အဲဒီလို ဖော်ပြထားပါတယ်။ ဒါဟာ အဲဒီ ဧရာဝတီအတွက် ပန်ကြားလွှာ  ထုတ်ပြန်ရခြင်းရဲ့ ပင်မ ရည်ရွယ်ချက် ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပန်ကြားလွှာအရင်က ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး အစိုးရက သတင်းစာတွေကနေ တဆင့် ဧရာဝတီမြစ်ဖျားပိုင်း ရေအားလျှပ်စစ်​ စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကို အမှီပြုနေရတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ တရုတ်နဲ့ မြန်မာပညာရှင်တွေ​ ပါဝင်တဲ့ အဖွဲ့ရဲ့ သတိပေးမှုတွေကို အစိုးရက တုံ့ပြန်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စီမံကိန်း တည်ဆောက်မှုတွေကြောင့် ဒေသခံပြည်သူတွေ​ အနေနဲ့လည်း ကျောက်သဲ ထုတ်လုပ်တဲ့ နေရာ၊ အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာ၊ လမ်းတွေဖောက်လုပ်တဲ့​ နေရာတွေ​ အပါအ၀င်  စီမံကိန်းတွေရဲ့  မြို့ပြအင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေပါ ရရှိနေကြပြီလို့လည်း ရေးသားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013