DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
အလုပ်သမားတွေရဲ့ ရသင့်တဲ့ အခွင့်အရေး ပေးစေလို
DVB
·
August 11, 2011
အလုပ်သမားတွေရဲ့ ရသင့်တဲ့ အခွင့်အရေး ပေးစေလို
Donate to DVB

ကျနော် တာဝန်ထမ်းဆောင်ရင်း ဒုက္ခတွေ တလှေကြီး ရနေတဲ့ စက်ရုံကတော့ သန်လျင်မြို့ ဖန်ချက်စက်ရုံနားက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် သွပ်ပြားစက်ရုံပဲ ဖြစ်ပါတယ်။ တသီးပုဂ္ဂလ ခံစားချက်အတွက် မဟုတ်ဘဲ အလုပ်သမားထုအတွက် ဒီစာကို ရေးရတာပါ။

ကျနော်တို့ စက်ရုံဟာ တရက် ၂၄ နာရီ တာဝန်ပါ။ အဆိုင်း သုံးဆိုင်း ခွဲပြီး တဆိုင်းကို ၁၂ နာရီ ဆင်းရပါတယ်။ ခေါင်းဆောင်တွေရဲ့ ခေါင်းရှောင်မှုကြောင့် တရက်ကို အချိန်ပို ၄ နာရီစာ နစ်နာရပါတယ်။ အလုပ်နဲ့ ပက်သတ်ပြီး ဘာအခွင့်အရေးမှ မရကြပါဘူး။ ဆိုးတာက စက်ရုံမှာ နေ့စဉ်နဲ့အမျှ သောက်ဖို့ရေ ပုံမှန်မရှိ၊ တခါတလေ ၂ ပတ်လောက်ကို သောက်ဖို့ရေ မရှိပါဘူး။

စက်ရုံမှာ အန္တရာယ် ရှိတဲ့နေရာတွေ၊ ပစ္စည်းတွေ အများကြီးပါ။ အန္တရာယ် ကာကွယ်ပစ္စည်းတွေလည်း ပြည့်ပြည့်စုံစုံ ထုတ်မပေးပါဘူး။ စက်ရုံဟာ အခုမှ စတင် လည်ပတ်နေတာမို့ အလုပ်သမားတွေက တက်ညီလက်ညီ လုပ်ကြပါတယ်။
ဒါပေမယ့် ထိခိုက်ဒဏ်ရာ ရလာရင် ဆေးဝါးပစ္စည်းတွေလည်း ပြည့်ပြည့်စုံစုံ မရှိပါဘူး။ တာဝန်ယူဖို့ နေနေသာသာ ကရုဏာ မသက်တဲ့အပြင် အပြစ်ရှာဖို့ အပြစ်ပြောဖို့ပဲ လုပ်ဆောင်ကြပါတယ်။ အဆိုးဆုံးကတော့ စက်ရုံအကြောင်းလည်း ဘာတခုမှ နားမလည်တဲ့ မန်နေဂျာ ပါပဲ။ တခုခုဖြစ်လာရင် ခေါင်းရှောင်ဖို့၊ သူတပါးကို အပြစ်ရှာဖို့ပဲ သိတတ်ပါတယ်။ နှာခေါင်းစည်း ပေးမထားတဲ့အတွက် နေ့စဉ်နဲ့အမျှ ကျနော်တို့ ဓာတုအငွေ့တွေကို ရှူရှိုက်နေရပါတယ်။ စက်ရုံတွင်း ပြတင်းပေါက်တွေကိုလည်း ပိတ်ခိုင်းထားတယ်။ အလုပ်သမားတွေအတွက် ဘာမှ မစဉ်းစားပေးပါဘူး။ သူ ကျနော်တို့ကိုပြောတဲ့ စကားတခွန်းရှိတယ်။ လူကြီးလုပ်ရင် "အပြစ်ရှာတတ်ရတယ်"တဲ့။ အလုပ်သမားတွေကိုလည်း အပြစ်ရှာပြီး စက်ရုံမှူးဆီ အရေးယူပေးဖို့ ခဏခဏ အစီရင်ခံစာတင်ပါတယ်။ တော်တော့်ကို စိတ်ဓာတ် ညံ့ဖျင်းတဲ့သူပါ။

နောက်တယောက်ကတော့ အလုပ်ရုံခွဲမှူးပါ။ သူကလည်း အလုပ်သမားတွေရဲ့ မြို့မေတ္တာခံယူထားတဲ့သူပါ။ ဆူပူဖို့ ကြိမ်းမောင်းဖို့အပြင် တခြားအလုပ် မလုပ်တတ်ပါဘူး။ အချုပ်ပြောရရင် အလုပ်သမားခေါင်းဆောင်တွေ အားလုံး အပြစ်ရှာဖို့နဲ့ ခေါင်းရှောင်ဖို့ ကိုယ့်အိတ်ထဲထည့်ဖို့ လုပ်ကြပါတယ်။ စက်ရုံမှာပစ္စည်းစာရင်းတွေက အတုအယောင်တွေပါ။ သူတို့ပဲ လစ်ရင်လစ်သလို ခိုးထုတ်နေကြတာပါ။ ဒါကို စက်ရုံမှူးလည်း သိချင်မှ သိမှာပါ။ အထက်ဖား အောက်ဖိလောက်ပဲ လုပ်နေကြပါတယ်။ စက်တွေကို ထိန်းသိမ်းမှု မလုပ်ဘဲ လည်ပတ်နေတာ အတော်ကြာပါပြီ။ ထုတ်ကုန် အရည်အသွေးကတော့ ညံ့ပြီးရင်း ညံ့လာပါပြီ။ နောက်ပြီး ပေးထားတဲ့ ရာထူးနဲ့ လခတွေလည်း မရှင်းလင်းပါဘူး။ အခြေအနေ အရပ်ရပ်မှာ အားနည်းမှုတွေချည်းပါပဲ။ ကျနော်ကိုယ်တိုင်ကလဲ လူတတ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်  မသိတဲ့လူက မတတ်တဲ့လူကို ခိုင်းနေသလို တကယ်တော်တဲ့ သူတွေကျတော့ ဘေးရောက်နေတယ်။ ခေါင်းဆောင်တွေက လက်အောက်ငယ်သားတွေကို တက်နင်းနေကြတယ်။ ၀န်ထမ်းတွေရဲ့ ဆန္ဒကတော့ အလုပ်ကောင်းကောင်း လုပ်ရရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးလေးတွေ ရချင်ကြပါတယ်။ လူလူချင်း စာနာထောက်ထားတတ်တဲ့ ခေါင်းဆောင်တွေလည်း လိုချင်ကြပါတယ်။

အလုပ်သမားတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013