နိုင်ငံတ၀န်းမှာ စစ်တပ် ဌာနဆိုင်ရာနဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့မြေယာတွေထဲကနေ ပြန်လည်စွန့်လွှတ်မယ့် မြေဧကပေါင်း ၄ သိန်းကျော် (၄၀၃,၇၁၆) ရှိတယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
ဒီအထဲမှာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေထဲမှာ အများဆုံးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်မယ့် မြေဧကပေါင်းကတော့ ၂ သိန်းနီးပါး ၁၈၉၁၅၃ ပါဝင်ပါတယ်။
နိုင်ငံတော်ကနေ ပြန်လည်စွန့်လွှတ်မြေတွေကို သက်ဆိုင်သူတွေထံ မြေပိုင်ဆိုင်မှု အထောက်အထားတွေနဲ့တကွ ခိုင်ခိုင်မာမာလွှဲပြောင်းပေးအပ်နိုင်ဖို့အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ပေးနေတယ်လို့လည်းဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်က မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီထံ ပေးပို့ထားတဲ့ မြေကိစ္စအမှုတွဲ ပေါင်း ၁၇၇၁၈ မှုရှိတယ်လို့ သိရပါတယ်။