Home
မေးမြန်းခန်း
ကိုယ့်ကိုယ်ကိုယ် ငါလယ်သမားကွဆိုတဲ့ ဂုဏ်ယူနိုင်တဲ့ ဘ၀မျိုးကို ရောက်စေချင်ပါတယ် - ဦးဘမျိုးသိန်း
ကျော်သက်မင်း
·
March 18, 2016
အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီက တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး၊ လယ်ယာမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ ဘာတွေလုပ်ဆောင်သွားမလဲဆိုတာ ဒီကော်တီရဲ့ ဥက္ကဋ္ဌ ဦးဘမျိုးသိန်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ ကျနော် ပထမဦးဆုံးအနေနဲ့ ဦးဘမျိုးသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီရဲ့ ဖွဲ့စည်းပုံလေးကို အရင်ဆုံး ရှင်းပြပေးပါခင်ဗျ။ "အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအ၀င်ပေါ့ ၁၅ ဦးနဲ့ ဖွဲ့စည်းတယ်ပေါ့။ ၁၅ ဦးနဲ့ ဖွဲ့စည်းတဲ့အခါကျတော့ ဒီ ကျန်တဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးနဲ့အတူ ပြည်နယ်/တိုင်း ၁၄ ခု ရှိပါတယ်ပေါ့။ ပြည်နယ်/တိုင်း ၁၄ ခုထဲက အတတ်နိုင်ဆုံး ပြည်နယ်/တိုင်းတွေ မျှမျှတတ ပါဝင်အောင်ရယ်၊ နောက်တခုက ဒီ တောင်သူလယ်သမားရေးရာကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေရယ်နဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်တယ်ပေါ့။ ကျနော်တို့ အဖွဲ့အစည်းမှာဆိုရင် တောင်သူလယ်သမားရေးရာ ကော်မတီမှာ ဥက္ကဋ္ဌက ဦးဘမျိုးသိန်း ကျနော်ဖြစ်ပြီးတော့ အတွင်းရေးမှူးက ဦးစိုးဝင်း (ခ) ဦးစိုးလင်း ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံးက ဗဟိုတောင်သူလယ်သမားရေးရာ ကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။" ဦးဘမျိုးသိန်းတို့ ဒီကော်မတီမှာ သီးခြားလုပ်ငန်းလေးတွေ ဆောင်ရွက်ဖို့ sub ကော်မတီလေးတွေ ထပ်ဖွဲ့ထားတာ ရှိပါသလားခင်ဗျ။ "ဒီနေ့ဟာ ပထမဆုံးအကြိမ် တောင်သူလယ်သမားရေးရာ ကော်မတီ အစည်းအဝေး လုပ်ပါတယ်။ အစည်းအဝေးလုပ်တဲ့ အခါမှာလည်း Sub ကော်မတီဆိုတာလည်း လုပ်ငန်းအဖွဲ့လေးတွေပေါ့၊ ထပ်ဆင့်လုပ်ငန်း အဖွဲ့လေးတွေဖွဲ့ဖို့ ဆွေးနွေးကြပါတယ်။ အနည်းဆုံး ၃ ခု သို့မဟုတ် ၄ ခုလောက်ဖွဲ့ဖို့ ဆွေးနွေးထားတာတော့ ရှိပါတယ်။ ဖွဲ့တော့ မဖွဲ့ရသေးဘူး၊ ဒုတိယအကြိမ် လာမယ့်အစည်းအဝေးမှာ ပုံမှန်အစည်းအဝေးမှာကျမှ ကျနော်တို့ဖွဲ့ပါမယ်။ ဘယ်သူတွေပါဝင်မလဲ ဆိုတာလည်း သိရပါမယ်။" ဒီကော်မတီရဲ့ တာဝန်တွေထဲမှာပေါ့နော် တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတာ ပါတဲ့အခါကျတော့ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးဆိုတာ ဘယ်လိုအခွင့်အရေးမျိုးတွေ ဖြစ်မယ်လို့ ယူဆပါလဲခင်ဗျ။ "တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးဆိုတာ တောင်သူလယ်သမားတွေအနေနဲ့ လွတ်လပ်စွာပေါ့ စိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲရောင်းချခွင့်ပေါ့၊ လွတ်လပ်စွာ စိုက်ပျိုးနိုင်မှုရှိဖို့၊ လွတ်လပ်စွာ ထုတ်လုပ်နိုင်မှုရှိဖို့၊ ရောင်းချခွင့်ရှိဖို့၊ ကိုယ့်ရဲ့ထွက်ရှိလာတဲ့ သီးနှံနဲ့ပတ်သက်လို့ သိုလှောင်၊ ကြိတ်ခွဲ၊ ရောင်းချ၊ တင်ပို့နိုင်ဖို့ ရှိဖို့ကို ဒါက အဓိကထားတယ်ပေါ့လေ။ နောက်တခုက ဒီစိုက်ပျိုးထွက်ရှိလာတဲ့ သီးနှံတွေအတွက်ကိုလည်းပဲ ကျနော်တို့ လိုအပ်တဲ့ အရင်းအနှီးတွေပေါ့၊ အရင်းအနှီး ချေးငွေတွေ ရရှိနိုင်ဖို့ စိုက်ပျိုးစရိတ်ချေးငွေတွေ ရရှိနိုင်ဖို့လည်း ဒါ အခွင့်အရေးတခုအနေနဲ့ လုပ်ဖို့လိုတယ်။ နောက် သီးနှံတွေ၊ ထွက်ရှိလာတဲ့ ဈေးနှုန်းတွေနဲ့ ပတ်သက်လို့လည်း သီးနှံဈေးနှုန်းလည်း မျှတတဲ့ဈေးနှုန်းတွေဖြစ်အောင် ကျနော်တို့ ဆောင်ရွက်ပေးဖို့လိုတယ်။ နောက် တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ လယ်ယာမြေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့် ပိုင်ဆိုင်မှုပေါ့၊ လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်မှု၊ ရောင်းချမှု၊ လွှဲပြောင်းမှုတွေကလည်းပဲ ဒါ ကျနော်တို့ အခွင့်အရေးထဲမှာ ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ရရှိအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒါ တောင်သူလယ်သမားရေးရာ အခွင့်အရေး ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒါ အရေးအကြီးဆုံး အချက်တွေ ဖြစ်တယ်ပေါ့နော်။" အခု လယ်ယာမြေပိုင်ဆိုင်ခွင့်၊ တောင်သူလယ်သမားတွေ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အခု တည်ဆဲဥပဒေတွေက ပြဋ္ဌာန်းထားတဲ့ ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေက လုံလောက်ပြီလား ခင်ဗျ။ ဒီဟာကို ထပ်ပြီးတော့ ဒီ့ထက်ပိုပြီးတော့ ခိုင်မာတဲ့ ပြဋ္ဌာန်းချက်မျိုးကော လိုအပ်မယ်လို့ ထင်ပါသလား။ "အခုလောလောဆယ် ပြဋ္ဌာန်းထားတာ ၂၀၁၂ ခုနှစ် ဒီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ နည်းဥပဒေ၊ ၂၀၁၂-၂၀၁၃ က ပြဋ္ဌာန်းထားတဲ့ မြေယာဥပဒေ၊ နည်းဥပဒေ၊ ပြီးတော့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေတွေပေါ့၊ ဥပဒေတွေ ထွက်ရှိပေမယ့်လည်း ဒီဥပဒေတွေပေါ်မှာ ပြန်လည်သုံးသပ် စိစစ်ဖို့တော့ လိုပါတယ်။ ဒါဟာ လက်တွေ့ မြေယာပိုင်ဆိုင်မှုအပိုင်းနဲ့ရော မြေယာလုပ်ပိုင်ခွင့် အပိုင်းနဲ့ရော မြေယာအသုံးချမှု အပိုင်းနဲ့ရော ဆောင်ရွက်ဖို့လိုသလို တောင်သူလယ်သမားတွေရဲ့ တကယ် စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာ အကျိုးရှိအောင်ပေါ့နော်၊ တောင်သူလယ်သမားတွေ အကျိုးရှိအောင် ဆောင်ရွက်ပေးဖို့ကို ဥပဒေနဲ့ညီတဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ ဥပဒေလေ့လာချက်မျိုးတွေ၊ စိစစ်မှုမျိုးတွေ၊ သုံးသပ်ချက်မျိုးတွေ လိုပါတယ်၊ တကယ်လိုအပ်ပါတယ်။ ဒါမျိုးတွေ ဆောင်ရွက်သွားဖို့ ဒီကော်မတီမှာလည်း စဉ်းစားထားတယ်၊ ဆွေးနွေးထားတာရှိပါတယ်။ ဒါ ဥပဒေအရ ပြည့်စုံတယ်တော့မဟုတ်ဘူး၊ မပြည့်စုံဘူးလို့ ပြောတာလည်း မဟုတ်ဘူး။ ဒါပေမယ့် လိုအပ်ချက်တွေကျတော့ ခေတ်နဲ့အညီ လိုက်လျောညီထွေတဲ့ ပြောင်းလဲမှုမျိုးတွေ၊ ပြင်ဆင်မှုမျိုးတွေ လိုအပ်တယ်လို့ ထင်ပါတယ်။" ဟုတ်ကဲ့၊ အခု ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာပေါ့နော်၊ ဒီ တောင်သူလယ်သမား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေကို လွှတ်တော်ကို တင်ပြဖို့ဆိုတာ လုပ်ပိုင်ခွင့်တခုအနေနဲ့ ပါတယ်လေ။ အဲ့တော့ အဲ့လိုတွေ့ဆုံမယ့် တောင်သူလယ်သမား အဖွဲ့အစည်းတွေက တရားဝင်အဖွဲ့အစည်းတွေ ဖြစ်ဖို့လိုမလား၊ တရားဝင်မှတ်ပုံတင်ထားဖို့ကော လိုမလားခင်ဗျ။ "ဒီဟာက ကျနော်တို့ဆီမှာတော့ လုပ်ပိုင်ခွင့်အနေနဲ့ တောင်သူလယ်သမားရေးရာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်ရှိတယ်ပေါ့၊ ဆွေးနွေးခွင့်ရှိတယ်။ သူတို့ရဲ့ တင်ပြချက်တွေပေါ့နော်၊ ဆွေးနွေးချက်တွေ၊ အကြံဉာဏ်တွေ၊ တင်ပြချက်တွေ၊ ဆွေးနွေးချက်တွေကို ကျနော်တို့ နားထောင်မယ်၊ ဆွေးနွေးမယ်။ ကိုယ့်ဘက်ကလည်း အကြံဉာဏ် ပြန်ပေးမယ်ပေါ့။ ဒါပေမယ့် ဒီတရားဝင်ဖွဲ့စည်းထားတယ်ဆိုတဲ့ အနေအထားကြီးတော့ ဖော်ပြတော့ မထားသေးဘူး။ ဒါ နောက်ပိုင်းမှာတော့ တောင်သူလယ်သမားရေးရာဆိုင်ရာ အဖွဲ့အစည်းတွေက တရားဥပဒေနဲ့အညီ ဖွဲ့စည်းလုပ်ကိုင်လာလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ ဖွဲ့စည်းလုပ်ကိုင်ဖို့ မှတ်ပုံတင်ထားတာတွေ ရှိမယ်။ တချို့ကတော့ မှတ်ပုံတင်ထားတာ ကျပြီးသား ရှိရင်ရှိမယ်၊ ဒါ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ လယ်သမားရေးနဲ့ ပတ်သက်လို့ ကျနော်တို့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ဥစ္စာ အဖွဲ့အစည်းတွေနဲ့ တင်ပြလာမယ်၊ ဆွေးနွေးလာမယ်ဆိုရင် ကျနော်တို့က လောလောဆယ်တော့ လက်ခံဖို့ပဲရှိပါတယ်။ ဒါ တရားဝင်မှတ်ပုံတင်တယ်၊ မတင်ဘူး ဆိုတာက နောက်ပိုင်းမှာတော့ သူတို့ သေချာလုပ်ရမယ့် ကိစ္စပါ။ အဖွဲ့အစည်းတခု ဖြစ်လာပြီဆိုရင်တော့ ဒါ တရားဝင် မှတ်ပုံတင်ပြီး ဆောင်ရွက်တာဟာ အကောင်းဆုံးပဲ။ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်တာ ပိုပြီးတော့ ဒီဥပဒေပိုင်းအပေါ် ဘောင်ညီတယ်၊ အကျိုးသက်ရောက်မှုလည်း ပိုကောင်းမယ်ပေါ့။ ဒါလည်းပဲ ကျနော်တို့ တောင်သူလယ်သမားရေးရာဆိုင်ရာ အဖွဲ့အစည်းတွေ လိုအပ်တယ်။ မြန်မာနိုင်ငံမှာ တကယ်လိုအပ်တယ်။ လိုအပ်တာနဲ့အညီ ကိုယ်စားပြုဖို့လည်း တကယ်ကိုယ်စားပြုတဲ့ တောင်သူလယ်သမား အဖွဲ့အစည်း ဖြစ်ဖို့လည်းလိုတယ်။ တကယ်ကိုယ်စားပြုတဲ့ လယ်သမား အဖွဲ့အစည်းတွေကလည်း တကယ် တရားဝင် ဆောင်ရွက်ခွင့်ရအောင် ဥပဒေနဲ့အညီ မှတ်ပုံတင်ဖို့လည်း လိုတယ်ပေါ့။" ဆိုလိုတာက လွတ်လပ်တဲ့ တောင်သူလယ်သမား သမဂ္ဂတွေ ပေါ်ပေါက်ရေးကို အားပေးမယ်ဆိုတဲ့ သဘောလား။ "လွတ်လပ်တဲ့ တောင်သူလယ်သမား သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ အရေးကြီးပါတယ်။ ဒါက ကျနော်တို့ ဘယ်နိုင်ငံမှာကြည့်ကြည့် လယ်သမားရေးရာဆိုင်ရာ အဖွဲ့အစည်းတွေ ရှိပါတယ်၊ သမဂ္ဂတွေ ရှိတယ်။ ဘယ်အတွက် ဆောင်ရွက်သလဲ၊ ဘယ်အကျိုးအတွက် ဆောင်ရွက်သလဲ၊ လယ်သမားအကျိုးအတွက် ဆောင်ရွက်တယ်၊ လယ်သမားတွေကိုယ်တိုင် ပါဝင်တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုရင် အကောင်းဆုံးပေါ့။ ဒါ လူအညီပေါ့၊ ဒီလို တောင်သူလယ်မားသမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ တကယ်လည်း အားပေးပါတယ်၊ ပေါ်လည်းပေါ်ထွန်းစေချင်ပါတယ်။ တကယ်လည်း တောင်သူလယ်သမားတွေ အကျိုးရှိစေနိုင်တဲ့၊ လမ်းညွှန်မှုပေးနိုင်တဲ့၊ ဦးဆောင်မှုပေးနိုင်တဲ့ သဘောမျိုးလည်း ဖြစ်စေချင်တယ်ပေါ့၊ အဲဒါမျိုးပါ။" ဒီ အရေးကြီးတဲ့ ကိစ္စတခုဖြစ်တဲ့လေ လယ်သမားတွေရဲ့ သီးနှံတွေကို လက်ဝါးကြီးအုပ် ဈေးနှိမ်ပြီးတော့ ၀ယ်ခံရတာမျိုးတွေ မဖြစ်အောင် ထိန်းချုပ်တဲ့ ဒီဥပဒေ ဒါမှမဟုတ် ပြဋ္ဌာန်းချက်တခုခုများ လိုအပ်မလားခင်ဗျ။ "တောင်သူလယ်သမားတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းရရှိဖို့ဆိုတဲ့ ဥစ္စာကတော့ တကယ်လိုအပ်တဲ့ အချက်တခုဖြစ်တယ်။ ဒီလို အချက်တခုဖြစ်ဖို့အတွက် ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ၊ တချို့ ဥပဒေပြဋ္ဌာန်းချက်တွေမှာ ဖော်ပြထားတာရှိမယ်။ သီးနှံတွေကို ဈေးနှုန်းတခု သတ်မှတ်ပြီးတော့ ၀ယ်ဖို့ ဖော်ပြထားတဲ့ဟာတော့ တွေ့တော့တွေ့မယ်။ ဒါပေမယ့် ဒီဟာက တကယ်ပဲ လိုအပ်ချက်ရှိမရှိ ပြန်ပြီးတော့ စိစစ်ဖို့လိုတယ်ပေါ့။ နောက်တခါ လက်ရှိ သီးနှံပေါက်ဈေးဟာ တောင်သူတွေအတွက် မကိုက်ဘူးဆိုလို့ရှိရင် တောင်သူတွေ ထုတ်လုပ်ထားတဲ့ သီးနှံတွေကို ခေတ္တခဏ သိုလှောင်အပ်နှံမယ်၊ အပ်နှံပြီးတော့ သူတို့အဆင်ပြေတဲ့ အချိန်မှာပေါ့ ပြန်ပြီးတော့ ထုတ်ရောင်းမယ်ဆိုတဲ့ အစီအစဉ်မျိုးပေါ့။ ဒီဟာက အပ်ကုန်စနစ်လို့လည်း ခေါ်တာပေါ့နော်။ ဒီစနစ်မျိုး ဖြစ်ပေါ်ဖို့က လိုအပ်နေတယ်ပေါ့နော်။ တောင်သူလယ်သမားတွေ အနေနဲ့ ထွက်လာသမျှ ကောက်ပဲသီးနှံတွေကို လောလောဆယ် ဈေးကောင်းမရသေးဘူးဆိုရင် သူတို့ ခဏသိုလှောင်ထားမယ်၊ သိုလှောင်ပြီး အပ်နှံထားမယ်။ အဲဒီထဲမှ လောလောဆယ် သုံးဖို့စွဲဖို့ စရိတ်တွေအတွက် တချို့တ၀က် ထုတ်ရောင်းမယ်။ တချို့ကို ချန်ထားမယ်။ သူတို့ တချို့ ချန်ထားတဲ့အထဲကနေမှ သူတို့ ကြိုက်တဲ့ဈေးနှုန်း ရပြီဆိုရင် ရောင်းမယ်ဆိုတဲ့ စနစ်မျိုးပေါ့။ အပ်ကုန်စနစ်လို့ခေါ်ပါတယ်။ အဲ့ဒီစနစ်မျိုးကတော့ လက်ရှိ အကောင်းဆုံး အနေအထားမျိုး တွေ့ရတယ်။ ဒါကို ဆောင်ရွက်ဖို့ဆိုပြီးတော့ တိုက်ထွန်းထားတာလည်း ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းထားတဲ့ သဘောမျိုး သက်ရောက်တာလည်း တွေ့ရပါတယ်။ ဒါကိုလည်းပဲ ဆောင်ရွက်သွားဖို့လိုတယ်။" လယ်သမားတွေရဲ့ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတွေကိုရော၊ ဒီ လယ်ယာမြေ သိမ်းဆည်းခံရတယ်ဆိုတဲ့ ကိစ္စက အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်က နေပြီးတော့ အဓိက ဆောင်ရွက်ထားတဲ့ ကိစ္စလေးကိုး။ အဲ့တော့ ဒီဘက် ဥပဒေပြုမဏ္ဍိုင်ဘက်ကနေပြီးတော့ ဒီကိစ္စကို လယ်သမားတွေရဲ့ အခွင့်အရေး မဆုံးရှုံးအောင်လို့ ဘယ်လိုထိန်းညှိပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ ထင်လဲခင်ဗျ။ "ဒီ လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုအတွက်ကို နစ်နာဆုံးရှုံးမှု မရှိအောင်တော့ အရင် ပထမအကြိမ် ပြည်သူ့လွှတ်တော်တုန်းက လယ်ယာမြေနဲ့ ခြံမြေ အသိမ်းခံရမှုအတွက် ပြည်သူများ နစ်နာမှုမရှိစေရေး ကော်မရှင်ဆိုပြီး ဖွဲ့စည်းလုပ်ဆောင်တယ်။ ဒါပေမယ့် ပြီးဆုံးအောင် လုပ်ဆောင်နိုင်မှု မရှိဘူး။ တချို့ ကျန်ခဲ့သေးတယ်။ ကျန်ခဲ့သေးတဲ့အပေါ်မှာလည်း ဒီလွှတ်တော်မှာလည်းပဲ ဒီ တောင်သူလယ်သမားတွေ နစ်နာဆုံးရှုံးတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးပေါ့ သင့်တင့်မျှတတဲ့ လျော်ကြေးတွေ၊ နစ်နာကြေးတွေ၊ လက်ရှိ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီလျော်ကြေးတွေ၊ နစ်နာကြေးတွေပေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့အတွက် အစီအစဉ်တွေ သူတို့ဥပဒေမှာ ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ ဒါတွေက တကယ်လိုအပ်တဲ့ အချက်တွေဖြစ်တယ်။ လက်တွေ့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်ပါတယ်။ အမှန်တကယ်ပဲ တောင်သူလယ်သမားတွေက တကယ်နစ်နာဆုံးရှုံးနေပါတယ်၊ ပြန်ပြီးတော့ နစ်နာဆုံးရှုံးမှု မရှိအောင် ပထမဆုံး ဒီ နစ်နာဆုံးရှုံးမှု မရှိအောင် တားတဲ့ ညွှန်ကြားချက်လိုဟာမျိုးကို၊ လုပ်ထုံးလုပ်နည်းလို အမိန့်မျိုး ထုတ်ပေးဖို့လိုတယ်။ ထပ်ဆင့်ပြီးတော့ တကယ်လို့ လိုအပ်မယ်ဆိုရင် နောက်နောင် ဒီတောင်သူလယ်သမားတွေကို သိမ်းဆည်းမှုမှာ တရားနဲ့အညီ သိမ်းဆည်းဖို့ ဥပဒေနဲ့အညီ သိမ်းဆည်းတဲ့ အမိန့်မျိုး၊ ဒါမှမဟုတ် ဥပဒေမျိုး ထုတ်ပြန်ကာကွယ်ပေးဖို့ လိုအပ်ရင် လိုအပ်မှာပါ။ လိုအပ်တယ်ဆိုလည်း လိုအပ်သလို ဆက်ဆောင်ရွက်မှုတွေ လုပ်သွားရမှာ ဖြစ်ပါတယ်ပေါ့။" ဒီ တောင်သူလယ်သမားတွေရဲ့ အခြေအနေတွေ၊ သူတို့ရဲ့ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ ရပိုင်ခွင့်တွေ၊ အဲဒါတွေကို အသေးစိတ် သိရှိနိုင်ဖို့က တကယ်တမ်းကျတော့ ဒီကော်မတီကိုယ်တိုင် ကွင်းဆင်းလေ့လာဖို့ လိုအပ်မယ်လို့ ထင်ပါတယ်ခင်ဗျ။ အဲ့ဒီအစီအစဉ်လေးကိုကော ဘယ်တော့လောက် စပြီးတော့ ဆောင်ရွက်နိုင်မယ် ထင်ပါသလဲ။ "ဒါ တကယ်ပဲ လိုအပ်တဲ့ အခြေအနေ ဖြစ်တယ်ပေါ့လေ။ တောင်သူလယ်သမားတွေ ပြည်နယ်/တိုင်း အနှံ့မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စလေးတွေ ပထမတချက်ကတော့ မြေယာကိစ္စနဲ့ ပတ်သက်လို့ ဆုံးရှုံးနစ်နာမှုတွေရှိတယ်၊ တချက်၊ နောက်တခုက စိုက်ပျိုးထုတ်လုပ်မှုအပိုင်းနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေပေါ့၊ လိုအပ်ချက်တွေရှိတယ်၊ နေရာတိုင်းမှာရှိတယ်။ ဥပမာ စိုက်ပျိုးရေရရှိရေး ကိစ္စမျိုးတွေ၊ ဆည်မြောင်းရေရရှိရေး ကိစ္စမျိုးတွေ ဖြစ်တယ်။ နောက် သီးနှံစိုက်ပျိုးစရိတ် ချေးငွေတွေ၊ ချေးငွေတွေ အလုံအလောက်ရရှိဖို့ တခါ သီးနှံစိုက်ပျိုးစရိတ် ချေးငွေတွေကိုမှ ပြန်ပြီးတော့ ဒီစိုက်ပျိုးအချိန်မီ ရရှိနိုင်အောင် ကြိုးပမ်းပေးဖို့၊ စတဲ့ကိစ္စတွေဟာ အများကြီးဖြစ်တယ်ပေါ့လေ။ ခုနက ပြောသလိုပဲ မြေယာဖြေရှင်းပေးဖို့ ပြဿနာတွေရှိတယ်၊ ဖြေရှင်းပေးဖို့လိုတယ်၊ တချက်က တောင်သူလယ်သမားတွေကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တဲ့ ကိစ္စတွေမှာ လိုအပ်ချက်တွေရှိတယ်။ ဥပမာ စိုက်ပျိုးရေရရှိဖို့ကိစ္စ၊ ဆည်မြောင်းတွေမှာ ရေမရရှိနိုင်တဲ့ ကိစ္စတွေမှ အစပေါ့။ ပြီးတော့ စိုက်ပျိုးစရိတ်ချေးငွေပေါ့၊ စိုက်ပျိုးစရိတ်ချေးငွေ အလုံအလောက်ရရှိဖို့၊ စိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီစိုက်ပျိုးချိန်အမီ ရရှိနိုင်ဖို့က အစပေါ့။ ဒီလို ကိစ္စရပ်တွေ တော်တော်များများ ရှိပါတယ်။ မြန်မာပြည်အနှံ့အပြားမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေကို ကွင်းဆင်းလေ့လာဖို့လိုတယ်။ လိုတဲ့အတွက်ကြောင့် ကျနော်တို့ ကွင်းဆင်းလေ့လာပါမယ်။ ဒီဟာကိုစီစဉ်ဖို့ အလားအလာရှိပါတယ်၊ စီစဉ်ဖို့ရှိပါတယ်။" ဦးဘမျိုးသိန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်တယ် ဆိုတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်သူလယ်သမားရေးရာ မူဝါဒအကြောင်းကို နည်းနည်း အကျဉ်းချုပ်လေး ရှင်းပြပေးပါလားခင်ဗျ။ "ကျနော်တို့ တောင်သူလယ်သမားရေးရာ ကော်မတီ ဗဟိုလည်း ဖြစ်တယ်ပေါ့လေ၊ ဗဟိုအဖွဲ့ဝင်တဦးဖြစ်တယ်၊ ကျနော်တို့ ဒီ တောင်သူလယ်သမားရေးရာ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လယ်ယာကဏ္ဍနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ချထားတာတွေ ရှိပါတယ်။ မူဝါဒလုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေကတော့ ကျနော်တို့ တောင်သူလယ်သမားတွေရဲ့ ပထမဆုံးပေါ့နော်၊ တောင်သူလယ်သမားတွေရဲ့ လူနေမှုဘ၀ မြင့်မားလာဖို့ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်တာပေါ့နော်၊ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာဖို့၊ နောက်တခုက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပေါ့နော်၊ ဒါက ဆက်စပ်နေတာ။ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ဒီလိုရည်ရွယ်ထားတဲ့အပြင် ကျနော်တို့ ပြန်ပြီးတော့ တခုပါတာက ဒီ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အတွေးသစ် အမြင်သစ်တွေနဲ့ ဆောင်ရွက်ဖို့၊ အတွေးသစ် အမြင်သစ်တွေနဲ့ ဆောင်ရွက်ဖို့ ဆိုတဲ့ဥစ္စာမှာ နှစ်ပိုင်းပေါ့၊ တပိုင်းကတော့ ကျနော်တို့ တချို့နိုင်ငံကြီးတွေမှာ လယ်ယာလုပ်ကွက် အကြီးကြီးတွေနဲ့ ဆောင်ရွက်တဲ့ဥစ္စာကို တွန်းအားပေး ဆောင်ရွက်စေချင်တယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာတော့ စိုက်ပျိုးထုတ်လုပ်မှုတွေက ပိုပြီးတော့ အားကောင်းတဲ့ အနေအထားမျိုးရှိတယ် တချက်၊ နောက်တချက်က ပြည်ပပို့ကုန်ဖြစ်တဲ့ စပါးသီးနှံအပြင်ပေါ့၊ ကျန်တဲ့ အလားအလာရှိတဲ့ သီးနှံတွေပါ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒီမူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ချထားတာတွေ ရှိပါတယ်။ နောက်ထပ် ထပ်ပြီးတော့ ပြောမယ်ဆိုရင် ကျနော်တို့ မူဝါဒတွေထဲမှာဆိုရင် တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးပေါ့၊ အဲဒီတခုရှိမယ်။ နောက်တခါ နည်းပညာတွေနဲ့ ပတ်သက်လို့ ဘယ်လိုဆောင်ရွက်ပေးမလဲ၊ ဆောင်ရွက်မယ့်ကိစ္စလေးတွေ ရှိပါတယ်။ နောက်တခုက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ တွဲပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စလေးတွေ ရှိပါတယ်။ ဒါမျိုး တောင်သူလယ်သမားရေးရာကော်မတီ ဗဟိုအနေနဲ့ ချမှတ်ထားတာတွေ ရှိပါတယ်။" ဦးဘမျိုးသိန်းက အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌတယောက် အနေနဲ့ပေါ့နော် မြန်မာနိုင်ငံမှာရှိတဲ့ လယ်သမားထုကို ဘယ်လို ကျနော်တို့ ဒီဗွီဘီကနေ ဘယ်လို မက်ဆေ့ခ်ျ (message) များ ပေးချင်ပါသလဲခင်ဗျ။ "တောင်သူလယ်သမားထုသည် ကျနော်တို့မြန်မာနိုင်ငံမှာ အများဆုံးဖြစ်တယ်ပေါ့၊ လူဦးရေအရ ကျေးလက်ဒေသမှာ အများဆုံးနေထိုင်တယ်။ ဒီ တောင်သူလယ်သမားဘ၀တွေ တိုးတက်မြင့်မားလာဖို့ လိုတယ်ပေါ့။ တိုးတက်မြင့်မားလာမယ် ဆိုတာနဲ့အမျှ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အစစအရာရာ တိုးတက်လာမှာ ဖြစ်တယ်ပေါ့။ ဒီ တောင်သူလယ်သမားတွေ အနေနဲ့ ကိုယ်ကိုယ်တိုင်က တောင်သူလယ်သမားဖြစ်တယ်ဆိုတဲ့ဟာကို ကိုယ့်အလုပ်ကို ကိုယ် ဂုဏ်ယူနိုင်ဖို့ပေါ့။ ကိုယ့်အလုပ် ကိုယ်တန်ဖိုးထားတဲ့ တောင်သူလယ်သမားတွေဖြစ်ဖို့၊ ကိုယ့်အလုပ် ကိုယ်လေးစားတဲ့ တောင်သူလယ်သမားတွေ ဖြစ်ပေါ်လာစေချင်တယ်ပေါ့နော်။ ဖြစ်ပေါ်လာဖို့လည်း ကိုယ့်အလုပ် ကိုယ်တန်ဖိုးထားတဲ့ တောင်သူလယ်သမားတွေ၊ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူတဲ့ တောင်သူလယ်သမားတွေ ဖြစ်စေချင်တယ်။ ဖြစ်စေချင်တာက သူတို့ကိုယ်တိုင်လည်း ဖြစ်စေချင်တယ်။ ကျနော်တို့ကလည်း အားလုံး ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒါတွေကို မက်ဆေ့ခ်ျ ပေးချင်ပါတယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ ကိုယ့်လယ်သမား၊ ငါလယ်သမားကွဆိုတဲ့ ဂုဏ်ယူနိုင်တဲ့ ဘ၀မျိုးကို ရောက်စေချင်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024