၎ နှစ်ဗီဇာသက်တမ်းပြည့် အလုပ်သမားများဖောင်တင်ရက် ရက်ပေါင်း ၉၀ ထပ်တိုး

ထိုင်းမှာ ၄ နှစ်အလုပ်လုပ်ပြီး ဆက်လက်နေထိုင်လုပ်ကိုင်ဖို့ သက်တမ်းတိုးမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  မတ် ၁၈ ရက် နောက်ဆုံးထား ဖောင်တင်ရမယ်လို့ ကြေညာထားရာမှ ဇွန်လ ၂၉ ရက်ထိ ရက်ပေါင်း ၉၀ တိုးပေးလိုက်ပါတယ်။ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲရေးဌာနက အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၄ နှစ်ဗီဇာပြည့် အလုပ်သမားဦးရေ သိန်းနဲ့ချီရှိတဲ့အတွက် နဂိုသတ်မှတ်ချိန် အတိုင်း ပြီးစီးအောင်သက်တမ်း တိုးနိုင်မှာမဟုတ်လို့ နောက်ထပ် ရက်တိုးပေးလိုက်တာ ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “၂၀၀၉ ဇူလိုင်လကတည်းက ယာယီနိုင်ငံကူးလက်မှတ်နဲ့ သက်တမ်းတိုလာတဲ့ အလုပ်သမားတွေဟာ ၁ ဒသမ ၇ သန်းရှိတယ်၊ လအလိုက်  နေထိုင်ခွင့်သက်တမ်း ကုန်မယ့် အလုပ်သမားတွေက တနေ့တခြား ပိုပိုများလာတော့ သူတို့သတ်မှတ်ထားတဲ့အချိန်မှာ ပြီးအောင်လုပ်ဖို့ မလွယ်ဘူးလေ၊ အခုဖောင်တင်ထားတဲ့ အလုပ်သမားတွေက ၁ သိန်းကျော်ပဲ ရှိသေးတယ်။  တယောက်နဲ့တယောက် လက်မှတ်လုပ်ချိန်လည်းမတူတော့ နောက်လာမယ့် လူတွေလည်း အများကြီးရှိသေးတယ်။ အခုလို တိုးပေးတော့ ကောင်းတာပေါ့။” သက်တမ်းတိုးဖို့ ဖောင်တင်ထားတဲ့ အလုပ်သမားတွေဟာ လာမယ့် ဇွန်လ ၂၉ ရက်နေ့ အထိကာလအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်နဲ့ ရနောင်းမြို့မှာ ဖွင့်ထားတဲ့ စခန်းတွေမှာ သွားရောက်မှတ်ပုံတင်ရမယ်လို့ သူကဆက်ပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတဦးဟာ ထိုင်းနိုင်ငံမှာ ၈ နှစ်ထိ အလုပ်လုပ်ခွင့်ရှိပြီး ၂ နှစ်တကြိမ် သက်တမ်းတိုးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၆ နှစ်ဗီဇာပြည့်အလုပ်သမားတွေအနေနဲ့လည်း လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ထိုင်းအစိုးရက ကြေညာထားတဲ့အတိုင်း သက်တမ်းတိုးဖို့၊ သက်တမ်းမကုန်သေးရင်လည်း ကုန်ဖို့ ၂ လလောက်အလိုကတည်းက လိုအပ်တဲ့ အချက်အလက်စာရွက်စာတမ်းတွေ ပြင်ဆင်ထားသင့် ကြောင်းလည်း ဦးအောင်ကျော်က ဆက်ပြောပါတယ်။ အလုပ်သမားတွေ ဗီဇာသက်တမ်းတိုးတဲ့အခါ နယ်စပ်စခန်းထိ သွားစရာမလိုဘဲ မိမိနေထိုင်ရာ ခရိုင်တွင်းမှာပဲ သက်တမ်းတိုးဖို့ ထိုင်းအစိုးရက မူအားဖြင့် ထုတ်ပြန်ထားပေမယ့် လက်တွေ့ဆောင်ရွက်ဖို့အတွက်တော့ ညွှန်ကြားချက်ထွက်လာတာ မတွေ့သေးဘူးလို့ ဆိုပါတယ်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်မယ့် ပန်းရောင်ကတ် ကိုင်ဆောင်သူ အလုပ်သမားနဲ့ မှီခိုသူ မိသားစုတွေလည်း လာမယ့်ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း သက်ဆိုင်ရာ ၀မ်းစတော့ပ်ဆားဗစ်စင်တာမှာ သွားပြီးသက်တမ်းတိုးဖို့၊ သက်တမ်းတိုးပြီးရင် နောက်ထပ် ၂ နှစ် အလုပ်လုပ်ခွင့်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။ ရွှေ့ပြောင်းအလုပ်သမားနေထိုင်ခွင့် သက်တမ်းတိုးရေး၊ ၆ နှစ်ဗီဇာပြည့် အလုပ်သမားတို့ရဲ့ အနာဂတ်၊ အမ်အိုယူ (၂ နိုင်ငံသဘောတူစာချုပ်) နဲ့ ရောက်ရှိလာတဲ့ အလုပ်သမားများကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့အနေနဲ့ လာမယ့် မတ်လ ၂၀ ရက်နေ့ ကျရင် စမွတ်စခွန်မြို့ နားဒီရပ်ကွက် ၀ပ်ထိပ်ဖနွန်းရတ် ဘုန်းကြီးကျောင်းမှာ တွေ့ဆုံဆွေးနွေးပွဲတခု ကျင်းပဖို့ ရှိနေပါတယ်။ ဆွေးနွေးပွဲမှာ ခရိုင်အလုပ်သမားရှာဖွေရေးဌာနက တာဝန်ရှိသူတွေ၊ အလုပ်သမားအရေး ကျွမ်းကျင်သူတွေပါ လာရောက်ရှင်းလင်းပြောကြားပေးဖို့ရှိပြီး ရွှေ့ပြောင်းအလုပ်သမားပေါင်း ၅၀၀ ကျော် လာဖို့ ဖိတ်ထားတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကအလုပ်သမားပေါင်း ၃ သန်းကျော်  ၀င်ရောက်လုပ်ကိုင်နေတယ်လို့  မြန်မာအလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

More News
Up