Home မြန်မာသတင်း ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်ကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို
ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်ကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို
assk1 မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို တရားစွဲဆိုလိုက်ပါတယ်။
တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ၂၀၀၁ ခုနှစ်မှာ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ နေအိမ်နဲ့ ခြံကို “အမွေဘုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု” နဲ့ ဆွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး မော်နီတာဂျာနယ်ဆောင်းပါးမှာ ဦးအောင်ဆန်းဦးက တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုလိုက်တာပါ။
ဒီလိုတရားစွဲတဲ့နေရာမှာ ဦးအောင်ဆန်းဦးနဲ့အတူ ဖော်ပြသူ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ဝဏ္ဏကျော်ထင် ဦးလှမြင့်ဆွေတို့ကို တရားစွဲဆိုလိုက်တာလဲဖြစ်ပါတယ်။
ဒီလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ တရားဆွဲဆိုခဲ့တာ ဖြစ်ပြီး တရားစွဲရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ရှင်းလင်း ပြောဆိုပါတယ်။
“ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမွေဘုံ စီမံခန့်ခွဲပေးစေလိုမှုဆိုပြီး စွဲဆိုထားတယ်။ စွဲဆိုထားတဲ့အမှုက လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေတွေကို စစ်ဆေးဖို့အဆင့်ရှိသေးတယ်။ အမှုကမပြီးသေးဘူး၊ အဆုံးအဖြတ်တွေ မချမှတ်ရသေးဘူး။ အဲ့ဒီအချိန်မှာ မော်နီတာဂျာနယ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆောင်းပါးတခုရေးခဲ့တယ်။ ဆောင်းပါးမှာ ဦးအောင်ဆန်းဦးက အဓိကငြင်းချက်တွေ (Major Issue) တွေမှာ သူအနိုင်ရပြီးပြီလို့ အင်္ဂလိပ်လိုပေါ့ ရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပစ္စည်းတွေလိုချင်တဲ့သဘောနဲ့ ပြုလုပ်နေတယ်ဆိုပြီး ပြောတယ်။ ဒီအပေါ်မှာ တရားရုံးက အဆုံးအဖြတ်မပြုရသေးတဲ့ ကိစ္စကို ပုဂ္ဂိုလ် တဦးတယောက်တည်းရဲ့ ပြောကြားချက်ကို ဂျာနယ်ကထည့်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆရာဦးကြည်ဝင်းနဲ့ ကျနော်တို့ကို ကိုယ်စားလှယ်စာပေးပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ ပြီးခဲ့တဲ့တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲပါတယ်။”
လက်ရှိခြေအနေမှာတော့ ရန်ကုန်တိုင်းတရားလွှတ်တော်က အမှုကို လက်ခံထားပြီး ထုတ်ပြန်လာမယ့် သတိပေးကြေညာစာကို စောင့်ဆိုင်းနေတယ်လို့လည်း ဦးဥာဏ်ဝင်းက ဆိုပါတယ်။
“ကျနော်တို့လျှောက်ထားတာက ၁၉၂၆ ခုနှစ် တရားရုံးများအား မထီမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ ၂ နဲ့ ၃ ပါ။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီအမှုကို လက်ခံထားပါတယ်။ လာမယ့် ရုံးချိန်းတွေမှာ ဘာလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ တရားလွှတ်တော်ရဲ့ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ သတိပေးကြေညာစာတွေကို စောင့်ကြည့်ရမှာပါ။ ပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားသွားမှာပါ။”
အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ တရားရုံးများအား မထီမဲ့မြင်ပြုမှု ပုဒ်မတွေဟာ လက်ရှိ အသက်ဝင်နေပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားကျင့်ထုံးတွေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတဲ့အပေါ်ကိုလည်း ဦးဥာဏ်ဝင်းက အခုလိုရှင်းလင်းပြောဆိုပါတယ်။
“လုံးဝ အကျုံးဝင်မှုရှိပါတယ်။ လက်ရှိအစိုးရမတက်ခင် ကာလမှာပဲ ကျနော်တို့ ရှေ့နေကြီး ဦးအောင်သိန်းတုန်းကလည်း ဒီပုဒ်မတွေနဲ့ပဲ ပြစ်ဒဏ်ပေးခံခဲ့ရတာပါ။ ဒါက ပြစ်မှုမြောက်တာ မမြောက်တာကို ပြောတာမဟုတ်ပါဘူး ဒီဥပဒေ အသက်ဝင်နေသေးတယ် ဆိုတာကို ကျနော်ပြောတာပါ။”
ဒါ့အပြင် ဒီအမှုမှာ ဦးအောင်ဆန်းဦးရဲ့ အင်တာဗျူးကို ဖော်ပြခဲ့တဲ့ မော်နီတာဂျာနယ်က တာဝန်ရှိသူတွေကို ထည့်သွင်းတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။
“ဦးအောင်ဆန်းဦး အပါအဝင် မော်နီတာဂျာနယ် ထုတ်ဝေသူ ဝဏ္ဏကျော်ထင် ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင် သူတို့ကို ထည့်ဆွဲတယ်။ သူတို့ ၂ ယောက်ကို ဆွဲရတာကလည်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားရုံး မထီမဲ့မြင် ပြုမှုဥပဒေတွေမှာ ဥပဒေလုပ်ထုံး လုပ်နည်း တွေနဲ့ အညီ တရားရုံး စီရင်ချက်တွေမှာ ထုတ်ဝေသူနဲ့ အယ်ဒီတာလည်း တာဝန်ရှိတယ်ဆိုပြီး တသမတ်ထဲ ဆုံးဖြတ်ထားတယ်။ ဒီအပေါ်မှာ အဲဒီသုံးဦးကို တနင်္လာနေ့က တရားစွဲပါတယ်။”
တရားစွဲဆိုခံရတဲ့ထဲမှာ ပါဝင်တဲ့ မော်နီတာဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သလို ဒီဆောင်းပါးကိုရေးသားခဲ့တဲ့ ဆရာဦးမြတ်ခိုင်ကတော့ ဒီအပေါ်ကို အခုလိုပြောပါတယ်။
“ဒါ ဖြေတဲ့သူတွေရဲ့ အာဘော်ပဲလေ။ ကိုယ့်အာဘော်မှ မဟုတ်ဘဲ။ သတင်းရေးတာ မဟုတ်ဘူး။ သတင်းဆိုရင်တော့ သတင်းရေးသူရဲ့ အာဘော်ပဲ။ ဒါက အင်တာဗျူးတဲ့သူက မေးတယ်။ အောင်ဆန်းဦးက ဖြေတယ်။ တခြားဟာတွေ တချို့ဟာတွေက တရားရုံးကျမှပဲ ပြောတော့မယ်။ တချို့ဟာတွေက အစ်မကော၊ ကိုအောင်ဆန်းဦးပါ ဗိုလ်ချုပ်အောင်ဆန်း သားသမီးတွေဖြစ်လို့ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရလို့ ဦးရွှေမန်းတို့က မကြာခဏ ပြောဖူးတာပဲ။ ဥပဒေ အဆုံးအဖြတ်ခံယူရမှာပါ။”
ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး နေအိမ်နဲ့ ခြံဝင်း အမွေပိုင်ဆိုင်လိုမှုနဲ့ စတင်တရားစွဲဆိုမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအမှုမှာတော့ ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဦးအောင်ဆန်းဦး အမှုရှုံးနိမ့်ခဲ့ရပါတယ်။
အဲ့ဒီနောက် ၂၀၀၁ ခုနှစ်မှာတော့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက အမွေဘုံ ပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနဲ့ ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်အကြာ ဒီကနေ့အချိန်အထိ တရားရုံးက မဆုံးဖြတ်သေးတာလည်း ဖြစ်ပါတယ်။
ဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၉ ခုနှစ်မှာ နေအိမ်ပြင်မှုပြုလုပ်ခဲ့စဉ်အချိန်ကလည်း ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် ပြင်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရပါတယ်။
ဆက်စပ်သတင်းများ