ရန်ကုန်မြစ်ကို ဒိန်းမတ်သောင်တူးသင်္ဘောဖြင့် တူးဖော်နေ
DVB
·
March 20, 2016
ရန်ကုန်မြစ်ကို ဒိန်းမတ်က အဆင့်မြင့်သောင်တူးသင်္ဘောနဲ့ အကြီးစားသောင်တူးဖော်နေတယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးက သတင်းထုတ်ပါတယ်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်း ဌာနမှူးချုပ် ဦးအောင်ကျော်သူက 'ရန်ကုန်မြစ်ဟာ ရေစီးကြမ်းပြီး သဲနုန်းပို့ချမှု အရမ်းများတဲ့ မြစ်တစ်စင်းဖြစ်တယ်၊ ဒီအပေါ်မှာ ရေတိမ်နေရာတွေ ဖြစ်ပေါ်နေတာကြောင့် အမြဲဝင်ထွက် သွားလာနေတဲ့ နိုင်ငံတကာကုန်သေတ္တာတင် သင်္ဘောကြီးတွေ အလွယ်တကူ အန္တရာယ် ကင်းကင်း ဝင်ထွက်နိုင်စေဖို့ အခုလို အကြီးစား သောင်တူးဖော် လုပ်ငန်း ဆောင်ရွက်တာဖြစ်တယ်” လို့ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ရန်ကုန်မြစ်ရဲ့ ရေစူးအနက် ၄မီတာ ရှိနေတာကို ၅ မီတာ အနက်ရှိအောင် ၁၅ ရက်ကြာ အချိန်ယူပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီလိုတူးပြီးသွားရင် သင်္ဘောကြီးများ ပြန်လည်ထွက်ခွာချိန်မှာ ရေစူးရေချိန် စောင့်ရန် မလိုဘဲ ဝင်ထွက်တဲ့အချိန် ပိုပြီး မြန်ဆန်လာမှာ ဖြစ်ပါတယ်။ အကြီးစားသောင်တူးလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် အကုန်ကျခံဆောင်ရွက်နေတာလို့ သိရပါတယ်။