DVB Logo
Home
သုံးသပျခကျြ
တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာဆိုတာ ဘာလဲ
DVB
·
August 11, 2011
တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာဆိုတာ ဘာလဲ
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးထားတယ် ဆိုတဲ့ အိတ်ဖွင့်ပေးစာ တစောင် ဖော်ပြခဲ့ပါတယ်။ ခေါင်းစဉ်ကိုတော့ အမှန်တကယ် ငြိမ်းချမ်းရေးရလိုလျှင် ပြည်ထောင်စုတခုလုံး၏ အကျိုးစီးပွားကို ရှေးရှု၊ စိတ်စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှု အမှန်များဖြင့် ဆောင်ရွက်၊ စစ်ပွဲများ မရှိတော့သော်လည်း ပြည်ထောင်စုကြီး ပြိုကွဲ ချည့်နဲ့သွားမည့် အန္တရာယ်မျိုး ရှောင်ရှား ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။

ဒီကြေညာချက်ကို သတင်းစာတွေမှာ ဖော်ပြလိုက်တဲ့အခါ နိုင်ငံရေး အသိုင်းအ၀ိုင်းထဲမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို ပြည်ပ မီဒီယာ အသိုင်းအ၀ိုင်းကလည်း သတင်းစုံစမ်း မေးမြန်း ဖော်ပြကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ ကြေညာချက်ရဲ့ နောက်ကွယ်က အဖြစ်မှန်ကို သိသူနည်းလှတာ ပါတယ်။ ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါမယ်။

ဒီကြေညာချက်အကြောင်း မပြောခင် ရှေ့ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို အရင် ရှင်းပြဖို့ လိုပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ဦးသိန်းစိန် အစိုးရရှေ့က စစ်အာဏာရှင်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတာမျိုး မလုပ်ဘဲ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လက်ခံရမယ်၊ (၂) လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြင်ဆင် ဖွဲ့စည်းရမယ်၊ (၃) အသက် ၅၀ ကျော် တိုင်းရင်းသား ခေါင်းဆောင်တွေအားလုံး လက်နက်ကိုင်တပ်ဖွဲ့ကနေ နုတ်ထွက်ပြီး ပါတီထောင်ပြီး စစ်အစိုးရက ကျင်းပတဲ့ ရွေးကောက်ပွဲ ၀င်နိုင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ချေမှုန်းခံရနိုင်တယ် ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာ ပြေလည်မှု မရခဲ့ဘဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ ပတ်ဝန်းကျင်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ပေါ်ခဲ့ပါတယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ်ဟာလည်း အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆောင်ရွက်နိုင်တာ မရှိဘဲ စစ်တပ်ကသာ အရင် စစ်အစိုးရ အကောင်အထည် ဖော်ခဲ့တာကို ဆက်လက် ဆောင်ရွက်နေခဲ့ပါတယ်။ ခြုံပြီး ပြောရရင် စစ်မီး မငြိမ်းတဲ့အပြင် ပိုပြီးတောင် တောက်လောင်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကို မကြည့်ရက်တဲ့ ပြည်တွင်းက တရားဝင် နိုင်ငံရေးပါတီတွေကလည်း ငြိမ်းချမ်းရေး ကော်မတီတွေ ဖွဲ့ပြီး ဒီကိစ္စ ဖြေရှင်းဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြေညာချက်တရပ် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ သူ့အနေနဲ့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို တရားဝင် တိုင်းရင်းသားပါတီတွေရဲ့ ကြေညာချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်တွေကို ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက လက်ခံခဲ့ကြသလို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေကလည်း ကြိုဆိုခဲ့ကြပါတယ်။ ဦးသိန်းစိန် အစိုးရကတော့ ဒီကြေညာချက်ကို ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

ဒီလို ပြည်တွင်းက တရားဝင်ပါတီတွေအပြင် အင်အားစုအသီးသီးရဲ့ ငြိမ်းချမ်းရေး လိုလားတောင့်တချက် တောင်းဆိုချက် ကျယ်လောင်လာတဲ့အခါ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အစဉ်တစိုက် ငြင်းဆိုခဲ့တဲ့ အစိုးရအဖွဲ့ဟာလည်း သူတို့ လုပ်ရပ်သည်သာ မှန်ကန်ကြောင်း သက်သေထူဖို့ ကြိုးစားလာပါတယ်။ အဲဒါကတော့ သူတို့ အစိုးရအဖွဲ့ကိုလည်း မသုံး၊ ကြံ့ဖွံ့ပါတီကိုလည်း အသုံးမပြုဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို သုံးပြီး ကြေညာချက်ထုတ်ဖို့ လုပ်တာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တွေဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပမယ့် ဒီလ ၂၂ ရက်နေ့ မတိုင်ခင် လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို ၈ ရက်နေ့အရောက် နေပြည်တော်ကိုလာဖို့ အစည်းအဝေး ခေါ်ပါတယ်။ နေပြည်တော်ရောက်တဲ့အခါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ရေးရာ အဖွဲ့ဝင်တွေထဲက သူပြောတာကို လက်ခံနိုင်မယ့် လူ ၂၀ ကို ရွေးပြီး ခေါ်ပါတယ်။ တိုင်းရင်းသားတွေ အများစုဖြစ်တဲ့ အဲဒီ လူ ၂၀ နဲ့ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန် ကြေညာချက်ကို တန်ပြန် ထုတ်ပြန်တဲ့ အသင့်ရေးထားတဲ့ ယခု သတင်းစာပါ ကြေညာချက်ကို ပြသပါတယ်။

ဒီကြေညာချက်ကို ထုတ်ပြန်ချင်ပါတယ်။ အတင်းအကျပ် မတောင်းဆိုပါဘူး။ သဘောတူရင် လက်မှတ် ရေးထိုးနိုင်ပါတယ်။ သဘောမတူရင်တော့ လက်မှတ် မထိုးဘဲလည်း နေနိုင်ပါတယ်လို့ စည်းရုံးပါတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀ ဟာ ငြိမ်းချမ်းရေး ကိစ္စ ဖြစ်တာရယ်၊ အစိုးရက လုပ်ကိုင် ဆောင်ရွက်တာကို မဆန့်ကျင်ချင်တာရယ်ကြောင့် ကိုယ့်မိခင်ပါတီတွေနဲ့ ဆက်သွယ် ဆွေးနွေးခွင့်တောင် မရတော့ဘဲ လက်မှတ်တွေ ရေးထိုးပေးလိုက်ကြပါတယ်။ အဲ ထူးခြားတာက ကမကထ လုပ်တဲ့ သူရ ဦးရွှေမန်းကတော့ လက်မှတ်ရေးထိုးခြင်း မပြုပါဘူး။

တဖက်မှာတော့ ခုလို လက်မှတ်ရေးထိုးခိုင်းမယ့် ကိစ္စ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ဘက်ကိုတော့ သိပ်ပြီး စိတ်မချပါဘူး။ ဒီအတွက် နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံခဲ့တဲ့ ကချင်ပြည်နယ်က အရင် အန်ဒီအေ တပ်ဖွဲ့ခေါင်းဆောင် ဆခုံတိန့်ယိန်း၊ ကေအန်ယူ/ကေအန်အယ်လ်အေ တပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီး နောက်ပိုင်း ခွဲထွက် သူမူဟဲ အဖွဲ့နဲ့ ပေါင်းခဲ့တဲ့ ဦးမန်းအောင်တင်မြင့်၊ အစိုးရနဲ့ ပေါင်းပြီး အကြီးအကျယ် ကြီးပွားချမ်းသာနေတဲ့ အရင် လက်နက်ကိုင် သူပုန်ဟောင်း ဦးနေ၀င်းထွန်းတို့ (၃) ဦးကိုသာ လက်မှတ်ရေးထိုး ခိုင်းခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂၃) ဦးက လက်မှတ်ရေးထိုးထားတယ် ဆိုတဲ့ အိတ်ဖွင့်ပေးစာ ဆိုတာ ထွက်ပေါ်လာပါတယ်။ ဒီ အိတ်ဖွင့်ပေးစာ မူရင်းမှာ ဒေါ်အောင်ဆန်းစကြည်ရဲ့အိတ်ဖွင့်ပေးစာကို ရည်ရွယ်တယ်ဆိုတာ ဖော်ပြခဲ့ပေမယ့် ပြည်တွင်း သတင်းစာမှာတော့ အဲဒီ အချက်ကို မဖော်ပြခဲ့ပါဘူး။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်မှုကို ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခွင့် အစိုးရကိုယ်တိုင် ပိတ်ပင်ထားတာကြောင့် အဲဒီ အချက်ကို ရည်ညွှန်းလို့ မရနိုင်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အိတ်ဖွင့်ပေးစာတွေမှာ ပြည်တွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းထားပြီး သူရဦးရွှေမန်း ကမကထ လုပ်တဲ့ အစိုးရက ရေးထားပေးတဲ့ အိတ်ဖွင့်ပေးစာမှာတော့ အစိုးရကို ဒို့တာဝန် အရေးသုံးပါး အပေါ်မှာ အခြေခံရပ်တည်ခဲ့တယ်လို့ ချီးကျူးထောက်ခံထားပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ သံသယ လွန်ကဲတာ၊ ဘေးပယောဂပါတာ၊ အစွန်းရောက်တာ၊ ကတိပျက်တာ အကြမ်းဖက်တာတွေကြောင့် ဖြစ်တယ်ဆိုပြီး အပြစ်တင်ထားတာ တွေ့နိုင်ပါတယ်။ အမှန်ဆိုရင်တော့ ဒီ အိတ်ဖွင့်ပေးစာ ဆိုတာဟာ လက်မှတ်ရေးထိုး ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ညှိနှိုင်းတိုင်ပင်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ် မဟုတ်ဘဲ သူရဦးရွှေမန်း ကမကထလုပ် ကြိုတင်ရေးထားပေးတဲ့ အစိုးရကို ထောက်ခံပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆန့်ကျင်တဲ့ ထောင်ချောက် ဆင်ထားတဲ့ အိတ်ဖွင့်ပေးစာသာ ဖြစ်ပါတယ်။ ဒီထောင်ချောက်ကို မမြင်တဲ့အခါ ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားတွေက လက်မှတ်ရေးထိုးထားတဲ့ ကိုယ်စားလှယ်တွေကို အပြစ်မြင်ကြတာကိုလည်း မီဒီယာ ထုတ်လွှင့်ချက်တွေမှာ ကြားသိနေရပါတယ်။

ခြုံပြီးပြောရရင် အခု အိတ်ဖွင့်ပေးစာ ထုတ်ပြန်တဲ့ လုပ်ရပ်ဟာ အဆန်းတကျယ် လုပ်ရပ်တခုတော့ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင် အဆက်ဆက် လုပ်ကိုင်ခဲ့တဲ့ တိုင်းရင်းသား အချင်းချင်း ပြည်သူတွေ အချင်းချင်း အထင်အမြင် လွဲမှားအောင်၊ သံသယတွေပွားအောင် ထောင်ချောက်ဆင် လုပ်ကိုင်ခဲ့တဲ့ ရိုးသားမှု မရှိတဲ့ လုပ်ရပ်တခုသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013